ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်ရန် NLDထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်သော ကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ-NLD)
    ရန်ကုန်၊ ဇန်န၀ါရီ ၃၀ ရက် (ဆင်ဟွာ)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရမှုနှင့် ပတ်သက်ပြီး အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်ရန် NLDပါတီက ဇန်န၀ါရီ ၂၉ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ သေဆုံးမှုအတွက် အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်လျက် မိမိတို့၏ နိုင်ငံရေးလုပ်ငန်းစဉ်များကိုသာ မျက်ခြေမပျက် ဆက်လက်ဆောင်ရွက်ကြရန် NLD၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဦးကိုနီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ချွင်းချက်မရှိထောက်ခံသူဖြစ်ပြီး လိုအပ်သော ဥပဒေရေးရာ ကိစ္စများ၊ အကြံဥာဏ်များကိုလည်း အစဉ်အမြဲ ပံ့ပိုးသူဖြစ်သဖြင့် အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်အတူ ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေးခရီး လိုက်ပါသွားခဲ့ပြီး ဇန်န၀ါရီ ၂၉ ရက်နေ့ ညနေ့ ၅နာရီကျော်က  ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ချိန်တွင် အနီးကပ် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး သေဆုံးသွားခဲ့သည်။

ဦးကိုနီကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သော တရားခံကို ၀ိုင်းဝန်းဖမ်းဆီးပေးသော တက္ကစီယာဉ်မောင်းတစ်ဦးမှာ ထို လေဆိပ်တွင် လူသတ်သမား ပစ်ခတ်သော သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်စဉ်အတွင်း သေဆုံးခဲ့ပြီး တရားခံကို ဖမ်းဆီးစစ်ဆေးမှု များပြုလုပ်လျက်ရှိကြောင်း သိရသည်။။

(Xinhua)
http://www.xinhuamyanmar.com
ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်ရန် NLDထုတ်ပြန်  ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်ရန် NLDထုတ်ပြန် Reviewed by THITHTOOLWIN on 12:47 Rating: 5
Powered by Blogger.