YBS ယာဉ်လိုင်းများတွင် Volunteer များကို လည်ဆွဲကဒ်များ ထုတ်ပေးနေ


ရန်ကုန်၊ ဇန်နဝါရီ ၁၉

Yangon Bus Service ယာဉ်လိုင်းများတွင် အကူအညီပေးနေသည့် Volunteer လက်ပတ်များဝတ်ဆင်ကာ ခရီးသည်နှင့် ယာဉ်မောင်း၊ ယာဉ်အကူများကို စိတ်အနှောင့်ပေးနေသူများရှိနေခြင်းကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇန်နဝါရီ(၁၉) ရက်တွင် Volunteer လည်ဆွဲကဒ်များ ထုတ်ပေးနေကြောင်း သိရှိရသည်။

အဆိုပါ Volunteer လက်ပတ်ဝတ်ဆင်ထားသူများသည် ခရီးသည်များကို ဆဲဆိုခြင်းအပြင် စိတ်အနှောက်ယှက်ဖြစ်စရာများ ပြုလုပ်နေခြင်းကြောင့် Volunteer များမှလည်း ခရီးသည်များကို သတိပေးမှုများ ရှိနေကြောင်း သိရသည်။
“အခုကဒ်တွေထုတ်ပေးတာက လက်ပတ်အတုတွေ ရှိတာကြောင့်လို့ထင်တယ်။ လက်ပတ်အတုတွေနဲ့ ပတ်သက်ပြီးတော့လည်း မကောင်းတဲ့သတင်းတွေတော့ ကြားနေရတယ်။ ဒါကြောင့်မို့လို့ အခမဲ့ကူညီတဲ့ သူတွေကို နာမည်နဲ့တကွ ကဒ်ပေးနိုင်အောင် စီစဉ်တာဖြစ်တယ်။”ဟု အလုံမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။

Yangon Bus Service ကို ဇန်နဝါရီ (၁၆)ရက်မှ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကာ Volunteer များ အနေဖြင့် ဇန်နဝါရီ (၂၀) ရက်အထိ အခမဲ့ကူညီပေးရန် စီစဉ်ထားကြောင်း သိရသည်။
“လက်ပတ်အတုတွေ ပတ်ပြီးတော့ ကားသမားတွေနဲ့ ခရီးသည်တွေကို ရန်တိုက်ပေးတာတွေလုပ်နေတယ်လို့ သိရတယ်။ ဒါတွေကို တွေ့တယ်ဆိုရင် ဗွီဒီယိုဖိုင်တွေ ဓာတ်ပုံတွေနဲ့ တိုင်ကြားနိုင်တယ်လို့လည်း သိရတယ်။”ဟု YBS များပြေးဆွဲရာတွင် Volunteer ပြုလုပ်နေသူ တစ်ဦးက ပြောသည်။

YBS ယာဉ်လိုင်းများကို ပြေးဆွဲရာတွင် အခက်အခဲများရှိနိုင်ခြင်းကြောင့် ကူညီပေးမည့်သူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိုနှိုင်းခြင်းများ ပြုလုပ်ကာ ဇန်နဝါရီလ (၁၆)ရက်မှ စတင်ကာ စေတနာရှင်ပေါင်းများစွာနှင့် အခမဲ့ ကားများမှ ပံ့ပိုးကူညီခြင်းများပြုလုပ်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
YBS ယာဉ်လိုင်းများတွင် Volunteer များကို လည်ဆွဲကဒ်များ ထုတ်ပေးနေ YBS ယာဉ်လိုင်းများတွင် Volunteer များကို လည်ဆွဲကဒ်များ ထုတ်ပေးနေ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.