တာဝေးပစ်ဒုံး မြောက်ကိုရီးယား စမ်းသပ်ပြန်


အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်လက်ထက် ပထမဆုံးအကြိမ် အဖြစ် မြောက်ကိုရီးယားက တာဝေးပစ် ပဲ့ထိန်း ဒုံးကျည် တစင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒုံးကျည်စမ်းသပ်မှုဟာ စနေနေ့ ဂရင်းနစ်စံတော်ချိန် ၂၂:၅၅ (ဒေသ စံတော်ချိန် ၀၇:၅၅) မှာ ဖြစ်ပွားခဲ့ပြီး အရှေ့ဘက် ဂျပန်ပင်လယ် ကီလိုမီတာ ၅၀၀ အကွာအဝေး ဆီကို ဦးတည်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

မနှစ်တုန်းကလည်း ပြုံယမ်း အစိုးရဟာ နျူကလီးယား စမ်းသပ်မှုတွေ အကြိမ်အတော်အများများ ပြုလုပ်ခဲ့ပါတယ်။ ဒုံးကျည်နဲ့ နျူ စမ်းသပ်မှုတွေနဲ့အတူ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ ထုတ်ပြန်ချက်တွေဟာ ဒေသတွင်းကို အသင့်အနေအထား တရပ် ဖြစ်စေပြီး စိတ်ဆိုးဒေါသထွက်စေပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တယောက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနရဲ့ ဖော်ပြချက်မှာ အမေရိကန် အနေနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုကို သိရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။ ဒီဒုံးကျည်ပစ်လွှတ်မှု အကြောင်း အမေရိကန်သမ္မတထရမ်ဆီ သတင်းပို့ပြီး ဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိ တယောက်က ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ ကင်ဂျုံအန်း အစိုးရရဲ့ အကျိုးအကြောင်းညီ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိမှု၊ နျူကလီးယားနဲ့ ဒုံးကျည် လက်နက်တွေ ရူးရူးသွပ်သွပ်နဲ့ ပိုင်ဆိုလိုမှုကို ပြသနေတယ်လို့ ဆိုထားပါတယ်။

ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ရိုရှီဒါဆူဂါကတော့ ဒုံကျည်ပစ်လွှတ်မှုဟာ ဂျပန်ရေပိုင်နက်ထဲကို မကျရောက်ကြောင်း၊ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး တိုကျိုအစိုးရအနေနဲ့ မြောက်ကိုရီးယား အပေါ် အပြင်းအထန် ကန့်ကွက်သွားမယ်လို့ ပြောထားပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ ဒီဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ခြင်းမျိုး အခုလောလောဆယ်မှာ မရှိသေးပါဘူး။

ဇန်နဝါရီလတုန်းက မြောက်ကိုရီးယား ခေါင်းဆောင်ဟာ နျူထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်နိုင်ဖို့ နီးစပ်တော့မယ်လို့ ပြောခဲ့ဖူးပါတယ်။

အရင်အပတ်တုန်းက တောင်ကိုရီးယားကို လာလည်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် ဂျိမ်းမက်တစ်ကတော့ မြောက်ကိုရီးယားက နျူကလီးယားလက်နက် အသုံးပြုလာရင် အမေရိကန် အနေနဲ့ ပြင်းပြင်းထန်ထန် တန်ပြန်သွားမယ်လို့ သတိပေးထားပါတယ်။ တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တခု ဒီနှစ်အတွင်းမှာ တပ်ဆင်မယ်လို့လည်း မက်တစ် က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မနှစ်က ပဉ္စမမြောက် နျူကလီးယား စမ်းသပ်မှု တခု ပြုလုပ်ခဲ့ပြီး နျူလက်နက်တွေနဲ့ အမေရိကန်ကို တိုက်ခိုက်နိုင်စွမ်းတယ်လို့ ပြောခဲ့ပေမယ့် ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားမှာ ဒီလို စွမ်းဆောင်နိုင်မယ့် နည်းပညာတိုးတက်မှုမျိုး မရှိသေးဘူးလို့ ယူဆထားကြပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ အမေရိကန် ပြည်မ အထိ ရောက်နိုင်စွမ်းတဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်နိုင်ဖို့ နီးစပ်နေပြီလို့ အခု လတ်တလော ရက်သီတင်းပတ်တွေ အတွင်းမှာပဲ ပြောခဲ့ပါသေးတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တာဝေးပစ်ဒုံး မြောက်ကိုရီးယား စမ်းသပ်ပြန် တာဝေးပစ်ဒုံး မြောက်ကိုရီးယား စမ်းသပ်ပြန် Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.