ဥရောပတိုက်ရှိ သြစတြီးယားနိုင်ငံက အာဏာရ ညွှန့်ပေါင်းအစိုးရဟာ တရားရုံး၊ ကျောင်း အစရှိတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ တမျက်နှာလုံး ဖုံးအုပ်ထားတဲ့ ခေါင်းဆောင်း ဝတ်ရုံတွေ ဝတ်ဆင်ခွင့် ပိတ်ပင်လိုက်ပါတယ်။
ဒါ့အပြင် အစိုးရဝန်ထမ်း တွေအနေနဲ့ ခေါင်းစည်းပုဝါ အပါအဝင် အခြား ဘာသာရေး တခုခုရဲ့ အမှတ်သင်္ကေတ ပါတာတွေ ဝင်ဆင်ခြင်းကိုလည်း တားမြစ်ဖို့ စဉ်းစားနေကြပါတယ်။
အခု ညွှန်းပေါင်းအစိုးရအဖွဲ့ သဘောတူညီလိုက်တဲ့ အရေးယူဆောင်ရွက်မှုတွေမှာ ဂျီဟတ်ဒ် ဝါဒီ ဖြစ်ခဲ့ဖူးသူတွေကို အီလက်ထရောနစ် နည်းပညာ အမြဲမပြတ် ခြေရာခံ စောင့်ကြည့်ဖို့နဲ့ နိုင်ငံခြားသား အလုပ်သမား အရေအတွက်ကို ကန့်သတ်ဖို့ တွေလည်း ပါဝင်ပါတယ်။
ဒီလို အရေးယူ ဆောင်ရွက်ခြင်းဟာ လက်ယာစွန်း လွတ်မြောက်ရေးပါတီ (Freedom Party of Austria) လူကြိုက်များလာမှု အပေါ် တန်ပြန်တဲ့ လုပ်ရပ်လို့ အများက ယူဆကြပါတယ်။ လက်ယာစွန်းပါတီရဲ့ ကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ လ က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ မှာ ကွာခြားချက် အနည်းငယ်နဲ့သာ ရှုံးနိမ့်သွားခဲ့ပါတယ်။
အခု အာဏရနေတဲ့ အလယ်အလတ်ဝါဒီ ညွှန့်ပေါင်းအစိုးရဟာ အရင်အပတ်တုန်းက ပြုတ်ကျလုနီးနီး ဖြစ်ခဲ့ပါတယ်။ အစိုးရအဖွဲ့ရဲ့ အနာဂတ် လမ်းကြောင်း မူဝါဒတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ရမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အစိုးရရဲ့ ပိတ်ပင်မှုဟာ အစ္စလာမ် ဘာသာဝင် အမျိုးသမီးတွေရဲ့ မျက်နှာပြည့် သို့မဟုတ်၊ မျက်လုံးပဲ ဖော်ထားတဲ့ ခေါင်းဆောင်း ဝတ်ရုံရှည် ဝင်ဆင်မှုအပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။
သြစတြီးယားမှာ အဲဒီလို ဆင်ယင်မှု ရှိတဲ့ အမျိုးသမီး အယောက် ၁၅၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ခရီးသွားလုပ်ငန်းက အရာရှိတွေကတော့ အခု ပိတ်ပင်မှုဟာ ပင်လယ်ကွေ့ ဒေသက နိုင်ငံခြား ခရီးသွား လာရောက်လည်ပတ်မှုကို အဟန့်အတား ဖြစ်စေနိုင်တယ် ဆိုတဲ့ စိုးရိမ်ချက် ရှိပါတယ်။
ဒီ တားမြစ်ချက်ဟာ ဗီယင်နာ မြို့တော် အလယ်ခေါင်နဲ့ နှင်းလျှောစီး အပန်းဖြေစခန်းတွေလည်း ပါတယ်လို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုထားပါတယ်။
ဥရောပ နိုင်ငံ အများအပြားမှာ ဒီလို မျက်နှာလုံးပြည့် ဖုံးအုပ်ထားတဲ့ ဝတ်စားဆင်ယင်မှုမျိုးကို ပိတ်ပင်ထားကြပြီး ကျန်တဲ့ နိုင်ငံတွေမှာလည်း စဉ်းစား နေကြပါတယ်။
အရင်လကပဲ ဂျာမနီ အဓိပတိ အန်ဂလာ မာကဲလ်က တရားဥပဒေ အရ ဖြစ်နိုင်တဲ့ နေရာတိုင်းမှာ မျက်နှာပြည့် ဝတ်ဆင်မှုတွေကို တားမြစ်သင့်တယ်လို့ ပြောခဲ့ပါသေးတယ်။
ဗြိတိန်မှာတော့ မျက်နှာပြည့် ဖုံးအုပ် ဝတ်ဆင်ခြင်းကို တားမြစ်ခြင်း မရှိပါဘူး။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
သြစတြီးယားမှာ မျက်နှာပြည့် ဖုံးအုပ်ဝတ်ဆင်မှု တားမြစ်
Reviewed by THITHTOOLWIN
on
19:50
Rating:
