စစ်တွေ၊ ဖေဖော်ဝါရီ ၁၃
မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ဦးဆောင်ပါဝင်သည့်ဘင်္ဂါလီတစ်ဦးအား စစ်တွေခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဝင်းနောင်က နိရဉ္စရာသို့ အတည်ပြုပြောသည်။
"ပြီးခဲ့တဲ့ သောကြာနေ့ (ဖေဖော်ဝါရီ ၁ဝ ရက်)က ချလိုက်တာပါ။ လူသတ်မှုနဲ့ ချလိုက်တာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ စစ်တွေ မြို့မ စခန်းမှူးကို မေးပါ"ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးဝင်းနောင်က ပြောသည်။
စစ်တွေမြို့နယ် စခန်းမှူးသို့ နိရဉ္စရာက ဆက်သွယ် မေးမြန်းရာ သေဒဏ်ချမှတ်ခံရသူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာမှ အသက် (၂၃)နှစ်အရွယ် မာမက်နူ(ခ) အူလာဖြစ်ကြောင်း၊ သူသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့် စခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ပြီး သူကိုယ်တိုင် လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း၊ သို့အတွက် သူ့အား စစ်တွေမြို့နယ် ခရိုင်တရားရုံးက လူသတ်မှုဖြင့် သေဒဏ် ချမှတ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှုအပြီး သူ့အား ဖမ်းဆီးရမိပြီးနောက် နယ်ခြားစောင့်ရဲက လူသတ်မှု၊ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးမှုနှင့် မတရားအသင်းတို့နှင့်ဆက်သွယ်မှုပုဒ်မတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“သူ့ကို လူသတ်မှု ပုဒ် ၃၀၂ (၁) (ဂ) သေဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ထပ်စွဲဆိုထားတဲ့ အမှုတွေလည်းရှိပါတယ်။ လက်နက်မှု၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့လည်း ဆက်လက် တရား စွဲဆိုထားပါတယ် ’’ ဟု သူက ဆိုသည်။
မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တွေတရားရုံးတွင် တရားစွဲဆိုထားသည့် ဘင်္ဂါလီ နောက်ထပ် ၁၃ ဦးရှိနေသေးပြီး အမှုကို ဆက်လက်စစ်ဆေးနေတုန်းဟု သိရသည်။
မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
နယ်ခြားစောင့်ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သူ ဘင်္ဂါလီတစ်ဦးကို သေဒဏ်ချမှတ်
Reviewed by THITHTOOLWIN
on
18:10
Rating:
