ပုဂံညောင်ဦးမှ ဘုရားဖူးပြန်လာသော HIACE ကားတစ်စီး ဘီးပေါက်ပြီး မီးလောင် ရှစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ


ရန်ကုန် မန္တလေး အမြန်လမ်းတွင် ပုဂံညောင်ဦးမှ ဘုရားဖူးပြန်လာသော HIACE ကားတစ်စီး ဘီးပေါက်ပြီး မီးလောင်သောကြောင့် ရှစ်ဦးသေဆုံးက တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၃လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်း ထံကသိရသည်။

ဇန်နဝါရီလ ၂၁ရက်နေ့ နံနက် ၈နာရီ ၃၀မိနစ်အချိန်က ရန်ကုန် မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၄/၁ နှင့် ၄/၂ အကြား၌ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဝင်းထွန်း မောင်းနှင်လာသော ယာဉ်အမှတ် 9H/7167 HIACE အဖြူရောင် မော်တော်ယာဉ်သည် ဝဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသော အလူမီနီယံတန်းများအား ဝင်တိုက်မိပြီး ဆီတိုင်ကီကွဲကာ မီးလောင်ခဲ့ကြောင်း သိရသည်။

ယာဉ်မီးလောင်မှုသတင်းအရ အမှတ် ၃လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ် အောင်သင်းဦးပါ တပ်ဖွဲ့ဝင် ၁၅ဦးနှင့် အုပ်ချုပ်မှုယာဉ် ၃စီး မီးသတ်တပ်ဖွဲ့အမြန်လမ်းမှ လက်ထောက်ဦးစီးမှူး ငြိမ်းချမ်းပါ ၅ဦး နှင့် မီးသတ်ယာဉ် ၁စီး တို့က အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး မီးအား ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၉နာရီ ၅မိနစ် အချိန်တွင် မီးငြိမ်းပြီး ယာဉ်ပေါ်ပါရှိသူ ကျား ၂ဦး မ၇ဦး အနက် ကျား ၁ဦး မ၇ဦးမှာ သေဆုံးခဲ့ရပြီး ကျား၁ဦးမှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကာ သေဆုံးသူ ရုပ်အလောင်းများနှင့် ဒဏ်ရာရသူကို တပ်ဖွဲ့ပိုင်ယာဉ်များနှင့် အမြန်လမ်းအရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


သတင်းရလျှင်ရခြင်း နံနက် ၈နာရီ ၃၅မိနစ်အချိန်တွင် ဘောနက်ကြီးအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ် ထွန်းလင်းအောင် ပါ တပ်ဖွဲ့ဝင် ၁၀ဦး သည်လည်းကောင်း ဒုမလရမှူး ဒုရဲမှူးကြီး စိုးမြင့်ဦး ပါ တပ်ဖွဲ့ဝင် ၇ဦးသည်လည်းကောင်း အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးကူညီပေးခဲ့ကြသည်။ယာဉ်မီးလောင်မှုကြောင့် HIACE ယာဉ်မှာ တစ်စီးလုံးမီးလောင်ပျက်စီးခဲ့ပြီး တန်ဖိုးငွေကျပ် သိန်း ၂၀၀ခန့် လမ်းလယ်ကျွန်းတွင် ကာရံထားသော အလူမီနီယံတန်း ၁၀တန်း အတွက် တန်ဖိုးငွေကျပ် ၁၅သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ယာဉ်နှင့် ယာဉ်ပေါ်ပါရှိသူများမှာ သင်္ကန်းကျွန်းမြို့နယ် ရန်ကုန်မြို့မှ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှ ဖြစ်ကြောင်းသိရပြီး ပုဂံ ညောင်ဦး မြို့များသို့ ဘုရားဖူးသွားရောက်ပြီး အပြန်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ဖြစ်စဉ် တွင် အသက်ဆုံးရှုံးခဲ့သူများ၏ အမည် အသက် နေရပ်လိပ်စာ အသေးစိတ်နှင့် ပြစ်မှုပုဒ်မနံပါတ်များကို မရရှိသေးပေ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပုဂံညောင်ဦးမှ ဘုရားဖူးပြန်လာသော HIACE ကားတစ်စီး ဘီးပေါက်ပြီး မီးလောင် ရှစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ  ပုဂံညောင်ဦးမှ ဘုရားဖူးပြန်လာသော HIACE ကားတစ်စီး ဘီးပေါက်ပြီး မီးလောင် ရှစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 15:23 Rating: 5
Powered by Blogger.