ဦးကိုနီ အသတ်ခံရမှု Harvard တက္ကသိုလ်ပူးတွဲကြေညာချက် ထုတ်ပြန်

Harvard တက္ကသိုလ် ကြေညာချက်
NLD ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ အထင်ကရ ရှေ့နေကြီးတဦးလည်းဖြစ်တဲ့ ဦးကိုနီ အင်ဒိုနီးရှားနိုင်ငံက အပြန် ရန်ကုန်မြို့ လေဆိပ်မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့အတွက် အထူး ၀မ်းနည်း ကြေကွဲကြောင်း Harvard တက္ကသိုလ် Ash Center ဒီမိုကရေစီအုပ်ချုပ်ရေးဌာန၊ အင်ဒိုနီးရှားနိုင်ငံ Habibie ဌာနနဲ့ Kemitraan အစိုးရပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှု ဌာနတို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အပြန်မှာ ဦးကိုနီ ရုတ်တရက် အကြမ်းဖက် သတ်ဖြတ်ခံလိုက်ရတဲ့အတွက် ၀မ်းနည်း ကြေကွဲရကြောင်း Harvard တက္ကသိုလ် Ash Center ဒီမိုကရေစီအုပ်ချုပ်ရေးဌာနက ပြောခွင့်ရ Daniel Harsha က အခုလို ပြောပါတယ်။

“Harvard မှာရှိတဲ့ ကျနော်တို့အနေနဲ့ ဒီ ကြေကွဲဘွယ် အဓိပ္ပါယ်မဲ့ သတ်ဖြတ်မှုအတွက် ၀မ်းနည်းပြီး အံ့သြ တုံလှုပ်ဖြစ်ကြပါတယ်။ ဦးကိုနီဟာ Harvard တက္ကသိုလ်၊ Ash Center က ကြီးမှူး ကျင်းပတဲ့ အင်ဒိုနီးရှားအနေနှင့် ဘာသာရေး အကြမ်းမှုပြဿနာကြီးကို ဘယ်လို ဖြေရှင်းကြသလဲဆိုတဲ့ သင်တန်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီသင်တန်းတက်ပြီး အာရှမှာ တခြားနိုင်ငံအနေနဲ့ ဘာသာရေး ပဋိပက္ခကို လူ့အဖွဲ့အစည်းမှာ ဘယ်လို ဖြေရှင်းသလဲဆိုတာ လေ့လာပြီး မြန်မာပြည်အပြန် အခုလို အသတ်ခံတရတဲ့အတွက် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပါတယ်။ ဒီပြစ်မှု ကျူးလွန်သူတွေကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့လဲ တိုက်တွန်းပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့ ဦးကိုနီရဲ့ ကြိုးပမ်းမှုကို ဆက်လက် ဖော်ဆောင်သွားဖို့လည်း တိုက်တွန်းပါတယ်။”

အဲဒီ အစီအစဉ်ကိုတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဇန်န၀ါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၃ ရက်ကြာ ကျင်းပတဲ့ အဲဒီ အစီအစဉ်အတွင်း ၁၉၉၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အကြား အင်ဒိုနီးရှားနိုင်ငံ၊ Maluku ကျွန်းမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းတွေ ဖြစ်ပေါ်ခဲ့တဲ့ Ambon ရပ်ကွက်ကို ခေါ်သွားပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ကိုယ်တွေ့ လေ့လာခွင့် ရနိုင်အောင် အင်ဒိုနီးရှား အစိုးရက စီစဉ်ပေးခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဦးကိုနီ အသတ်ခံရမှု Harvard တက္ကသိုလ်ပူးတွဲကြေညာချက် ထုတ်ပြန် ဦးကိုနီ အသတ်ခံရမှု Harvard တက္ကသိုလ်ပူးတွဲကြေညာချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 08:34 Rating: 5
Powered by Blogger.