မြဝတီ-ဒိုက်ဦး ခရီးသည်တင်ယာဉ်ငယ် အရှိန်မထိန်းနိုင်ဘဲ လမ်းတစ်ဖက်မှ ကွမ်းယာဆိုင်အား ဝင်တိုက်မိ


သထုံ ဇန်နဝါရီ ၁၈

မွန်ပြည်နယ် သထုံမြို့ လိပ်အင်းကုန်းဆင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ကွမ်းယာဆိုင် တစ်ဆိုင်အား ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မြဝတီ-ဒိုက်ဦး ခရီးသည်တင်ယာဉ်ငယ်တစ်စီး ဝင်ရောက်တိုက်မိခဲ့ပြီး ကွမ်းယာ ဝယ်သူတစ်ဦးနှင့် ယာဉ်ပေါ်ပါသူအချို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

''ကုန်းအဆင်းမှာ ဘာဖြစ်တယ်တော့မသိဘူး၊ ကားက လမ်းတစ်ဖက် ကိုရောက်ပြီး လက်ဖက်ရည်ဆိုင် ဆိုင်းဘုတ်ရယ်၊ ကွမ်းယာဆိုင်ခုံရယ်၊ အဲဒီနားမှာရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီး ကိုပါ တိုက်မိပြီး ရှေ့က သစ်ပင် ခံနေတော့ ရပ်သွားတာ။ ကွမ်းယာလာဝယ်တဲ့သူ တစ်ယောက်နဲ့ ကားပေါ်က လူအချို့လည်းထိခိုက်မိပြီး ဒဏ်ရာရသွားလို့ ဆေးရုံကို ပို့ထားတယ်''ဟု လိပ်အင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုဘက်မှ သထုံဘက်သို့ ခရီးသည် လေးဦးတင်ကာ ယာဉ်မောင်း ကိုသိန်းဇော် ဒိုက်ဦးမြို့ ဖောင်တော်သီကျေးရွာနေသူ မောင်းနှင် လာသည့် ယာဉ်အမှတ် AYY-EE-----AD YAN နက်ပြာရောင် မြဝတီ-ဒိုက်ဦး ခရီးသည်တင်ယာဉ်ငယ်သည် ဖြစ်စဉ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင် ဘဲ လမ်း၏တစ်ဖက်ရှိ ကွမ်းယာဆိုင်နှင့်အတူ ဆိုင်ရှေ့တွင်ရပ်ထားသည့် ဆိုင်ကယ် နှစ်စီးနှင့် ကွမ်းယာဝယ်နေသူ တစ်ဦးတို့အား တိုက်မိကာ ရပ်တန့် သွားခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း၊ ယာဉ်ပေါ်ပါ ခရီးသည် တစ်ဦးနှင့် ကွမ်းယာဝယ်သူ ကိုညီညီတို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) များ ရရှိခဲ့ရာ သထုံ ခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသထားပြီး ယာဉ်မဆင် မခြင် မောင်းနှင်သည့် ယာဉ်မောင်း ကိုသိန်းဇော်အား သထုံ မြို့မ ရဲစခန်းက ယာဉ်(ပ)၆/၂ဝ၁၇၊ ပြစ်မှုပုဒ်မ- ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြဝတီ-ဒိုက်ဦး ခရီးသည်တင်ယာဉ်ငယ် အရှိန်မထိန်းနိုင်ဘဲ လမ်းတစ်ဖက်မှ ကွမ်းယာဆိုင်အား ဝင်တိုက်မိ  မြဝတီ-ဒိုက်ဦး ခရီးသည်တင်ယာဉ်ငယ် အရှိန်မထိန်းနိုင်ဘဲ လမ်းတစ်ဖက်မှ ကွမ်းယာဆိုင်အား ဝင်တိုက်မိ Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.