သာသနာတော်နှင့်ပတ်သက်လျှင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က လိုလေသေးမရှိထောက်ပံ့ပေးရန် ကတိပြုထားကြောင်း သာသနာရေးဝန်ကြီးပြောကြား


သာသနာတော်နှင့်ပတ်သက်လျှင် နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စသည့်နိုင်ငံ့အကြီးအကဲများက လိုလေသေးမရှိ ထောက်ပံ့ပေးရန် ကတိပြုထား ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာကမ္ဘာ အေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပသည့် (၅၈)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားအပြီး မီဒီယာများနှင့်သီးသန့်တွေ့ဆုံရာ၌ ၀န်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီကနေ့နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်စတဲ့ နိုင်ငံ့အကြီးအကဲတွေကလည်း သာသနာတော်နဲ့ပတ်သက်လို့ရှိရင်လိုလေသေးမရှိထောက် ပံ့ပေးနေပါတယ်။ ထောက်ပံ့ပေးမယ်လို့လည်း ကတိပြုထားပါတယ်။ ဒါကြောင့် မို့လို့ ဒီနေ့စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပတဲ့အခါမှာလည်း သာသနာရေးဦးစီးဌာနက သိန်း၁၀၀၀ကျော် လောက်အကုန်အကျခံပြီး ကျင်းပပေးပါ တယ်။ နိုင်ငံတော်အစိုးရရယ်၊ ဒကာဒကာ မတွေရယ်၊ ရဟန်းသံဃာတော်တွေရယ် သုံးပွင့်ဆိုင်ဟန်ချက်ညီမှ သာသနာတော်မြတ်ကြီး နှစ်ပေါင်း၅၀၀၀ မကကြာအောင် တည်တံ့ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်'' ဟု သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

(၅၈)ကြိမ်မြောက်မဟာဘွဲ့နှင်းသဘင် အခမ်းအနားတွင် စာအောင်သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၁၄၇၃ဦး ရှိခဲ့ပြီး ဓမ္မာစရိယ အထူးအောင် သံဃာ ၃ပါး၊ သီလရှင် ၁ပါး၊ ဓမ္မာစရိယ ရိုးရိုး အောင် သံယာ ၁၂၈၆ပါး၊ သီလရှင် ၁၂၁ပါး၊ လူပုဂ္ဂိုလ်ကျား ၁ဦး၊ ပထမပြန် အထူးအောင် သံဃာ ၉ပါး၊ သီလရှင် ၃ပါး၊ ပါဠိဂုဏ်ထူးအောင် သံဃာ ၅ပါး၊ သီလရှင် ၁ပါး၊ မြန်မာဂုဏ်ထူးအောင် သံဃာ ၆ပါး၊ နိကာယ်အထူးအောင် သံယာ ၁၈ပါး၊ သီလရှင် ၄ပါး၊ မဟာဝိဒူအောင်သံယာ ၆ ပါး၊ အဘိ၊ ဂုဏ်၊ ၀ိအထူးအောင်သီလ ရှင် ၁ ပါး၊ လူပုဂ္ဂိုလ်မ ၈ဦးတို့ ဖြစ်သည်။
ဘွဲ့နှင်းသဘင် အခမ်းအနားသို့ နိုင်ငံ တော်သံဃမဟာနာယက (မဟန) ဥက္ကဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အပါအ၀င် မဟန အဖွဲ့ဝင် သံသာတော် ၆ပါး၊ တိုင်းသံဃနာ ယက ၆ပါး၊ ပါမောက္ခချုပ်၊ နာယကချုပ် ၂ပါး၊ တိပိဋကကောဝိဒ ၁၀ပါး၊ ပထမပြန် ဓမ္မာစရိယ (ပြန် + မာ) အထူးအောင်ဆရာ ၁၃ပါး၊နိကာယ်အထူး ဆရာ ၁၆ပါး၊ ပြန် +မာ ဗဟို ၃၂ပါး၊ နိကာယ်ဗဟို ၁၄ပါး၊ အဘိဓမ္မာဗဟို ၈ပါး၊ စုစုပေါင်း ပင့်သံဃာ ၁၀၇ပါးတို့ ကြွရောက်ခဲ့ကြကြောင်း သိရသည်။

အစိုးရဌာနဆိုင်ရာများမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းထင်
News Watch
https://www.facebook.com/NewsWatchJournal/
သာသနာတော်နှင့်ပတ်သက်လျှင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က လိုလေသေးမရှိထောက်ပံ့ပေးရန် ကတိပြုထားကြောင်း သာသနာရေးဝန်ကြီးပြောကြား သာသနာတော်နှင့်ပတ်သက်လျှင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က လိုလေသေးမရှိထောက်ပံ့ပေးရန် ကတိပြုထားကြောင်း သာသနာရေးဝန်ကြီးပြောကြား Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.