တောင်ကုတ် မအီတွင် ရဲတပ်သားတစ်ဦး ဓားထိုးခံရ၍ သေဆုံး


စစ်တွေ၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့တွင် ဇန်နဝါရီလ ၂ဝ ရက်နေ့ညက ရဲတပ်သားတစ်ဦးသည် ရန်ပွဲဝင်ရောက် ဖျန်ဖြေရာမှ ဓားထိုးခံရပြီး သေဆုံးသွားသည်ဟု တောင်ကုတ်မြို့နယ် မအီနယ်မြေရဲစခန်းမှ သိရသည်။

အသတ်ခံရသည့်ရဲတပ်သားမှာ မအီနယ်မြေရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသော အသက် ၂၅ နှစ်အရွယ် ရဲမြင့်ထွန်းဖြစ်သည်။

သူသည် ဇန်နဝါရီလ ၂ဝ ရက်နေ့ညက မအီမြို့ အမှတ်(၃)ရပ်ကွက်တွင် ကျောင်းရန်ပုံငွေအတွက်ကျင်းပနေသည့် ဇာတ်ပွဲ၌ ရန်ဖြစ်နေသည့်လူအုပ်စုကို သွားရောက် ဖြန်ဖြေရာမှ ယခုကဲ့သို့ ဓားထိုးခံလိုက်ရခြင်းဖြစ်သည်ဟု မအီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းနိုင်က နိရဉ္စရာသို့ ပြောသည်။

"ရန်ပွဲကို ဖြန်ဖြေရာကနေ ဓားက ယမ်းပြီးတော့ သေဆုံးသွားတဲ့ ရဲတပ်သားရဲ့ ဘယ်ဘက်ညှပ်ရိုးကို ၁ ချက်ဝင်သွားတာကနေ သေဆုံးသွားတာဖြစ်ပါတယ်"ဟု စခန်းမှူး ရဲအုပ်ဝင်းနိုင်က ပြောသည်။

ရဲတပ်သားဓားထိုးခံရပြီးနောက် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

"တရားခံကိုတော့ ဖမ်းထားပါပြီ။ အမှတ်(၃)ရပ်ကွက်က အောင်အောင်သိန်း (၁၉ နှစ်)ဖြစ်ပါတယ်။"ဟု စခန်းမှူး ရဲအုပ်ဝင်းနိုင်က ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အမှုဖွင့်အရေးယူထားပြီဖြစ်ကြောင်းလည်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
တောင်ကုတ် မအီတွင် ရဲတပ်သားတစ်ဦး ဓားထိုးခံရ၍ သေဆုံး  တောင်ကုတ် မအီတွင် ရဲတပ်သားတစ်ဦး ဓားထိုးခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 06:21 Rating: 5
Powered by Blogger.