ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲပြီးနောက် ဆန္ဒပြသူ ၁၀၀ နီးပါး ဖမ်းဆီး


ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ဝါရှင်တန်မြို့၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ ၉၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဝါရှင်တန်ဒီစီရှိ Capitol အဆောက်အအုံ၌ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ပြုလုပ်ပြီးနောက် အိမ်ဖြူတော် အနီးတွင် ဆန္ဒပြသူများက ပြတင်းပေါက်များ ရိုက်ချိုးခြင်း၊ ကားများ ပျက်စီးစေခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း စသည့် အကြမ်းဖက် အပြုအမူများ လုပ်ဆောင်ခဲ့သဖြင့် လူ ၉၅ ဦးကို ဒေသစံတော်ချိန် နေ့လည် ၂း၀၀ နာရီအချိန်က ဖမ်းဆီးခဲ့ကြောင်း ဝါရှင်တန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


၁၂ လမ်းနှင့် K လမ်းများအနီး ပုလင်းများ၊ ကျောက်ခဲများ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများအား လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့များ၊ ငြုပ်ကောင်း စပရေးများ အသုံးပြုခဲ့ကြောင်း၊ အဆိုပါ ပဋိပက္ခ၌ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

အမေရိကန် သမ္မတ ကျမ်းကျိန်ပွဲ မစတင်မီ တစ်နာရီခန့်၌ ထရမ့်အား ဆန့်ကျင်သော အမည်းရောင်များ ဝတ်ဆင်ထားသူ ၅၀၀ ခန့်က ဝါရှင်တန် မြို့လယ်ရှိ အိမ်ဖြူတော် အနီး လမ်းများတလျှောက် “No Hate, No Place” နှင့် “Make Racists Afraid Again” ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။


ယင်းနေ့ နံနက် အစောပိုင်းကလည်း ဆန္ဒပြသူများသည် အခမ်းအနား ကျင်းပရာ လမ်းတလျှောက်သို့ သွားမည့် ဝင်ပေါက်များကို ပိတ်ဆို့ရန် ကြိုးစားခဲ့ကြသည်။

အမျိုးသား အစောင့်စစ်သည် ၇,၈၀၀ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် ၂၈,၀၀၀ ဦးတို့အား အခမ်းအနား ကျင်းပရာ လမ်းတလျှောက်၌ တပ်ဖြန့်ထားခဲ့ကြောင်း သိရသည်။

ထရမ့်၏ ကျမ်းကျိန်ပွဲသို့ လူဦးရေ ၉၀၀,၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး မျှော်မှန်းထားသည်ထက် လူအနည်းငယ် ပိုများခဲ့သည်ဟု ဆိုသည်။

ထရမ့်သည် ခေတ်သစ် သမိုင်း၌ အမေရိကန် လူထု ထောက်ခံမှု ၄၀ ရာခိုင်နှုန်းသာရရှိခဲ့သည့် အမေရိကန် သမ္မတ တစ်ဦး ဖြစ်ကြောင်း လတ်တလော ကောက်ယူထားသော ABC/ The Washington Post သတင်းဋ္ဌာနများ၏ စစ်တမ်းအရ သိရသည်။

(Xinhua)
China Xinhua News
ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲပြီးနောက် ဆန္ဒပြသူ ၁၀၀ နီးပါး ဖမ်းဆီး  ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲပြီးနောက် ဆန္ဒပြသူ ၁၀၀ နီးပါး ဖမ်းဆီး Reviewed by THITHTOOLWIN on 14:46 Rating: 5
Powered by Blogger.