မိုင်းရှူးမြို့အနီးရှိ SSPP/SSA တပ်စခန်းတခုဖယ်ပေးရန် အစိုးရ တပ်မတော်မှ ညွှန်ကြား -နှစ်ဘက်စစ်ရေးပြန်လည်တင်းမာ

ဓါတ်ပုံ- မိုင်းရှူးမြို့ ခိုစုံရွာရှိ အစိုးရ ဂိတ်စခန်းအားတွေ့ရစဉ်
ဇန်နဝါရီ ၁၉ ရက် ၂၀၁၇

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်း သျှမ်းပြည်တပ် မတော် SSPP/SSA ထိန်း ချုပ် နယ်မြေသို့ အစိုးရတပ်မတော် စစ်အင်အားများ တိုးဖြည့်လာကာ SSPP/SSA မှ တပ်စခန်း များအား ယနေ့မွန်းတည့်ချိန်နောက် ဆုံးထားပြီး နှုတ်ပေးရန် ညွှန်ကြားလာမှုကြောင့် နှစ်ဘက် စစ်ရေးတင်းမာ မှုများ ပြန်လည်ဖြစ်ပွားလာနေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှ သိရသည်။

နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် ဒုတိုင်းမှူးမှ သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်အား ဆင့်ခေါ် တွေ့ဆုံသည့်နောက်ပိုင်း အစိုးရ တပ်မတော် တပ်ရင်းများ မိုင်းရှူးမြို့နယ် အတွင်းတိုးများလာနေသည့်အပြင် မိုင်းရှူးမြို့ နှင့် ကပ်လျှက်ရှိသည့် ပန်ဇွဲကျေးရွာအုပ်စုဝင် ခိုစုံရွာဦးရှိ နမ့်နဲက်(ပ်) တပ်စခန်းအား SSPP/SSA မှ တပ်စနှုတ်ကာ ဆုတ်ခွာပေးရန် တပ်မတော် စစ်ဗျူဟာ မှူး မှ ယနေ့ ညွှန်ကြားလိုက်သောကြောင့် တိုက်ပွဲများ ပြန် လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြ သည်။

“ ၂၀ ရက်နေ့ကျရင် ကျနော်တို့ သဘောတူတူ မတူတူ အစိုးရတပ်က ဝင်မယ်ဆိုတဲ့ အတိုင်းလား မသိ ဘူး။ ဒီနေ့မနက် ရွာသားတွေကိုလည်း ရွာကနေ ရှောင်ထွက်ဖို့ ပြောတယ် ။ အဲဒီရွာနားမှာ ကျနော်တို့ ရဲ့ တပ်စ ခခန်း ရှိတယ်။ အဲဒီ တပ်စခန်းဖယ်ပေးဖို့ လဲပြောတယ်။ မဖယ်ရင်တိုက်မယ် ဆိုလို့ ရွာသူ ရွာသား တွေကို ရှောင်ခိုင်းတာ။ ဒီအတိုင်းဆို တိုက်ပွဲက ဖြစ်မှာမလွဲဘူး ” - ဟု ဝမ့်ဟိုင်း ဌာနချုပ် ပြန်ကြားရေးအရာရှိ တဦးက ပြောသည်။

မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ် အတွင်း ရောက်ရှိလာသည့် အစိုးရ တပ်မတော် တပ်ရင်းများမှာ မိုင်းစံမြို့ အခြေစိုက် ၁၅၁ ၊ ကာလိမြို့ အခြေစိုက် ၁၅၀ ၊ ကွန်ဟိန်းမြို့ အခြေစိုက် ၅၂၄ နှင့် ခိုလမ် ရလခ စစ်တိုင်းရုံး လုံခြုံရေးတပ်ရင်း ၂ ရင်း တို့ ပါဝင်သည်ဟု သိရသည်။

မိုင်းရှူး - တန့်ယန်းလမ်းမ ပေါ် ရှိ ခိုစုံရွာသူရွာသားများအား နေရပ်မှ စွန့်ခွာခိုင်းခြင်းဖြစ်ကြောင်း၊ အစိုးရ တပ်မတော် စစ်ကြောင်းများ SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာပါက အချိန်မရွေး တိုက်ပွဲ ဖြစ်ပွား နိုင်ကြောင်း - မိုင်းရှူးမြို့ရောက် SSPP/SSA အရာရှိတဦး ကပြောသည်။

“ကျနော်တို့ တိုက်ပွဲမဖြစ်လိုဘူး။ တပ်မတော် အနေနဲ့ တပ်အင်အားနဲ့ လမ်းမဖေါက်ဖို့အရေး ကျနော်တို့ နေပြည်တော်သွားပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ တွေ့ဆုံဖို့ကြိုးစားတယ်။ တွေ့ခွင့်မရဘူး။ ဒီက နေ့ ဦးသိန်းဇော် နဲ့ ရန်ကုန်မှာ ထပ်မံတွေ့ဆုံနိုင်အောင် စီစဉ်တယ်။ ဒါ ကျနော်တို့ အနေနဲ့ နိုင်ငံရေး ပြဿနာကို တွေ့ဆုံးဆွေးဖြေရှင်းတဲ့နည်းနဲ့ပဲ လုပ်လိုတယ်။ အင်အားသုံးဖြေရှင်းနေ သရွေ့တော့တိုက် ပွဲ က ပြီးဆုံးနိုင်တော့မှာ မဟုတ်ဘူး။ လူထုပဲ ဒုက္ခရောက်မယ်” - ဟု ဦးသိန်းဇော် နှင့် တွေ့ဆုံစဉ် ပါဝင်သည့် အရာရှိတဦးကပြောသည်။

ဇန်နဝါရီ ၁၇ ရက်နေ့က မိုင်းရှူးမြို့နယ် နမ့်ပန်ချောင်း တာ့ကောင်းမူး ကူးတို့ ဆိပ်ဘက်သို့ ရလခ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်သန်းလှိုင် မှ လာရောက်စစ်ဆေးမည်၊ သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်များနှင့် လည်း မိုင်းနောင်မြို့တွင် တွေ့ဆုံ မည်ဟု ပြောသော် လည်း ၎င်းဘက်က လက်ခံတွေ့ဆုံခြင်းမရှိချေ။

“ဒါက တဘက်ကလဲ ကြားဖြတ်ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေတယ်။ တဘက်ကလဲ ဝ ကို ဦးတည်ဖို့ လမ်းခင်းထားပြီးသား ဖြစ်သွားတာပေါ့” - ဟု မိုင်းရှူးမြို့နေ နိုင်ငံရေးပါတီတခု ၏ ပါတီဝင် ပူလိုင်းရွက် က ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပစဉ်က ကာလက ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ် တန့်ယန်းမြို့ နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရ တပ်မတော် မှ ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် အဆိုပါဒေသအတွင်းရှိ ဒေသခံ မဲဆန္ဒရှင် ၁ သိန်း ခန့် မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ သည်။ သည့်အတွက် လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အဆိုပါေ ဒသ အတွက် လှစ်ဟင်း သွားသည့် အမတ် ၆ ဦး အား ရွေးကောက် တင်မြောက်ဖို့ ရှိနေပါသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မိုင်းရှူးမြို့အနီးရှိ SSPP/SSA တပ်စခန်းတခုဖယ်ပေးရန် အစိုးရ တပ်မတော်မှ ညွှန်ကြား -နှစ်ဘက်စစ်ရေးပြန်လည်တင်းမာ  မိုင်းရှူးမြို့အနီးရှိ SSPP/SSA တပ်စခန်းတခုဖယ်ပေးရန် အစိုးရ တပ်မတော်မှ ညွှန်ကြား -နှစ်ဘက်စစ်ရေးပြန်လည်တင်းမာ Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.