ကိုယ့်သဘောနဲ့ကိုယ် YBS တံဆိပ်ကပ်ပြီး အခမဲ့ပြေးဆွဲပေးနေတဲ့ Dyna ယာဉ်ဟာ အပြင်းမောင်းတဲ့အတွက် သာကေမြို့နယ်မှာ ဘေးတိုက်တိမ်းမှောက်ပြီး ခရီးသည် (၁၅)ဦးလောက်
ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သာကေတမြို့နယ် ထူပါရုံမှတ်တိုင်မှာ ဒီနေ့ညနေ (၆)နာရီကျော်လောက်က တိမ်းမှောက်ခဲ့တာဖြစ်ပြီး အဲဒီဒိုင်နာယာဉ်ဟာ သာကေတကနေ စံပြဈေးကို (၄၉)သာရေး၊ နာရေးမိသားစုက အခမဲ့ဆိုပြီး ပြေးဆွဲပေးနေတဲ့ကားဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီ Dyna ယာဉ်ဟာ အရင်က မထသ (၄၉)နံပါတ်နဲ့ ပြေးဆွဲခဲ့တဲ့ ယာဉ်လိုင်းဖြစ်တယ်လို့လည်း သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်ထားနွယ်ဝင်းက 5 Plus ကိုပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို သာကေတမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပေမယ့် စပယ်ယာဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုလို YBS တံဆိပ်တွေကို ကိုယ့်သဘောနဲ့ကိုယ်ဝယ်ယူပြီး ကားတွေမှာကပ်ကာ အခမဲ့ဆိုပြီး ပြေးဆွဲနေတဲ့ ကားတွေရှိတယ်ဆိုတာ သိရပေမယ့် အခု Dyna ယာဉ် တိမ်းမှောက်မှုကတော့ ကြီးမားတဲ့ဖြစ်စဉ်ဖြစ်တယ်လို့ ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။
YBS တံဆိပ်တွေ ကိုယ့်ဘာသာကိုယ် ပြေးဆွဲနေတဲ့အပေါ် တင်းတင်းကြပ်ကြပ် အရေးယူနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့လည်း ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။
ဓာတ်ပုံ- အောင်အောင်ကျော်
5 Plus News
https://www.facebook.com/5plusnews/
ကိုယ့်သဘောနဲ့ကိုယ် YBS တံဆိပ်ကပ် အခမဲ့ဆိုပြီး ပြေးဆွဲတဲ့ Dyna ယာဉ် အရှိန်လွန်တိမ်းမှောက်
Reviewed by THITHTOOLWIN
on
19:25
Rating:
