ကျောက်ဖြူတွင် ဆိုင်ကယ်နှစ်စီးတိုက်၍ လူငယ်နှစ်ဦး ပွဲချင်းပြီးသေဆုံး


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ရုံးတက်လမ်း၊ ရမ္မာဝတီခန်းမရှေ့တွင် ဖေဖော်ဝါရီလ(၂၂)ရက် ည(၈)နာရီခန့်က ဆိုင်ကယ်နှစ်စီး မျက်နာချင်းဆိုင်တိုက်ရာမှ လူနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်းသတင်းရရှိသည်။

ကျောက်ဖြူ ရုံးတက်လမ်းတွင် အရှေ့ဘက်မှ မောင်းနှင်လာသော မသက်သက်မာ စီးနှင်လာသောဆိုင်ကယ်နှင့် အနောက်ဘက်မှ မောင်းနှင်လာသော မောင်ဖြိုးမာန်၊ နောက်တွင် ထိုင်စီး၍ပါလာသော မငြိမ်းငြိမ်းအေး တို့ဆိုင်ကယ် ရှေ့ဆိုင် တိုက်မှုဖြစ်ပွားခဲ့သောကြောင့် ဆိုင်ကယ် မောင်းနှင်သူ မသက်သက်မာ (၁၈) နှစ် နှင့် မောင်ဖြိုးမာန် (၁၇) နှစ်တို့မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

‘‘ ဆိုင်ကယ်ရှေ့ဆိုင်တိုက်ပြီး မောင်းလာသူနှစ်ဦးသေဆုံးသွားပြီးတော့ တစ်ဦးဒဏ်ရာ ရသွားပါတယ်။ ဒဏ်ရာရသွားသူက ဆိုင်ကယ်နောက်ထိုင်ပြီးပါလာတဲ့သူပါ။ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရပါတယ်’’ဟု ကျောက်ဖြူရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောသည်။


ဆိုင်ကယ်တိုက်မှုကြောင့် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊သီဟိုတောလမ်းမှ ဖြိုးမာန် အသက်(၁၇)နှစ်မှာ နဖူးပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ပါးစပ်မှ သွေးထွက်ဒဏ်၊ ခြေသလုံး ပေါက်ပြဲ သွေးထွက်ဒဏ်ရာနှင့် ယာဘက်ပေါင်ပေါက်ပြဲဒဏ်ရာတို့ဖြင့်သေဆုံးခဲ့ပြီး ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ရုံးတက်လမ်းနေ မသက်သက်မာ အသက်(၁၈)နှစ်မှာ ဦးခေါင်းဝဲဘက်ခြမ်းပိန်ချိုင့်သွေးထွက်ဒဏ်ရာနှင့် ဦးခေါင်းနောက် ပေါက်ပြဲဒဏ်ရာတို့ကြောင့် သေဆုံးခဲ့သည်။

ဖြိုးမာန်၏ဆိုင်ကယ်နောက်တွင် ထိုင်၍ လိုက်ပါလာသော ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ သုဓမ္မာလမ်းမှ မငြိမ်းငြိမ်းအေး အသက်(၁၇)နှစ်မှာ ဦးခေါင်းဝဲဖက်ခြမ်းဖုရောင်နာကျင်ဒဏ်ရာ၊ ၀ဲခြေသလုံးနှင့် ခြေဖ၀ါးပွန်းပဲ့ဒဏ်ရာနှင့် ယာဘက်လက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ပြီး စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါအမှုအား ဒုရအုပ် စိုးထွန်းနိုင်က တရားလိုလုပ်တိုင်တန်း၍ ကျောက်ဖြူမြို့မရဲစခန်း (ပ)၁၀/၁၇- ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၀၄-က/၃၃၈ အရအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara

ကျောက်ဖြူတွင် ဆိုင်ကယ်နှစ်စီးတိုက်၍ လူငယ်နှစ်ဦး ပွဲချင်းပြီးသေဆုံး  ကျောက်ဖြူတွင် ဆိုင်ကယ်နှစ်စီးတိုက်၍ လူငယ်နှစ်ဦး ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.