ရဲတပ်ဖွဲ့ဝင်အား ကားဖြင့် တိုက်သတ်သူ ဖမ်းမိ

လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်အား မော်တော်ယာဉ်ဖြင့်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားသူအား ဖမ်းဆီးအရေးယူ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

၁၃.၂.၂၀၁၇ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ဆိုင်ကယ်လှည့်ကင်း တာဝန်ဆောင်ရွက်စဉ် လမ်းဘေးအုတ်ခုံပေါ်၌ အရက်သေစာသောက်စားနေသူ လူငယ်(၄)ဦးအား ညဥ့်နေပြီဖြစ်၍ နေအိမ်သို့ပြန်ကြရန်တာဝန် အရ ပြောဆိုခဲ့ရာ ကျေနပ်မှုမရှိသဖြင့် ၎င်းတို့(၄)ဦးအနက် ဇော်သန့်မှ 8I-7434
စူပါကာစတန် မော်တော်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ မေဓါဝီလမ်းမကြီးနှင့် ၀ဇီရာလမ်းဆုံအနီး၌ ဆိုင်ကယ်လှည့်ကင်းတာဝန် ဆောင်ရွက်နေသူ ရဲတပ်ကြပ် ညီညီထွေး စီးနင်းနေသော မော်တော်ဆိုင်ကယ်အား နောက်မှတိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်တိုက်ခံရသူ ရဲတပ်ကြပ် ညီညီထွေးမှာ ယာချိုစောင်း ဖူးရောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ
များရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ၀၃၂၀ အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။


ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲတပ်ကြပ် ညီညီထွေးပါ ရဲတပ်ဖွဲ့ဝင်(၄)ဦးတို့သည် လှည့်ကင်းလမ်းကြောင်း(၂)တွင် တာဝန်ထမ်းဆောင်နေစဉ် မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ သန္တာ(၆)လမ်းထိပ်အရောက်၌ လမ်းဘေးအုတ်ခုံပေါ်တွင် လူငယ် ၄ ဦး အရက်သေစာသောက်စားနေသည်ကိုတွေ့ရှိသဖြင့် မေးမြန်းရာ မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်ကြသည့် ဇော်သန့်၊ ဖြူတုတ်(ခ)ထက်ကျော်ကို၊ အငယ်လေး(ခ) သန့်ဇင်အောင်နှင့် ဥာဏ်လင်းတို့ဖြစ်ကြောင်းသိရှိရပြီး လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက တာဝန်အရ ၎င်းတို့အား ညဥ့်နက်နေပြီဖြစ်၍ အိမ်ပြန်ကြရန်ပြောဆိုခဲ့ကာ လှည့်ကင်းတာဝန်ကို ဆက်လက်ဆောင်ရွက်နေခဲ့ကြောင်း၊ ထိုသို့ပြောဆိုခဲ့သည်ကို ဇော်သန့်ပါ(၄)ဦးတို့မှ ကျေနပ်မှုမရှိသော်လည်း သန့်ဇင်အောင်မှနေအိမ်သို့ပြန်သွားခဲ့ကြောင်းနှင့် ဇော်သန့်ပါ(၃)ဦးတို့မှ ၎င်း၏ 8I-7434 စူပါကာစတန်ယာဉ်ဖြင့် သုနန္ဒာလမ်းထိပ်ရှိ ဆီဆိုင်သို့သွားရောက်၍ဆီဖြည့်စဉ် ဥာဏ်လင်းမှာ ၎င်းနေရာ၌ကျန်နေခဲ့ကြောင်း၊ ဇော်သန့်မှ ဖြူတုတ်(ခ)ထက်ကျော်ကို နေထိုင်သော သန္တာလမ်းထိပ်ရှိနေအိမ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ရွှေပေါက္ကံနေအိမ်သို့ပြန်ရန်အတွက် မေဓာဝီလမ်းအတိုင်းမောင်းနှင်ခဲ့ရာ ၀ဇီရာလမ်းထိပ်အရောက် ဆိုင်ကယ်လှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရှိရပြီး နောက်ဆုံးမှ ဆိုင်ကယ်မောင်းနှင်နေသော ရဲတပ်ဖွဲ့ဝင်အား ၎င်းမောင်းနှင်သောမော်တော်ယာဉ်ဖြင့်တိုက်ခဲ့ပြီးမောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


ယင်းသို့ လှည့်ကင်းဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်အား မော်တော်ယာဉ်ဖြင့် ၀င်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားသူ ဇော်သန့်အား ဖမ်းဆီးရမိရေးအတွက် မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းခက်ပါတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်မှာ ရွှေပေါကံ္ကမြို့သစ်၊ (၁၂)ရပ်ကွက်၊ အောင်ရွှေစင်လမ်းအတွင်းရပ်ထားသည်ကိုတွေ့ရှိရပြီး ၎င်းလမ်းနေ ဦးမျိုးခိုင်၏ယာဉ်ဖြစ်ကြောင်းသိရှိရသဖြင့် မေးမြန်းရာ ၎င်း၏သားဖြစ်သူဇော်သန့်မှာ ၀၂၅၀ အချိန်တွင် နေအိမ်သို့ပြန်လာပြီး ယာဉ်အားထားကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်ရှိနေအိမ်သို့ ထွက်သွားကြောင်းသိရှိရ၍ ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်ခဲ့ရာ ယင်းနေ့၀၅၀၀ အချိန်တွင် ဇော်သန့်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေအိမ်မှ လက်ရဖမ်းဆီးရမိခဲ့ပါသည်။


လှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်အား ယာဉ်ဖြင့်ဝင်တိုက်ပြီး သေစေအောင်ပြုလုပ်သူ ဇော်သန့်အား မြောက်ဥက္ကလာပမြို့မရဲစခန်းယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇/၃၀၄-က/၂၇၉/၂၀၂ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ရဲတပ်ဖွဲ့ဝင်အား ကားဖြင့် တိုက်သတ်သူ ဖမ်းမိ  ရဲတပ်ဖွဲ့ဝင်အား ကားဖြင့် တိုက်သတ်သူ ဖမ်းမိ Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.