ပုဂံဘုရားများပေါ်တက်၍ နေ၀င်နေထွက် ကြည့်ရှုနေမှုများ နောင်တွင်ပိတ် မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပုဂံဘုရားများပေါ်တက်၍ နေ၀င်နေထွက် ကြည့်ရှုနေမှုများသည် ရေရှည် အတွက် မသင့်တော်ခြင်းကြောင့် နောင်တွင် ပိတ်ပင်ရ မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဇန်န၀ါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံရှေးဟောင်း သုတေသန ပြတိုက်တွင် ရှေးဟောင်းပညာရှင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဆည်းဆာချိန် နေ၀င်နေထွက်ချိန်တွေကို ခရီးသွားတွေက စိတ်ဝင်စား တာလည်း နားလည်ပါတယ်။ ပုဂံဒေသရဲ့ နေဝင်နေထွက် မြင်ကွင်းတွေက တခြားဒေသတွေနဲ့ မတူဘူး။ ထူးခြားပြီး အရမ်းလှပါတယ်။ ကျွန်မ နေဝင်နေထွက် မြင်ကွင်းတွေ အများကြီးကြုံခဲ့ဖူးပါတယ်။ ပုဂံရဲ့ နေဝင်နေထွက်ကိုတော့ မမီပါဘူး။ ဒါပေမယ့် ခရီးသွားဧည့် သည်တွေဟာ စေတီတွေပေါ်တက်ပြီး နေဝင်နေထွက် ရှုခင်းတွေ ကြည့်နေတာဟာ ရှေးဟောင်း အမွေအနှစ်တွေကို ထိခိုက်စေ တဲ့အတွက် ရေရှည်တွက် မသင့်တော်လို့ နောင်မှာ ပိတ်ပင်ရမယ်။ တခြားနေရာတွေမှာ အစားထိုး စီစဉ်ပေးဖို့ လိုတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။


ပုဂံဒေသသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် ဗုဒ္ဓဘာသာဝင် ဖြစ်ချင်မှဖြစ်မည် ၊ ဗုဒ္ဓဘာသာဝင် မဟုတ်ပါကလည်း စိတ်ဝင်စားသဖြင့် လာရောက်ခြင်းဖြစ်ပြီး ၎င်းတို့၏ စိတ်ဝင်စားမှု သည် ဒေသခံများအတွက် စီးပွားရေးတွင် အထောက်အကူပြုရာ ကျသည်ကိုလည်း လျစ်လျူရှုထား၍ မရကြောင်း ၎င်းကပြောသည်။

“ရေရှည်မှာတော့ ဆက်ပြီးခွင့်ပြုလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားနေရာတွေမှာ လုပ်ပေးမယ်ဆိုရင်တော့ သင့်တော်မယ်လို့ ယူဆပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းတဲ့ အမြင်နဲ့ကြည့်ပြီးတော့ မသင့်တော်ဘူးလို့ ပြောတဲ့သူလည်း ရှိချင်ရှိမှာပေါ့။ ဒါကတော့ ဟိုဘက်ဒီဘက် ပြောတာတွေကို ကျွန်မတို့ နားထောင်ရ မယ်။ သေသေချာချာ ချင့်ချိန်ရမယ်။ လုပ်သင့်လုပ်ထိုက်တာ ကို နောက်ဆုံးကျတော့ ကျွန်မတို့နိုင်ငံရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။


ထို့အတူ ၀န်ကြီးဌာနက လုပ်ဆောင်နေသည့် ယဉ်ကျေးမှုဇုန် သတ်မှတ်ခြင်းနှင့် ပတ်သက်၍လည်း ဇုန်သတ်မှတ်သည့် နေရာများသည် အများပြည်သူ လက်ခံနိုင်သည့် နေရာမျိုးဖြစ်သင့်ပြီး အများပြည်သူ လက်ခံနိုင်မှသာ ဆောင်ရွက်သင့်သည်။ ပြည်သူကို ချပြပြီးမှ ဇုန်များ သတ်မှတ်ပေးရန် အရေးကြီးသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
ပုဂံဘုရားများပေါ်တက်၍ နေ၀င်နေထွက် ကြည့်ရှုနေမှုများ နောင်တွင်ပိတ် မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော  ပုဂံဘုရားများပေါ်တက်၍ နေ၀င်နေထွက် ကြည့်ရှုနေမှုများ နောင်တွင်ပိတ် မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.