ကျောက်ဖြူနယ် မင်းပြင် - ချောင်းဖျား ရွာချင်းဆက်လမ်းဗဟိုမှ ခြံစည်းရိုးထိုးခြင်းအပေါ် အာဏာပိုင်များ ဖြေရှင်းမပေး၍ သွားလာရေးခက်ခဲ


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅

ကျောက်ဖြူမြို့နယ်၊ မင်းပြင် - ချောင်းဖျား ကျေးရွာချင်းဆက်လမ်းကို မင်းပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူက လမ်းမြေကို ပိုင်ဆိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် လမ်းအလယ်ဗဟိုကို ခြံစည်းရိုး ထိုးထားသော်လည်း သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူများက တာဝန်ယူ ဖြေရှင်းခြင်း မရှိသောကြောင့် ဒေသခံ ပြည်သူများ သွားလာရေး အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူ- ရန်ကုန်ကားလမ်းမဘေးတွင်ရှိသော မင်းပြင်ကျေးရွာမှ သိုင်းချောင်းကျေးရွာအုပ်စု၊ ချောင်းဖျား ကျေးရွာသို့ ၂ မိုင် ၂ ဖာလုံရှည်လျားပြီး ရွာသားများဖောက်လုပ်ထားသော မြေသားလမ်းကို အလယ် ဗဟိုမှ နေ၍ မင်းပြင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၏ အစ်မဖြစ်သူ ဒေါ်ခင်သန်းကြည်က လမ်းမြေကို ပိုင်ဆိုင် သည်ဟု ဆိုကာ ခြံစည်း ရိုးခတ်လိုက်ခြင်းဖြစ်သည်။

၎င်းလမ်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော် ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်း ပေးခြင်း မရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်၊ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ‘‘ ဖေဖော်ဝါရီ ၁၁ ရက်နေ့က မင်းပြင် အထက်တန်းကျောင်းဖွင့်ပွဲကို ရောက်တုန်း ရွာသားတွေက လာခေါ်လို့ လမ်းခြံစည်းရိုးခတ်ထားတာကို သွားကြည့် ခဲ့တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးလည်းပါတယ်။ ဒီလမ်းဟာ အများပြည်သူပိုင် လမ်းဖြစ်တယ်။ ဒီလိုခြံစည်းရိုးခတ်ထားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်။ သွားလာရေးလည်း အခက်အခဲဖြစ်နေပြီ။ ဖယ်ရှားမပေးရင် တရားစွဲဆိုဖို့ ပြောဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီ(၁၃)ရက်နေ့ကလည်း အုပ်ချုပ်ရေးမှူးရုံးမှာ ဆွေးနွေး ခဲ့ကြတယ်။ ပြေလည်မှု မရရှိခဲ့ဘူး။ ဖယ်ရှားမပေးရင် တရားစွဲဆိုပေးဖို့ လွှတ်တော်မှာ အစိုးရကို တောင်းဆိုသွားမယ်’’ ဟုပြောသည်။

၎င်းလမ်းကို ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ရန်အတွက် ပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးဖူးကြောင်း၊ ၂၀၁ရ-၁၈ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးထည့်ပေးမည်ဟု ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင် ကဖြေဆိုထားကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ချောင်းဖျားကျေးရွာမှ ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးဝေမောင်ခင်က ‘‘လမ်းကိုချဲ့ထွင်လုပ်တယ်ဆိုပြီး လမ်းအလယ် ဗဟိုက ခြံစည်းရိုးတောက်လျောက်ထိုးထားတော့ သွားလို့လာလို့မရတော့ပါ။ ဒီလမ်းကို ဖောက်တာ အခုမှ လုပ်တာ မဟုတ်ပါ။ ၂၀၀၉ ခုနှစ် ကတည်းက ဖော်ထားတဲ့လမ်းပါ။ ကွန်ကရစ်တံတားငယ်(၆)စင်းနဲ့ ရေခေါင်းတစ်ခုအပါအ၀င် ကျောက်အကြမ်း (၁)မိုင်ကျော်ခင်းထားပြီးပါပြီ။ ကျနော်တို့ရွာက ရွာသားတွေ လုပ်အားသာမကဘဲနဲ့ ကျပ်ငွေ သိန်းနှစ်ထောင်ကျော် အကုန်ကျခံပြီးလုပ်ထားတာပါ။ ကားတွေ၊ ထော်လာဂျီတွေနဲ့ နွားလှည်းတွေ သွားလာလို့ ရနေပါပြီ။ အခုမှ သူမြေပါတယ်ဆိုပြီး ခြံစည်းရိုးလာထိုးတာပါ။ ဖြေရှင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ်များကိုလည်း စာရေးတောင်းဆို ထားပါတယ်’’ဟုပြောသည်။

ဒေါ်ခင်သန်းကြည်မှ လမ်းတွင် သူ့မြေပါသည်ဟုဆိုကာ ငွေလိုချင်တဲ့သဘောနှင့် လမ်းကို ခြံစည်းရိုးခတ်တာဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

‘‘ သူလုပ်နေတဲ့ပုံစံကိုကြည့်ရတာ ငွေလိုချင်လို့ လုပ်တဲ့ပုံစံနဲ့တူတယ်။ ဒီလိုလုပ်လို့ သူ့ကိုငွေပေးလိုက်မယ်ဆိုရင် လမ်းတောက်လျှောက်မှာ တစ်ခြားသူတွေလည်းအများကြီးရှိတယ်ဆိုတော့ တစ်ခြားသူတွေကိုပါ ဘယ်လို ရှင်းနိုင်မလဲ’’ဟုဒေသခံတစ်ဦးကပြောသည်။

ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara-151742128171206/
ကျောက်ဖြူနယ် မင်းပြင် - ချောင်းဖျား ရွာချင်းဆက်လမ်းဗဟိုမှ ခြံစည်းရိုးထိုးခြင်းအပေါ် အာဏာပိုင်များ ဖြေရှင်းမပေး၍ သွားလာရေးခက်ခဲ ကျောက်ဖြူနယ် မင်းပြင် - ချောင်းဖျား ရွာချင်းဆက်လမ်းဗဟိုမှ ခြံစည်းရိုးထိုးခြင်းအပေါ် အာဏာပိုင်များ ဖြေရှင်းမပေး၍ သွားလာရေးခက်ခဲ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.