ထိုင်းဘုရင် အမိန့်အတိုင်း ဖွဲ့စည်းပုံပြင်မယ်


ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထိုင်းဘုရင် မဟာဗဟီရာလောင်ကွန်ရဲ့ အမိန့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ အာဏာသိမ်း စစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ လက်ရှိ အခြေခံဥပဒေကို ပြီးခဲ့တဲ့ သြဂုတ်လက ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖွဲ့စည်းပုံကို အတည်ပြုဖို့ ထိုင်းဘုရင်က ငြင်းဆန်ခဲ့ပြီး ဘုရင်စနစ်နဲ့ ပတ်သက်တဲ့ ဥပဒေတချို့ကို ပြင်ဆင်ပေးဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးတဲ့ ထိုင်းနိုင်ငံမှာ အများပြည်သူနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စတွေမှာ ဘုရင်က ဝင်ရောက် စွက်ဖက်လေ့မရှိတဲ့အတွက် အခုကိစ္စဟာ ရှားရှားပါးပါးပဲလို့ ဝေဖန်သူတွေက ပြောပါတယ်။
ဘုရင့်အလိုကျ ပြင်ဆင်ပေးရမယ့် အချက်တွေကို ဝန်ကြီးချုပ် ချန်အိုချာက ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေမယ့် အစိုးရစာရွက်စာတမ်းတွေကို ကြည့်ရှုခွင့်ရခဲ့တဲ့ ရိုက်တာ သတင်းအရဆိုရင် လက်ရှိဖွဲ့စည်းပုံမှာပြဌန်းထားတဲ့ ဘုရင်မင်းမြတ် နိုင်ငံခြားတိုင်းပြည်တွေကို သွားရောက်နေတဲ့ကာလတွေအတွင်း သူ့ကိုယ်စား တိုင်းပြည် အုပ်ချုပ် မင်းလုပ်မယ့်သူကို ခန့်အပ်ထားခဲ့ရမယ်ဆိုတဲ့ အချက်လည်း ပြင်ဆင်ရမယ့် ဥပဒေပုဒ်မတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းဘုရင်ဟာ သူ့ဘဝ တလျှောက်လုံးလိုလို နိုင်ငံခြားမှာ နေထိုင်ခဲ့ပြီးနောက် လွန်ခဲ့တဲ့နှစ် အောက်တိုဘာလက သူ့ဖခင် ဘုရင်ကြီး ဘူမိဘော ကွယ်လွန်ချိန်မှာ ထီးနန်းဆက်ခံဖို့ ဂျာမဏီကပြန်လာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်က မကြာခဏ အာဏာသိမ်းခဲ့တဲ့ ထိုင်းနိုင်ငံမှာ အခု အတည်ပြုမယ့် ဖွဲ့စည်းပုံဟာ အကြိမ် ၂ဝ မြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာပါလိမ့်မယ်။

RFA Burmese
https://www.facebook.com/rfaburmese
ထိုင်းဘုရင် အမိန့်အတိုင်း ဖွဲ့စည်းပုံပြင်မယ်  ထိုင်းဘုရင် အမိန့်အတိုင်း ဖွဲ့စည်းပုံပြင်မယ် Reviewed by THITHTOOLWIN on 10:40 Rating: 5
Powered by Blogger.