ပူကျွဲ (၂) ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး သေနတ်ဖြင့် ပစ်ပြီး ကားမီးရှို့ခံရ၍ သေဆုံး


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ပန်လီရွာနှင့် ငါးမိုင်ခန့်အကွာတွင် ဇန်နဝါရီလ (၁၇) ရက်က ကားမောင်းလာသည့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီးဖြစ်သူတို့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ပစ်၍ ကားကိုမီးရှို့သွားကြောင်း သိရသည်။

မိုင်းခုတ်မြို့နယ် ဝမ်တောင်းကျေးရွာအုပ်စုပူကျွဲ (၂) ကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သည့် ဦးအားထောနှင့် ဇနီး ဒေါ်ဘူဒေါ့တို့သည် ပြည်သူ့စစ်အဖွဲ့ဝင် လော်ထူနှင့် အခြားတစ်ဦးလိုက်ပါပြီး ကျိုင်းတုံမြို့မှ ဇန်နဝါရီလ (၁၇) ရက် ညနေ (၃)နာရီခန့်တွင် မိုင်းခုတ်မြို့နယ် ဝမ်တောင်းအုပ်စု ပူးကျွဲရွာသို့ ပြန်ရန် ထွက်ခွာသွားရာ ညနေ (၅)နာရီခွဲခန့်တွင် ဦးအားထောနှင့်အတူ လိုက်ပါသွားသည့် လော်ထူက ၎င်းတို့ လိုက်ပါသွားသည့် ကားအား ပန်လီရွာအကျော်တွင် လက်နက်ကိုင်လူတစ်စုမှ ပစ်ခတ်သဖြင့် ဦးအားထောနှင့် ဒေါ်ဘူဒေါ့တို့မှာ ယာဉ်ပေါ်တွင် သေနတ်ထိမှန်သေဆုံးသွားပြီး ကားမီးလောင်သွားကြောင်း ကျိုင်းတုံမြို့နေအိမ်သို့ ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့များ လာရောက် စစ်ဆေးချိန်တွင် မီးလောင်နေသည့် မော်တော်ယာဉ်အတွင်းမှ ပြာကျနေသည့် အရိုးစုကိုသာ တွေ့ရပြီး ဦးအားထောနှင့်အတူ လိုက်ပါသွားသည့် ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် လော်ထူနှင့် လော်ဗြဲတို့မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာရ၍ ကားယာဘက်တံခါးအား တွန်းဖွင့်၍ လမ်း၏ယာဘက်ရှိ လျှိုထဲသို့ ခုန်ချထွက်ပြေးပြီးနောက် အခင်းဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် မိုင်းခွန်ဘက်မှလာသော ကားကြုံအကူအညီဖြင့် ပန်လီကျေးရွာဆေးရုံသို့ ရောက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

မီးလောင်ထားသည့် ကားအတွင်းမှ အမ် ၁၆ သေနတ်၊ အမ် ၂၁ သေနတ်တို့အား မီးလောင်နေသည်ကို တွေ့ရပြီး ကား၏အနောက်ဘက် ဆယ်ပေခန့်အကွာတွင် ကျည်ခွံတစ်ခု၊ ပေ (၂၀)ခန့်အကွာတွင် ကျည်ခွံ (၅)ခု၊ ကား၏ဘေးဘက် ဝဲဘက်ပေ(၂၀)ခန့်အကွာ (၁၂)ပေအမြင့် ကမ်းပါးယံနှင့် ရေနှုတ်မြောင်းထဲမှ ကျည်ခွံ (၁၄)ခုတို့ကို လည်းကောင်း အခင်းဖြစ်နေရာအနီး ကမ်းပါးယံတောင်ကုန်းပေါ်မှ ကတုတ်ကျင်း အတွင်းမှ ကျည်ခွံ (၁၈)ခုနှင့် ပြောက်ကျားလျှာထိုးဦးထုပ်တို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အရိုးစုများအား သိမ်းဆည်းပြီး ဒဏ်ရာရရှိသူနှစ်ဦးကို ကျိုင်းတုံမြို့ဆေးရုံသို့ပြောင်းရွှေ့ထားကြောင်း သိရသည်။

"အခု အသတ်ခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်က မကြာမီအချိန်တွင်းက ကားထဲမှာ မူးယစ်ဆေးဝါးမိလို့ ဖမ်းဆီးခံရပေမယ့် မလိုလားတဲ့ ရွာသားတစ်ဦးရဲ့ အမှုဆင်တိုင်ကြားမှုဖြစ်ကြောင်း သက်သေပြသနိုင်တဲ့ အတွက် အမှုကနေ ကွင်းလုံးကျွတ်လွတ်လာခဲ့သူလို့ သိရပါတယ်.."ဟု မိုင်းခုတ်မြို့မှ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၁၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၀၇ ဖြင့် အမှုဖွင့်ပြီး သေနတ်ဖြင့်ပစ်သွားသည့် လက်နက်ကိုင်အဖွဲ့အား စုံစမ်းနေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
Tachileik News Agency
http://www.tachileik.net
ပူကျွဲ (၂) ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး သေနတ်ဖြင့် ပစ်ပြီး ကားမီးရှို့ခံရ၍ သေဆုံး  ပူကျွဲ (၂) ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး သေနတ်ဖြင့် ပစ်ပြီး ကားမီးရှို့ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 17:13 Rating: 5
Powered by Blogger.