ထမင်းပန်းကန် မဆေးသည့် ကိစ္စနှင့် ရိုက်နှက်မှုကြောင့် လူသေဆုံးမှု ဖြစ်

အလုပ်သမားအချင်းချင်း ထမင်းပန်းကန်မဆေးသည့်ကိစ္စ ပြောရာမှ စကားများကာ ရိုက်နှက်မှုဖြစ်ပွားပြီး ဆေးကုသမှု ခံယူစဉ် သေဆုံးသွား တဲ့ဖြစ်ရပ်
ဘားအံ ဇန် ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ အထက်တန်းကျောင်းဆောင်သစ် ဆောင်လုပ်သည့် အလုပ်သမားများ အချင်းချင်း ဇန်န၀ါရီလ(၁၄)ရက်နေ့က ထမင်းပန်းကန် မဆေးသည့် ကိစ္စနှင့် စကားများ
ကြရာမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများမှာ ထွက်ပြေးတိမ်းရှောင်သွားသော်လည်း ဇာသပြင်စခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များ၏ ထပ်ကြပ်မကွာ လိုက်လံ စုံစမ်းဖမ်းဆီးမှုကြောင့် ပြစ်မှုကျူးလွန်သူ(၅)ဦးအနက်(၂)ဦး ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၁၄)ရက်နေ့ ည(၁၀)နာရီ၊ (၁၀)မိနစ်အချိန်တွင် ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ၊ ခရားအတွင်း(အထက) ကျောင်းဆောင်သစ်ဆောက်လုပ်သည့် အလုပ်သမား(၂)ဦး ရောက်ရှိလာပြီး ၄င်းတို့အဖွဲ့မှ ဦးအောင်ဝင်း၊(ခ)အရှည်ကြီး ၆၀နှစ်၊ လက်သမားလုပ်၊ မော်လမြိုင်ကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား တစ်ဝင်းထဲ အလုပ်လုပ်ကိုင်သူ သံစီသံကွေးအဖွဲ့မှ လင်းလင်းပါ(၅)ဦးတို့မှ ရိုက်နက်သွားကြောင်း အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးထွန်းမှ ဇာသပြင်နယ်မြေရဲစခန်းသို့ ဆက်လက်အကြောင်းကြားခဲ့သည်။

ထို့နောက် ဇာသပြင်နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်သန်းနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးမင်းဆွေတို့ ဦးဆောင်သည့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် သက်သေ ဦးဖိုးထွန်းအဖွဲ့တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ခရားအတွင်း အထက်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်သစ်ရှေ့မြေပြင်ပေါ်တွင် လဲကျနေသူ ဦးအောင်ဝင်း(ခ)အရှည်ကြီးတွင် ၀ဲမျက်လုံးညိုမဲဖူးရောင်၊ ယာနဖူးချိုင့်ဝင်၊ ဦးခေါင်းထိပ်ပေါက်ပြဲ၊ နောက်စေ့ပေါက်ပြဲ(စိုးရိမ်ရ)ဒဏ်ရာများဖြင့် လဲကျနေ၍ ဇာသပြင်တိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ရာ ဇာသပြင်တိုက်နယ်ဆေးရုံမှ တစ်ဆင့် မော်လမြိုင်ဆေးရုံသို့ လွဲပြောင်းပေးပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဝေယံလင်း(ခ)လင်းလင်း(ခ)မျိုးမင်းဦးပါ(၅)ဦးမှာ ရှောင်တိမ်းသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို့နောက် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးအောင်ဝင်း(ခ)အရှည်ကြီးအား ဒဏ်ရာများရရှိအောင် ရိုက်နှက်ခဲ့သူ လင်းလင်းပါ(၅)ဦးအား ခရားအတွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးထွန်းမှ ဖော်ထုတ်ဖမ်းဆီးပေးရန် တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ဇာသပြင်နယ်မြေရဲစခန်းမှ (ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့်အမှုရေးဖွင့်ခဲ့သည်။

ဇန်န၀ါရီလ(၁၅)ရက်နေ့ (၁၀)နာရီ(၅၀)မိနစ် အချိန်ခန့်ဆေးကုသမှု ခံယူနေသည့် ဦးအောင်ဝင်း(ခ)အရှည်ကြီးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွား၍ ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှ ၃၀၂သို့ပြောင်းလဲ စစ်ဆေးခဲ့ကြောင်းသိရသည်။

စခန်းမှူးနှင့်အဖွဲ့မှ သက်ဆိုင်နယ်မြေရဲစခန်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ပြီး ပြစ်မှုကျူးလွန် ထွက်ပြေးသွားသူ ဝေယံလင်း(ခ) လင်းလင်း(ခ)မျိုးမင်းဦးနှင့် အေးအောင်(ခ)ပါဂျဲတို့(၂)ဦးနေထိုင်သည့် ပဲခူးတိုင်းဒေသကြီး သေနပ်ပင်မြို့နယ်၊ ဥာဏ်ကျွန်းကျေးရွာသို့ ထပ်ကြပ်မခွာ လိုက်လံစုံစမ်းခဲ့ရာ ၄င်းတို့(၂)ဦးမှာ အဆိုပါကျေးရွာသို့ ရောက်ရှိလာကြောင်း စုံစမ်းသိရှိရ၍ နယ်မြေခံရဲစခန်းနှင့် ပေါင်းစပ်ကာဖမ်းဆီးရမိခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကာထွက်ပြေး တိမ်းရှောင်နေသူ(၃)ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
ထမင်းပန်းကန် မဆေးသည့် ကိစ္စနှင့် ရိုက်နှက်မှုကြောင့် လူသေဆုံးမှု ဖြစ် ထမင်းပန်းကန် မဆေးသည့် ကိစ္စနှင့် ရိုက်နှက်မှုကြောင့် လူသေဆုံးမှု ဖြစ် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.