မြစ်ဆုံစီမံကိန်းအပါအဝင် ဆည်စီမံကိန်း ၇ခုကို ရပ်ဆိုင်းဖို့ မြစ်ကြီးနားမှာ ဆန္ဒပြတောင်းဆို

( ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လုံးဝရပ်ဆိုင်းရေး မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က Palm Spring Hotel ရှေ့မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က တန်ဖရဲ-မြစ်ဆုံ ဒေသခံတွေ စုပေါင်းဆန္ဒပြကြစဉ်။ )Photo: Kyaw Myo Min/RFA
ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း အားလုံးကို ရပ်ဆိုင်းပြီး မူလနေရပ်မှာ အမြန်ဆုံးပြန်လည်နေထိုင်လိုကြောင်း တန်ဖရဲ၊ မလိယန် စတဲ့ မြစ်ဆုံဒေသခံ ၂၀ ကျော်က မြစ်ကြီးနားမြို့ Palm Spring Hotel ရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တိုက်တွန်းတဲ့ အစည်းအဝေးလုပ်နေတာကြားလို့ ဆန္ဒပြတာဖြစ်ကြောင်း ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် အောင်မြင်သာကျေးရွာမှာ ပြောင်းရွှေ့ခံထားရတဲ့ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန် က ပြောပါတယ်။

နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး ဧရာဝတီမြစ်ဝှမ်းဒေသ ဘက်ပေါင်းစုံမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ အခြေခံတိုင်းတာချက်တွေအပေါ်မှာ ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို Palm Spring Hotel မှာ ဒီနေ့ ကျင်းပနေတာဖြစ်ပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရေအားလျှပ်စစ်ကဏ္ဍရဲ့ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် SEA ကို ဖွံ့ဖြိုးစေဖို့အတွက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြတာလို့ သိရပါတယ်။

ဆန္ဒပြသူတွေက ဧရာဝတီမြစ် ထာဝစဉ်လွတ်လပ်စွာစီးဆင်းရေး၊ ဒေသခံများမူလနေရာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး၊ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း လုံးဝရပ်ဆိုင်းရေး စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြတာပါ။

မြစ်ဆုံစီမံကိန်းကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဆက်လုပ်ဖို့ မစဉ်းစားသင့်ကြောင်း အဲဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အစိမ်းရောင်အလင်းတန်းများအဖွဲ့က ဦးဘရန်အောင် က ပြောပါတယ်။

မေခ နဲ့ မလိခပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာကြီးတစ်ခု နဲ့ မေခ၊ မလိခ မြစ်လက်တက်တွေက ဆည်တွေအပါအဝင် စုစုပေါင်း စီမံကိန်းခုနှစ်ခုလုံးကို လုံးဝ ဖျက်သိမ်းပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြစ်ဆုံစီမံကိန်းအပါအဝင် ဆည်စီမံကိန်း ၇ခုကို ရပ်ဆိုင်းဖို့ မြစ်ကြီးနားမှာ ဆန္ဒပြတောင်းဆို မြစ်ဆုံစီမံကိန်းအပါအဝင် ဆည်စီမံကိန်း ၇ခုကို ရပ်ဆိုင်းဖို့ မြစ်ကြီးနားမှာ ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.