ဂက်(စ်)ပိုက်ပေါက်သည့်နေရာသို့ လျှပ်စစ်မီးပွားလွင့်စဉ်ရာမှ ကားသုံးစီး မီးလောင်


ရန်ကုန် ဇန်နဝါရီ ၁၉

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် (၁၄/၂)ရပ်ကွက် ရတနာလမ်းနှင့် သံသုမာလမ်းထောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး အနီးတွင် ယနေ့ နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်က ဂက်(စ်)ပိုက်လိုင်းပေါက် သည့်နေရာသို့ လျှပ်စစ်မီတာဘောက်မှ မီးပွားလွင့်စင်ရာမှ မီးလောင်ပြီး ကားသုံးစီး မီးလောင်သွားကြောင်း သိရသည်။

''လွန်ခဲ့တဲ့ရက်ကတည်းက ဂက်(စ်) ပိုက်လိုင်းက ယိုစိမ့်နေတာပါ။ ဒါကို ပတ်ဝန်းကျင်ကတော့ ဂက်(စ်)နံ့ နံတယ်ဆိုတာတော့ သိတယ်။ ဂက်(စ်)လိုင်း ပေါက်တယ်လို့ သူတို့က မထင်ဘူး။ ကားတွေကနေပြီးတော့မှ ဂက်(စ်)နံ့နံတယ်ဆိုပြီး သူတို့ကယူဆ တာပေါ့။ ဒါပေမယ့် ဒီနေ့မနက် ၈ နာရီခွဲလောက်ကြတော့ ဓာတ်တိုင်မှာ တပ်ဆင်ထားတဲ့ ဒစ်ဂျစ်တယ်မီတာ ကနေ မီးပွားလွင့်ပြီး ဂက်(စ်)ပိုက်ပေါ် ကိုကျတော့မှ အဲဒီဂက်(စ်)တွေကအနား တစ်ဝိုက်ရှိကားတွေ အောက်မှာအငွေ့ တွေက ပျံနေတဲ့အတွက် အရှိန်နဲ့ ပြန့်ပြီးတော့မှ မီးလောင်မှုဖြစ်တယ်။ ကားတစ်စီးကတော့ မီးနည်းနည်း ပဲစွဲတော့ မောင်းထွက်သွားတယ်။ နှစ်စီးကတော့ မီးလောင်သွားတယ်''ဟု အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ကိုကိုဦးက ပြောသည်။

အဆိုပါမီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်ရှိ Command and Control Centre တွင် ညွှန်ကြား ရေးမှူးချုပ်က စောင့်ကြည့်ကာ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပြီး မီးလောင်ရာသို့ မီးသတ်ယာဉ် ၁၃ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၇ဝ ကျော် ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
''မီးလောင်တာ ၈ နာရီ မိနစ် ၂ဝ လောက်က သတင်းရတယ်။ ၈ နာရီ ၂၅ မိနစ်မှာ ကျွန်တော်တို့ရောက်ရှိပြီး ၈ နာရီ ၄၂ မိနစ်မှာ မီးငြှိမ်းနိုင်ခဲ့ပါ တယ်။ ကားသုံးစီးနဲ့ မီတာဘောက် သုံးလုံး မီးလောင်ခံရပါတယ်'' ဟု မီးသတ်ဦးစီးမှူး ကိုကိုဦးက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဂက်(စ်)ပိုက်လိုင်းပြုပြင်သည့် တာဝန်ခံနှင့် လျှပ်စစ်မီတာတပ်ဆင်သည့် EPC မှ တာဝန်ခံတို့ကို တရားစွဲမည်ဖြစ်ကြောင်း မီးသတ်ဦးစီးမှူး ကိုကိုဦး က ပြောသည်။ ယင်းအပြင် ဂက်(စ်) ပိုက်လိုင်းမှာ တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ်ကွက်ရှိ ဂက်(စ်)ဆိုင်နှင့် ဒဂုံတောင်ဂက်(စ်) ဆိုင်ကို သွယ်တန်းထားကြောင်း သိရသည်။

(ဇာနည်မောင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဂက်(စ်)ပိုက်ပေါက်သည့်နေရာသို့ လျှပ်စစ်မီးပွားလွင့်စဉ်ရာမှ ကားသုံးစီး မီးလောင်  ဂက်(စ်)ပိုက်ပေါက်သည့်နေရာသို့ လျှပ်စစ်မီးပွားလွင့်စဉ်ရာမှ ကားသုံးစီး မီးလောင် Reviewed by THITHTOOLWIN on 06:58 Rating: 5
Powered by Blogger.