အီရန် ဒုံးကျည်စမ်းသပ်မှု အစ္စရေး စိတ်ဆိုး


အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု က အီရန်ရဲ့ ဒုးကျည်စမ်းသပ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ထင်ထင်ရှားရှား ချိုးဖောက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

အီရန်ရဲ့ ရန်လိုတဲ့ အပြုအမူတွေ အတွက် အဖြေ တခုခု ရှာရမယ်လို့လည်း နေတန်ညာဟုက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘွတ်ခ် မှာ အသံသွင်း ပြောဆိုထားပါတယ်။ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ လာမယ့် ဖေဖော်ဝါရီလ တွေ့ဆုံမှုမှာ အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ အသစ်တဖန် ပြန်လည် ပြုလုပ်ဖို့ ပြောမယ်လို့လည်း သူက ဆိုပါတယ်။

အီရန်ဟာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ၊ ဂျာမနီ၊ ဥရောပ သမဂ္ဂ အဖွဲ့ တို့နဲ့ ၂၀၁၅ ခုနှစ် ခုနှစ်က ပြုလုပ်ခဲ့တဲ့ နျူကလီးယား သဘောတူညီမှု ရပြီနောက်ပိုင်းမှာ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ခံလာရပါတယ်။

အဲဒီနောက်ပိုင်းမှာ အီရန်ဟာ အလားတူ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လို အမျိုးအစား ဒုံးကျည်တွေကို စမ်းသပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသလို ဒါတွေဟာ ကုလ ဆုံးဖြတ်ချက်ကို တိတိကျကျ ချိုးဖောက်ခြင်း ပြုလား ဆိုတာလည်း မသေချာပါဘူး။

နေတန်ညာဟုဟာ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီမှုကို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူပါ။

အီရန်ဟာ ဂျူးလူမျိုးတွေရဲ့ အစ္စရေးနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ် သွားစေရမယ်ဆိုပြီး ကြုံးဝါးထားဖူးပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
အီရန် ဒုံးကျည်စမ်းသပ်မှု အစ္စရေး စိတ်ဆိုး အီရန် ဒုံးကျည်စမ်းသပ်မှု အစ္စရေး စိတ်ဆိုး Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.