နိုင်ငံ့ဝန်ထမ်းများ ဝေးလံခေါင်သီ ဒေသတွင် နှစ်နှစ်မှ သုံးနှစ်အထိ တာဝန်ထမ်းဆောင် ပြီးပါက အပြောင်းအရွှေ့ လျှောက်ထားနိုင်


ဝေးလံခေါင်သီ ဒေသများတွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း များ အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်အထိ တာဝန်ထမ်းဆောင်ပြီးပါ က ပြောင်းရွှေ့ပေးခြင်းကို ဝန်ကြီးဌာနများ အနေဖြင့် ဆောင် ရွက်ပေးလျက်ရှိကြောင်း ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းခတ် မဲဆန္ဒနယ်မှ ဦးစဲကီကော် က နိုင်ငံ့ဝန်ထမ်းများ၏ တာဝန် ထမ်းဆောင်မှုကို ကာလတစ်ပြေးညီ သတ်မှတ်ပေး ရန်နှင့် မိုင်းခတ်မြို့နယ် အပါအဝင် ဒေသအသီးသီးတွင် ဝန်ထမ်းအင်အား ပြန်လည်ဖြည့်တင်း ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှု ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် မူတည်ပြီး တာဝန် ထမ်းဆောင်မှု ကာလကို အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်အထိ သတ်မှတ်၍ ပြောင်းရွှေ့ ဆောင်ရွက် ပေးလျက်ရှိသည်။ ဝန်ကြီးဌာနများ အနေဖြင့်လည်း ဝန်ထမ်းအင်အား ပြည့်မီစွာ ခန့်အပ်ထားနိုင်ရေးကို သတ်မှတ်ချက်များနှင့် အညီ အလေးထားလိုက်နာ ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ရန် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ဝန်ကြီးချုပ်ရုံး၏ ၂၀၀၈ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၂၇ ရက် ရက်စွဲဖြင့် ညွှန်ကြား ထားရှိပြီး ညွှန်ကြားချက်ကို ယခုတိုင် ပယ်ဖျက်ခြင်း မရှိသေးသည့် အတွက် ညွှန်ကြားချက်နှင့်အညီ ဝန်ကြီးဌာနအားလုံး လိုက်နာကျင့် သုံး ဆောင်ရွက်လျက် ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အရ ပညာရေး၊ ကျန်းမာရေး၊ ပြည် ထဲရေးဝန်ကြီး ဌာနများကို ဦးစားပေးပြီး ဖွဲစည်းပုံ အပြည့် ခန့်အပ်ခွင့်ပြု ခဲ့သည်။ အခြားသော ဝန်ကြီးဌာန၊ ဦးစီးဌာနများ အနေဖြင့် ဝန်ထမ်းသစ်များ ခန့်ထားရေးနှင့်‌ စပ်လျဉ်း၍ ခွင့်ပြုအင်အား၏ သုံးပုံနှစ်ပုံသာ ခန့်ထားဆောင် ရွက်ရန် အစိုးရအဖွဲ့ရုံး၏ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် လမ်းညွှန်မှု ပြုထားကြောင်းလည်း ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
နိုင်ငံ့ဝန်ထမ်းများ ဝေးလံခေါင်သီ ဒေသတွင် နှစ်နှစ်မှ သုံးနှစ်အထိ တာဝန်ထမ်းဆောင် ပြီးပါက အပြောင်းအရွှေ့ လျှောက်ထားနိုင် နိုင်ငံ့ဝန်ထမ်းများ ဝေးလံခေါင်သီ ဒေသတွင် နှစ်နှစ်မှ သုံးနှစ်အထိ တာဝန်ထမ်းဆောင် ပြီးပါက အပြောင်းအရွှေ့ လျှောက်ထားနိုင် Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.