ညောင်ရွှေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ဖောက်ထွင်းသူ အမျိုးသားအား ဖမ်းဆီးရမိ


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ရှိ မြန်မာ့စီးပွားဘဏ်ခွဲအား ဂက်စ်အိုးအသုံးပြု၍ ဖောက်ထွင်းရန်ကြိုးပမ်းမှု ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်ရွှေမြို့ ရှိ မြန်မာ့စီးပွားဘဏ်ခွဲ၌ ညစောင့်ဖြစ်သူ အပေါ့သွားပြီး ပြန်အလာ မန်နေဂျာရုံးခန်းဘေးရှိအခန်းတွင် လူစိမ်းတယောက်ကိုတွေ့သဖြင့် သူခိုးဟုအော်ဟစ်ရာမှ ထိုသူမှာ ရတနာမာန်အောင်ဘုရားဘက်သို့ ထွက်ပြေးသွားကြောင်း၊ ယင်းနောက် ဘဏ်မန်နေဂျာက လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ငွေကြေးတစုံတရာပျောက်ဆုံးမှုမရှိသော်လည်း ဘဏ်ပြူတင်းပေါက်များ ပျက်စီးနေကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။


အဆိုပါဖြစ်ရပ်အား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ တောင်ကြီးခရိုင်၊ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် ညောင်ရွှေမြို့မရဲစခန်းမှပူးပေါင်း၍ ဂက်စ်အရောင်းဝယ်ဆိုင်းများအား လိုက်လံစစ်ဆေးရာ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အေးသာယာမြို့ရှိ ဂက်စ်အရောင်းဆိုင်သို့ မသင်္ကာဖွယ်ရာလူတဦး လာရောက်ဝယ်ယူထားကြောင်း စီစီတီဗီမှတ်တမ်းများမှ သိရှိရသည်။ ဆက်လက်စုံစမ်းစစ်ဆေးရာ ၎င်းမှာ ရွှေညောင်မြို့ စဥ့်ဟယ်ရပ်ကွက်နေ ကုမ္ဗဏီအရောင်းစာရေး လင်းပြည့်ဟန် (၂၈ နှစ်) ဆိုသူဖြစ်ကြောင်း၊ ၎င်းထံမှ ဂက်စ်အိုး ၂ လုံး၊ ဂက်ပိုက် ၁ ချောင်း၊ စက္ကူချပ်ကြီး ၄ ချပ်၊ မီးခြစ် ၁ လုံး၊ ဖိနပ် ၁ ရံ၊ နှာခေါင်းပိတ် ၁ ခု၊ ပလာယာ ၃ ချောင်း၊ ၀က်အူလှည့် ၂ ချောင်း၊ ဆောက်ပြား ၁ ချောင်း၊ ဂွစိုက်စုံ ၃ ချောင်း၊ စတီးစါး ၁ ချောင်း၊ ဂက်စ်ပိုက်စ ၄ စ ၊ ပိုက်ထိန်းကလစ် ၃ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းသည် ဘဏ်မန်နေဂျာရုံခန်းဘေးရှိ စာရွက်စာတမ်းများထားရာရုံးခန်း၏ ပြူတင်ပေါက်မှန်အားရိုက်ခွဲပြီး သံပန်းသံတံခါးများအားဖျက်ဆီးကာအတွင်းသို့ ၀င်ရောက်ခဲ့ပြီး စာရွက်စာတမ်းများထားရှိရာ (၁၀) ပေပတ်လည် မီးခံပြားအခန်းအား အဆိုပါပစ္စည်များအသုံးပြု၍ ဖွင့်ရန်ကြိုးပမ်းစဉ် ညစောင့်မှတွေ့ရှိသွားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

၎င်းအား နန္ဒ၀န်ရပ်ကွက်၊ ညောင်ရွှေမြို့နေသူ ဒေါ်စန်းရီကတရားလိုပြုတိုင်တန်းသဖြင့် ညောင်ရွေမြို့မ ရဲစခန်းမှ (ပ) ၈/၁၇ ရာဇသတ်ကြီး ပုဒ်မ ၄၅၇ အရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အောင်(တောင်ကြီး)
News Watch
https://www.facebook.com/NewsWatchJournal/
ညောင်ရွှေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ဖောက်ထွင်းသူ အမျိုးသားအား ဖမ်းဆီးရမိ  ညောင်ရွှေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ဖောက်ထွင်းသူ အမျိုးသားအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.