ရဲမေအယောင်ဆောင် အမျိုးသမီးတစ်ဦးအား မုံရွာမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်


မုံရွာ၊ ဇန္န၀ါရီ ၂၁

ရဲတပ်ဖွဲ့ဝင်များဝတ်ဆင်သည့် ရဲဝတ်စုံအား စက်ဆိုင်တွင်ချုပ်လုပ် ၀တ်ဆင်ပြီး ရဲတပ်ဖွဲ့ဝင်များကဲသို့ အသွင်သဏ္ဍန်ရယူထားသော ရဲမေအယောင်ဆောင် အမျိုးသမီးတစ်ယောက်ကို အလုပ်နှင့် ထောင်ဒဏ် သုံးလကျခံစေရန် မုံရွာမြို့နယ် တရားသူကြီး ဒေါ်နီလာသန်းဝင်းမှ ဇန္န၀ါရီ ၂၀ ရက်က အမိန့်စီရင်ချက် ချမှတ်လိုက်သည်။

အယောင်ဆောင် ရဲမေသည် မုံရွာမြို့ မြ၀တီရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရဲဝတ်စုံ တစ်စုံအား မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ဘူတာလမ်းရှိ စက်ချုပ်ဆိုင်တစ်ဆိုင်တွင် ချုပ်ပေးရန် အလုပ်အပ်ခဲ့သည်။ ထို့နောက် သူမမှာ ၎င်းရဲဝတ်စုံအား ၀တ်ဆင်ပြီးနောက် ခရိုင်ရဲ၊ မူးယစ်ရဲ ၊ မြို့နယ်ရဲဟု ရပ်ကွက်များအတွင်း ပြောဆိုကာ အများပြည်သူအပေါ် ထိန်းချုပ်မှုစနစ်များပြုလုပ်စဉ် မုံရွာနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ကိုကိုအောင်နှင့်အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူမအား ရဲစခန်း(ပ) ၃၁/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၁၇၁ အရ အမှုရေးဖွင့်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့ရုံး၏ ရဲစွဲချက်အမှတ် ၃၈/၂၀၁၇ အရ ယခုလ ၂၀ ရက်က မုံရွာမြို့နယ်တရားရုံးသို့ တရားစွဲဆိုခဲ့ရာ တရားရုံးက ရာကြီးအမှတ် ၁၅၅/၂၀၁၇ အရ လက်ခံကြားနာစစ်ဆေးခဲ့ပြီး အလုပ်နှင့် ထောင်ဒဏ် သုံလကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုတိုးကြီး(မုံရွာ)
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး

ရဲမေအယောင်ဆောင် အမျိုးသမီးတစ်ဦးအား မုံရွာမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်  ရဲမေအယောင်ဆောင် အမျိုးသမီးတစ်ဦးအား မုံရွာမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ် Reviewed by THITHTOOLWIN on 07:16 Rating: 5
Powered by Blogger.