မန်လွယ်ရွာ လက်ဖက်ခင်းတွင် မိုင်းနင်းမိ၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အုံမုအထက်ပိုင်း မန်လွယ်ကျေးရွာ လက်ဖက်စိုက်ခင်းတစ်ခုတွင် ဇန်နဝါရီလ ၂၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က မိုင်းနင်းမိပြီးပေါက်ကွဲသဖြင့် အမျိုးသမီး (၃)ဦးဒဏ်ရာရသည့်အနက် တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရသူ(၃)ဦးအား သီပေါမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် မိုင်းနင်းမိသူအမျိုးသမီးမှာ လမ်းတွင် သေဆုံးသွားကြောင်း သိရသည်။

“ဒီမနက် ၇ နာရီခွဲလောက်မှာ လက်ဖက်ခြံထဲသွားတဲ့ အမျိုးသမီး အယောက် (၂၀) လောက်မှာ ကလေးမလေးတစ် ယောက်ကတက်နင်းမိပြီး ဘေးကနှစ်ယောက်ကို မှန်တာ။ တက်နင်းမိတဲ့ ကလေးမလေးကတော့အခု ဆုံးသွားပြီ။ ကျန်တဲ့နှစ်ယောက်ကို အခုသီပေါဆေးရုံမှာ တင်ထားတယ်” ဟု လူနာများအား သွားရောက်သယ်ဆောင် လာခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်သတင်းအား ဒေသခံများမှ ဆက်သွယ်ပြောကြားလာသည်နှင့် ချက်ချင်းသွားရောက် သယ်ဆောင်လာခဲ့ပြီး သီပေါမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ယောက်ကတော့ခြေထောက်ကိုထိတာ တော်တော်များတယ်။ နောက်တစ်ယောက်က မျက်နှာနဲ့ လက်တွေ ကို ထိထားတာများတယ်။ ဆုံးသွားတဲ့တစ်ယောက်က ရင်ညွန့်တည့်တည့် မိုင်းစထိတဲ့ ဒဏ်ရာကြောင့် သေဆုံး သွားခဲ့တယ်”ဟု ၎င်းကပြောသည်။

အဆိုပါ အုံမုနယ်ရှိ မန်လွယ်၊ ပန်ခါး စသည့်ကျေးရွာများတွင် TNLA လက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ တိုင်းရင်းသားများမှာ သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားဝန်းအတွင်း စစ်ဘေးရှောင်တိမ်း၍ နေထိုင်နေခဲ့ရပြီး ၂၀၁၇ ဇန်နဝါရီလ အတွင်း နေရပ်များသို့ပြန်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒီဇင်ဘာလအတွင်း(၃၁)ရက်နေ့ကလည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီး လက်ဖက်စိုက်ခင်းတစ်ခုတွင် လက်ဖက်ခြံရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-ဘော်တွင်း-မန်တုံလမ်း ကြူပန်းကျေးရွာအဝင်တွင် မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ရပြီး အရပ်သားတစ်ဦးနှင့် ရဲဝန်ထမ်း (၁၁) ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း - နေဖြိုးမြင့်
Tachileik News Agency
http://www.tachileik.net
မန်လွယ်ရွာ လက်ဖက်ခင်းတွင် မိုင်းနင်းမိ၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ  မန်လွယ်ရွာ လက်ဖက်ခင်းတွင် မိုင်းနင်းမိ၍ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 13:59 Rating: 5
Powered by Blogger.