အမြန်လမ်းတွင် တစ်ညအတွင်း ယာဉ်မတော် တဆမှု ၃မှုဖြစ်ပွား လူ ၇ဦး ဒဏ်ရာရ


ရန်ကုန် မန္တလေး အမြန်လမ်းမကြီးတွင် ဇန်နဝါရီလ ၂၂ရက်နေ့ ညနေပိုင်းနှင့် ဇန်နဝါရီလ ၂၃ရက်နေ့ နံနက်ပိုင်းအထိ တစ်ညအတွင်း ယာဉ်မတော်တဆမှု ၃မှုဖြစ်ပွားကာ လူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထံက သိရသည်။


ဇန်နဝါရီလ ၂၂ရက်နေ့ ညနေ ၄နာရီ အချိန်က မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၇၆/၂ နှင့် ၂၇၆/၃ အကြားတွင် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ကျော်မိုးဟိန်း မောင်းနှင်လာသော ယာဉ်အမှတ် 7D/4484 Mark ll အဖြူရောင်မော်တော်ယာဉ်သည် ယာဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တံတားကာရံထားသော ကွန်ကရစ်တုံးအား တိုက်မိကာ ယာဉ်ပေါ်ပါရှိသူ ကျား ၃ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် Mark ll ယာဉ်မှာ တန်ဖိုးငွေကျပ် ၃သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ယာဉ်မောင်း ကျော်မိုးဟိန်းအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ် ပ ၄/၂၁၀၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဇန်နဝါရီလ ၂၂ရက်နေ့ ည ၁၁နာရီ ၃၀မိနစ်အချိန်တွင် တပ်ကုန်းမြို့နယ် ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန် မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၂၉/၆အနီး၌ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း စိုးမင်းသန်း မောင်းနှင်လာသော ယာဉ်အမှတ် 8L/2437 Light Truck အဖြူရောင်ယာဉ်သည် ဝဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကျော်တက်ကာ ဘုးရားတောင်တံတား ဆိုင်ဘုတ်အုတ်ခုံအား တိုက်မိခဲ့ကာ ယာဉ်ပေါ်ပါရှိသူ ကျား ၂ဦး မ ၂ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်မှာ တန်ဖိုးငွေကျပ် ၅သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း စိုးမင်းသန်းအား ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်း ယာဉ် ပ ၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဇန်နဝါရီလ ၂၃ရက်နေ့ နံနက် ၀၀နာရီ ၃၀မိနစ်တွင် ဖြူးမြို့နယ် ဖြူးအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၁၁/၁နှင့်၁၁၁/၂ အကြား၌ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း စောဂီးဒို မောင်းနှင်လာသော ယာဉ်အမှတ်9H/3990 Mark ll အဖြူရောင်ယာဉ်သည် ယာဉ်မောင်းသူ အိပ်ငိုက်သောကြောင့် အရှိန်မထိန်းနိုင်သောကြောင့် လမ်းလယ်ကျွန်းပေါ်သို့ တက်ကာ သစ်ပင်အားတိုက်မိခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာများမဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် Mark ll ယာဉ်မှာ တန်ဖိုးငွေကျပ် ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း စောဂီးဒိုအား ဖြူအမြန်လမ်းမကြီး ရဲစခန်း ယာဉ် ပ ၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။အခင်းဖြစ်ပွားရာ နေရာများသို့ နီးစပ်ရာ အမြန်လမ်းမကြီးရဲစခန်းများနှင့်မီးသတ်တပ်ဖွဲ့ များက သွားရောက်စစ်ဆေးကူညီဆောင်ရွက် ပေးခဲ့ကြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
အမြန်လမ်းတွင် တစ်ညအတွင်း ယာဉ်မတော် တဆမှု ၃မှုဖြစ်ပွား လူ ၇ဦး ဒဏ်ရာရ  အမြန်လမ်းတွင် တစ်ညအတွင်း ယာဉ်မတော် တဆမှု ၃မှုဖြစ်ပွား လူ ၇ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.