ယာဉ်လိုင်းများ ငွေကြေးအပြည့်မအပ်ဟု သတင်းထွက်နေပြီး စုပေါင်းပြေးဆွဲ စုပေါင်းငွေရှင်းသည့်ပုံစံကို ၃ လအကြာတွင် ကတ်စနစ်ဖြင့် အစားထိုးမည်


ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၁၆ ရက်မှ စတင်လိုက်သည့် ဘတ်စ်ကားယာဉ်လိုင်း များစနစ်သစ်တွင် ယာဉ်လိုင်းအချို့မှ ငွေကြေးအပြည့်အ၀ ပြန်လည်အပ်နှံခြင်း မရှိကြောင်း သတင်းထွက်ပေါ်နေကြောင်း ယင်းပြဿနာများကို ဖြေရှင်းရန် နောက် ၃ လအကြာတွင် ငွေပေးချေမှုကို ကတ်စနစ်ဖြင့် အစားထိုး ပြောင်းလဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ အတွင်းရေးမှူးဦးသန်းဝင်းက News Watch သို့ ပြောသည်။

''မှန်မှန်ဖြစ်ဖို့ကတော့ ဒီ ၃ လ အတွင်းမှာ ခက်မယ်။ ကတ်စနစ်နဲ့သွားမှ အဆင်ပြေမယ်။ အဲဒါမကြာပါဘူး။ နောက် သုံးလပေါ့။ ကတ်စနစ်နဲ့သွားရင် အဆင် ပြေသွားလိမ့်မယ်။ ငွေသိမ်းတဲ့စနစ်ကို ဧရာဝတီဘဏ်ကနေ လုပ်မှာပါ''ဟု ဦးသန်းဝင်းက ပြောသည်။

ထိုပြင် ''အရင်တုန်းကတော့ ကိုယ်ရကိုယ်ယူစနစ်ကို သုံးတာပေါ့။ အဲဒီစနစ်က ဘာတွေဖြစ်စေတုန်းဆိုရင် ဒရိုင်ဘာ၊ စပယ်ယာတွေကို လောဘတက်စေတယ်။ ဒေါသတွေကြီးစေတယ်။ ဆိုတော့ အဲဒီစနစ်ကိုပြင်တဲ့ အနေနဲ့ ဒီနေ့ကောက်လို့ ရတဲ့ပိုက်ဆံတွေကို ဘဏ်ကိုအပ်။ အပ်ပြီးတော့မှ ဘဏ်ကနေပြီးတော့မှ အကုန်လုံး တွက်မယ်။ ယာဉ်မောင်းအတွက် ဘယ်လောက်၊ ယာဉ်နောက်လိုက်အတွက် ဘယ်လောက်၊ ယာဉ်ပိုင်ရှင် အတွက် ဘယ်လောက်ဆိုတာတွက်ပြီးတော့မှ ပြန်ထုတ်ပေးမယ်။ အဲဒီနည်းကို သုံးပါတယ်''ဟု ၎င်းက ပြော သည်။

ယင်းသို့ စုပေါင်းပြေးဆွဲ စုပေါင်းငွေရှင်းသည့်စနစ်ကြောင့် ယာဉ်လမ်းကြောင်း တခေါက်လျှင် သုံးသောင်းဝန်း ကျင်ရရှိသော်လည်း ရှစ်ထောင်သာ ပြန်လည်အပ်နှံသည့် ယာဉ်လိုင်းအချို့ရှိနေကြောင်း ယာဉ်ပိုင်ရှင်တဦးက လူမှုကွန်ရက်တွင်ရေးသားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ''ဒါကတော့ သူတို့ရွေးချယ်မှုပေါ့။ အရင်စနစ်က မကြိုက်လို့ကို ပြင်တဲ့ ကိစ္စကို အရင်စနစ်ပဲပြန်သွားရင်တော့ အဲဒီအတိုင်းပဲ ဖြစ်နေဦးမှာပဲ။ ရိုက်ပွဲတွေများနေ ဦးမှာပဲ''ဟု ဦးသန်းဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် YBS ယာဉ်လိုင်းများကို ည ၁၀ နာရီအထိ ပြေးဆွဲရန်အသိပေးပြောဆိုထားသော်လည်း ယာဉ်လိုင်းများအနေဖြင့် လိုက်နာမှုအားနည်းနေပြီး ည ၉ နာရီဝန်းကျင်တွင် ပြေးဆွဲမည့်ယာဉ်များနည်းပါးသွားကြောင်း၊ ထိုပြင် ယာဉ်အစီးရေနည်းနေကို အမြန်ဆုံးဖြေ ရှင်းဆောင်ရွက်ပေးရန် လိုအပ်နေသေးကြောင်းနှင့် လက်ရှိ အကောင်အထည်ဖော်နေသည့် စနစ်ကိုလည်း ပြန်လည်သုံးသပ်စေချင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

''အခုအသံတွေကြားနေရတာက ကားလိုင်းသမားတွေက သူတို့ရသမျှ ပိုက်ဆံတွေအပ်ရတယ်။ ယာဉ်လိုင်း ကုမ္ပဏီတခုဆိုရင်လည်း အဲဒီကုမ္ပဏီအောက်မှာ တလိုင်းတည်းမဟုတ်ဘဲ ကုမ္ပဏီခွဲလေးတွေကနေ ဒီလိုင်းကိုဝိုင်းပြီး ဆွဲပေးနေရတာ။ သူ့ကားက အရင်ထွက်၊ ငါ့ကားက အရင်ထွက် စနစ်တကျလည်းမရှိဘူး။ နောက်ပြီးတော့ ပိုက်ဆံတွေ အကုန်လုံးဘဏ်မှာအပ်ပြီးတော့မှ အချိုးကျခွဲယူရတဲ့အခါ ပိုက်ဆံတွေကို ကားသမားတွေက အပြည့်မအပ်ဘူးဆိုပြီး ကြားနေရတယ်။ ဘာလို့လဲဆိုတော့ ဒီပိုက်ဆံတွေကို ယူထား လိုက်တာက သူတို့အတွက် သေချာတယ်လေ။ အပ်ပြီးမှ ပြန်ထုတ်ပေးမယ် ဆိုတာက နောက်နေ့ကိစ္စဖြစ် သွားတယ်။ အဲဒီစနစ်ကို ပြန်ပြီးတော့ စဉ်းစားသုံးသပ် စေချင်တယ်''ဟု ဦးနေဘုန်းလတ်က ပြောသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal
ယာဉ်လိုင်းများ ငွေကြေးအပြည့်မအပ်ဟု သတင်းထွက်နေပြီး စုပေါင်းပြေးဆွဲ စုပေါင်းငွေရှင်းသည့်ပုံစံကို ၃ လအကြာတွင် ကတ်စနစ်ဖြင့် အစားထိုးမည်  ယာဉ်လိုင်းများ ငွေကြေးအပြည့်မအပ်ဟု သတင်းထွက်နေပြီး စုပေါင်းပြေးဆွဲ စုပေါင်းငွေရှင်းသည့်ပုံစံကို ၃ လအကြာတွင် ကတ်စနစ်ဖြင့် အစားထိုးမည် Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.