သားမယားပြုကျင့်ခံရမှုကို ရိုးရာဓလေ့ထုံးစံအရ ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသဖြင့် ရဲစခန်းတွင်အမှု ဖွင့်


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းကိုင်ကျေးရွာအုပ်စု၊ ကုန်းခမ်းရွာတွင် အမျိုးသမီးတစ်ဦးအား အ ရက်တိုက်ပြီး သားမယားပြုကျင့်မှုကို ရိုးရာဓလေ့ထုံးစံအရ ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသဖြင့် မုဒိမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါကျေးရွာတွင်နေထိုင်သူ အသက်(၂၀)နှစ်အရွယ်အမျိုးသမီးသည် ဇန်နဝါရီ ၃ ရက်က ၎င်း၏ နေအိမ်သို့ နှစ်သစ်ကူးပွဲလာရောက်ကြသောဧည့်သည်များအတွက် ရွာတွင်းရှိ ယာတ၊ အသက်(၂၆)နှစ်၏ ဈေးဆိုင်သို့ ဈေး ဝယ်လာရာမှ သားမယားပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်။

ဆိုင်ရှင်ဖြစ်သူ ယာတက ဈေးလာဝယ်သောအမျိုးသမီးကို အရက်ဖြင့်ဧည်ခံခဲ့ကာ အမျိုးသမီးမှာ အရက် သောက်ပြီး အမူးလွန်၍အိပ်ပျော်သွားစဉ် သားမယားအဖြစ် (၃)ကြိမ်ပြုကျင့်ခဲ့သည့်အပေါ် ဓလေ့ထုံးစံအရ ညှိ နှိုင်းမှု အဆင်မပြေသောကြောင့် ကျိုင်းတုံမြို့မ ရဲစခန်း၌ ဇန်နဝါရီ (၁၂) ရက်က လာရောက်အမှုဖွင့်တိုင်ကြားခဲ့ ကြောင်း တိုင်ကြားချက်အရ သိရသည်။

"အမှုဖြစ်ပွားတာနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို လတ်တလောမှာ မပြောနိုင်သေးပါဘူး။ သူတို့ချင်း ညှိနှိုင်းမှုအဆင်မပြေဘူးလို့သိရပါတယ်။ အခုရဲစခန်းမှာ လာရောက်အမှုဖွင့်တိုင်ကြားထားတာဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်လွှမ်းမိုးကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးနှင့် ၎င်း၏မိဘများက ကျူးလွန်သူထံသို့ ကျေးရွာဓလေ့ထုံးတမ်းစဉ်လာ ဖြင့် ကျေအေးဖြေရှင်းပေးရန်ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသောကြောင့် (ပ)၁၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သန်းထွန်းနှင့်အဖွဲ့သည် အခင်းဖြစ်ပွားသည့်ရွာသို့ ဇန်နဝါရီ ၁၃ ရက်တွင်သွားရောက်၍ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့၏ ဖြစ်စဉ်အခြေအနေမှန်သိရှိရေးနှင့် စုံစမ်းစစ်ဆေး ရန် သွားရောက်ခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်ကျေးရွာသည် ကျိုင်းတုံမြို့အရှေ့ဘက် မိုင်(၅၀)ခန့်အကွာတွင်ရှိပြီး တောတောင်စိမ့်စမ်းရေ ချောင်းများနှင့် မြေသားကျင်းချိုင့်များရှိသည့် ခရီးကြမ်းနေရာတွင်ရှိပြီး ၎င်းဒေသအနီးတစ်ဝိုက်ရှိ တိုင်းရင်းသား ကျေးရွာများသည် နှစ်စဉ် နှစ်တစ်နှစ်၏နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလမှ နှစ်သစ်ဇန်နဝါရီလအတွင်း၌ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူးပွဲများအား ရက်ရှည်ပြုလုပ်လေ့ရှိကာ ရွာအချင်းချင်း သွားရောက်လည်ပတ် တတ်သော ဓလေ့ရှိသည်။

၎င်းတို့ကျေးရွာများ၏ဓလေ့ထုံးစံအရ အမျိုးသားနှင့် အမျိုးသမီးတို့က ဖိုမကိစ္စအတွက် ကျူးလွန်မိသည့်အဖြစ် များရှိပါက ချစ်ကြိုက်နေသူများဖြစ်လျှင် သဘောတူလက်ထပ်ထိမ်းမြားခြင်းနှင့် သဘောမတူပါက လျော်ကြေး အဖြစ် မွေးမြူထားသောဝက်၊ ကြက်၊ ဆေးလိပ်၊ အရက်နှင့် ငွေကြေးအဖြစ်ဖလှယ်သုံးစွဲသော ငွေဒင်္ဂါးပြား(သို့) မြန်မာငွေအား နှစ်ဖက်သဘောတူကြေးနှုန်းသတ်မှတ်၍ လျော်ကြေးအဖြစ်ပေးဆောင်ရသည့် ဓလေ့ထုံးစံများကို ယနေ့တိုင် အသုံးပြုနေကြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သားမယားပြုကျင့်ခံရမှုကို ရိုးရာဓလေ့ထုံးစံအရ ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသဖြင့် ရဲစခန်းတွင်အမှု ဖွင့်  သားမယားပြုကျင့်ခံရမှုကို ရိုးရာဓလေ့ထုံးစံအရ ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသဖြင့် ရဲစခန်းတွင်အမှု ဖွင့် Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.