ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်သူမှာ မန္တလေးဇာတိ မဟုတ်ဟု ရဲမှူးကြီးဆို

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်း ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ-ဆင်ဟွာ)
    ရန်ကုန်၊ ဇန်န၀ါရီ ၃၀ ရက် (ဆင်ဟွာ)

    ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သူမှာ မန္တလေးဇာတိမဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ယနေ့ ဇန်နဝါရီ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်သူကို ဖမ်းဆီးခဲ့စဉ်က မှတ်ပုံတင်တစ်ခုကို ရရှိခဲ့ပြီး မှတ်ပုံတင်ပါ လိပ်စာသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောဂဂီဝရပ်ကွက်တွင် နေထိုင်သည်ဟု ပါရှိသည့်အတွက် သွားရောက်ရှာဖွေသော်လည်း တွေ့ရှိခဲ့ခြင်းမရှိကြောင်း၊ မှတ်ပုံတင်သည် ၁၉၉၀၊ ၂၀၀၀ခုနှစ်ခန့်က ပြုလုပ်ထားခြင်းဖြစ်ပြီး အဆိုပါရပ်ကွက်တွင် အမှန်တကယ်နေထိုင်ခြင်း မရှိကြောင်း ရဲမှူးကြီး ဟန်ထွန်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည်လင်းသည် မန္တလေး အိုးဘိုထောင်ထွက်ဖြစ်ကြောင်း၊ ဘုရားခိုးမှုဖြင့် ထောင်ဒဏ် ၂၇ နှစ် အပြစ်ပေးခံရ ပြီး ထောင်သက် ၁၁နှစ်အကြာ ၂၀၁၄ခုနှစ် လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ဖြင့် လွတ်မြောက် လာသူ တစ်ဦး ဖြစ်ကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး မျိုးမင်းအောင်က ယနေ့ လွှတ်တော်တွင် သတင်းမီဒီယာများ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်သူမှာ မန္တလေးဇာတိ မဟုတ်ဟု ရဲမှူးကြီးဆို  ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်သူမှာ မန္တလေးဇာတိ မဟုတ်ဟု ရဲမှူးကြီးဆို Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.