ရခိုင်အရေးဖြေရှင်းရေး အချိန်ကာလတခုပေးဖို့ ဒု ကာကွယ်ရေးဝန်ကြီး ပန်ကြား


ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဖို့ အတွက် မြန်မာ အစိုးရသစ်ကို အချိန်ကာလ တခုနဲ့ လုပ်သာကိုင်သာ အခြေအနေမျိုး ပေးပြီး ပံ့ပိုးထောက်ခံပေးဖို့ ဒုတိယ ကာကွယ်ရေး ၀န်ကြီးက တိုက်တွန်းပါတယ်။ အာရှ ပစိဖိတ် ဒေသတွင်းက ကာကွယ်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတွေ တက်ရောက်နေတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ အတွင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနရဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောဆိုသွားတာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

စကာင်္ပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ - ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတွေ တက်ရောက်နေတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ အတွင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနက စီစဉ်တဲ့ ဆွေးနွေးပွဲမှာ မလေးရှား ကာက၇ွယ်ရေး ၀န်ကြီးက ဒေသတွင်း လုံခြုံရေး စိုးရိမ်ချက်တွေကို ဦးဆောင် ဆွေးနွေးပါတယ်။ မလေးရှား ကာကွယ်ရေး ၀န်ကြီးရဲ့ ရခိုင်အရေး ဆွေးနွေးချက် အပေါ်မှာ မြန်မာ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်က အခုလို ဖြည့်စွက် ပြောပါတယ်။

“ရခိုင်ပြည်နယ် အရေး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားလာနေတာကို မြန်မာနိုင်ငံ အနေနဲ့ အားလုံးကို သိရှိနားလည်ထားပါတယ်။ ဒီစိုးရိမ်ချက်တွေကို ဘက်ပေါင်းစုံကနေ ဖြေရှင်းဆောင်ရွက်ပေးဖို့ မြန်မာ အစိုးရသစ်က အခိုင်အမာ ပိုင်းဖြတ်ထားပါတယ်။ အပြစ်မဲ့ပြည်သူတွေ အပေါ် အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာ အစိုးရအနေနဲ့ လစ်လျူရှုမထားပါဘူး။ အထောက်အထား ခိုင်မာတဲ့ တိုင်ကြားချက်တွေကို တရားဥပဒေ လမ်းကြောင်းနဲ့ ဖြေရှင်းဆောင်ရွက်သွားမှာပါ။ လူမှု အသိုင်းအ၀ိုင်း နှစ်ခုစလုံးရဲ့ အကျိုးစီးပွား အတွက် ရေရှည်ခံတဲ့ ဖြေရှင်းချက် တခုထွက်လာဖို့ အာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။ မြန်မာ အစိုးရဘက်က တောင်းဆိုနေတာက သတင်းတွေကို မျှမျှတတ ပြောဆိုဖို့နဲ့ အထိအရှ မခံတဲ့ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းနေတဲ့ အစိုးရသစ်ကို ကူညီ ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ ဒီရှုပ်ထွေးလှတဲ့ အရေးကိစ္စကို အဖြေရှာနိုင်ဖို့ အတွက် အစိုးရ လုပ်သာကိုင်သာ အခြေအနေနဲ့ အချိန်ပေးဖို့ သိပ်ကို အရေးကြီးပါတယ်။”

မလေးရှား ကာကွယ်ရေး ၀န်ကြီး Dato’ Seri Hishamuddin Tun Hussein ကတော့ မြန်မာနိုင်ငံ ရခိုင် အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် မတွေ့ရသေးဘူးလို့ ပြောဆိုပြီး မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်ချက်ကို ထောက်ပြခဲ့တာပါ။

“ဒီကိစ္စက ဖြေရှင်းရမှာပါ။ ဖုံးကွယ်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ မွတ်စလင် အများအပြားက ဒီကိစ္စအပေါ်မှာ အတော်လေး ခံစားနေကြတာကြောင့်ပါ။ ဖြေရှင်းချက် တခုတလေမှလည်း မတွေ့ရသေးပါဘူး။”

မြန်မာနိုင်ငံ ရခိုင်အရေးကိစ္စဟာ ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိပါးလာမယ့် အရေးစိုးရိမ်တယ်လို့လည်း မလေးရှား ကာကွယ်ရေး ၀န်ကြီးက ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

“ကျနော်တို့ အစိုးရိမ်ဆုံး ကိစ္စကတော့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာ ဖွဲ့စည်းလာမယ့် အရေးပါ။ အရှေ့အလယ်ပိုင်း ဒေသမှာ IS အဖွဲ့ ရပ်တည်လာဖို့ ရုန်းကန်လာရတာနဲ့ အတူ အရှေ့တောင် အာရှ ဒေသတွင်းကို အခြေချလာမယ့် အရေးကို စိုးရိမ်တာပါ။ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ ရခိုင်ဒေသတို့မှာ မတည်မငြိမ် အခြေအနေတွေ ဖြစ်နေတာနဲ့ အတူ ဒေသတွင်းမှာ IS တွေ ထွက်ပေါ်လာနိုင်ပါတယ်။ ဒီအရေးကို အလေးထားဖို့ လိုပါတယ်။”

အခု ဆွေးနွေးပွဲမှာတော့ ဥရောပ သမဂ္ဂရဲ့ ကိုယ်စားလှယ် အဖွဲ့ အပါအ၀င် အာရှ ပစိဖိတ် ဒေသတွင်း နိုင်ငံပေါင်း ၂၀ ကျော်က ကာကွယ်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတွေ၊ စစ်တပ် အကြီးအကဲတွေနဲ့ အကြံပေးတွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

 မသိင်္ဂီထိုက်   / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရခိုင်အရေးဖြေရှင်းရေး အချိန်ကာလတခုပေးဖို့ ဒု ကာကွယ်ရေးဝန်ကြီး ပန်ကြား   ရခိုင်အရေးဖြေရှင်းရေး အချိန်ကာလတခုပေးဖို့ ဒု ကာကွယ်ရေးဝန်ကြီး ပန်ကြား Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.