ရှမ်းမြောက် အကြမ်းဖက်မှုဖြစ်စဉ်များ၌ ပါဝင်ခဲ့သူ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေး


ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ၌ အကြမ်းဖက် သောင်းကျန်းသူများအတွက် ငွေကြေးထောက်ပံ့ကူညီခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့သူ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေး

နေပြည်တော်၊ ဇန်န၀ါရီ ၁၉

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှဒီဇင်ဘာလ ၆ ရက်နေ့အထိ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအတွင်း KIA/MNDAA/TNLA/AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ခရီးသွားပြည်သူများအား အကြမ်းဖက် အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ လမ်းနှင့်တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသည်နှင့် ကုန်တင်ယာဉ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး၍ လမ်းများပိတ်ဆို့ထားကာ တပ်မတော် စစ်ကူစစ်ကြောင်းများ ၀င်ရောက်မလာနိုင်ရေးပြုလုပ်၍ မုံးကိုးစခန်းအပါအ၀င် တပ်မတော်စခန်းများနှင့် မူဆယ်၊ ကြူကုတ်(ပန်ဆိုင်း)၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်မြို့များအား ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းများကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို နေ့ညမနား ဆောင်ရွက်ခဲ့ရပြီးနောက်ပိုင်း မုံးကိုးတိုက်ပွဲဖြစ်စဉ်၌ အကြမ်းဖက်သောင်းကျန်းသူများအတွက် လူသစ်စုဆောင်းပေးခြင်း၊ သတင်းပေးခြင်း၊ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းများကို ပါဝင်လုပ်ဆောင်ခဲ့ကြသူများ မုံးကိုးမြို့အတွင်း ပြန်လည်ရောက်ရှိ နေကြောင်း မိမိအမာခံနှင့် ဆက်စပ်သတင်းဖော်ထုတ်ချက်များအရ တပ်မတော်စစ်ကြောင်းများက ဖော်ထုတ်ရှာဖွေခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီခွဲခန့်တွင် မုံးကိုးမြို့၊ အမှတ်(၁)ရပ်ကွက်နေ မသင်္ကာဖွယ် ဒီဒီနောင်လတ်(ဘ)ဦးဒေါ့နော်နှင့် မုံးကိုးမြို့၊ ကောင်းလုံကျေးရွာနေ လန်ဂျော်ဂမ်ဆိုင်း (ဘ)ဦးလန်ဂျော်လဖုန်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ၂ ဦးသည် ဒီဇင်ဘာ ၄ ရက်တွင် မုံးကိုးမြို့သို့ တပ်မတော်စစ်ကူစစ်ကြောင်းများ ရောက်ရှိထိန်းချုပ် နိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းလျက်ရှိစဉ် တစ်ဖက်နိုင်ငံသို့ ခေတ္တထွက်ပြေးတိမ်းရှောင်နေခဲ့ကာ ဒီဇင်ဘာလ ၇ ရက်တွင် မုံးကိုးမြို့အတွင်းသို့ တိုက်ပွဲရှောင်ပြည်သူများနှင့်အတူ ပြန်လည်ဝင်ရောက်နေထိုင်လာစဉ် ရှာဖွေဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းဖမ်းဆီးမှုနှင့်ပတ်သက်ပြီး မိမိအမာခံသတင်းပေးများ၏ လုံခြုံရေးအခြေအနေအရ သတင်းပေါက်ကြားမှုမရှိစေရေး အလေးထားထိန်းသိမ်း၍ ဖြစ်စဉ်မှန်များ ပေါ်ပေါက်စေရေးအတွက် ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ အသေးစိတ်စိစစ် မေးမြန်းဆောင်ရွက်ခြင်း၊ စစ်ကြောချက်များအား အတည်ပြုခြင်းများကို အချိန်ယူလုပ်ဆောင်ခဲ့ရသည်။

ထိုသို့အသေးစိတ်ဖော်ထုတ် စစ်ကြောမေးမြန်ချက်များအရ ဒီဒီနောင်လတ်ဆိုသူသည် ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ဖျက်သိမ်းခဲ့သော မုံဆာလခေါင်းဆောင်သည့် မုံးကိုးကာကွယ်ရေးတပ် (MDA) တွင် မုံးကိုးမြို့နယ်၊ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း သွားရောက်၍ တရားမ၀င်ဆောင်ရွက်ခဲ့သည့် KIA တပ်မဟာ(၆)၏ ဆုတောင်းပွဲနှင့် တပ်မဟာ(၆) တာဝန်ခံအလွှဲအပြောင်းပွဲများသို့ တက်ရောက်ခဲ့ကြောင်း၊ KIA တပ်မဟာ(၆)တပ်မဟာမှူး မရန်ဇော်ခေါင်၊ ဒုတိယတပ်မဟာမှူး လဇောင်း၊ ဆက်သွယ်ရေးတာဝန်ခံ ဂွန်းတန်၊ မိုင်ဂျာယန်ခရိုင် အုပ်ချုပ်ရေးမှူး လရှီစိုင်းနော်၊ KIA တပ်ရင်း(၃၆) တပ်ရင်းမှူး ယိင်းဘောင်၊ KIA မုံးကိုး မြို့နယ်အုပ်ချုပ်ရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သော ဓမ္မဆရာ နော်ခမ်း၊ KIA မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုက်ခိုက်ရေးအဖွဲ့မှ ခေါင်းဆောင်များ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ခေါင်းဆောင်အချို့နှင့် ရင်းနှီးပတ်သက်သူ ဖြစ်ကြောင်း၊ မုံးကိုးတိုက်ပွဲဖြစ်စဉ်ကာလအတွင်း မုံးကိုးမြို့နှစ်ခြင်းခရစ်ယာန်အသင်း၏ ဥက္ကဋ္ဌအဖြစ်အသွင်ယူ၍ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားမှုများအား အကြမ်းဖက်သောင်းကျန်းသူများထံသို့ သတင်းပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊ ပြည်ပမီဒီယာများနှင့်ချိတ်ဆက်၍ တပ်မတော်အပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ခြင်း၊ မုံးကိုးတိုက်ပွဲဖြစ်စဉ် မတိုင်မီနှင့် တိုက်ပွဲကာလများအတွင်း KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် အကြိမ်ကြိမ် ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်း များကို လုပ်ဆောင်ခဲ့သူဖြစ်ကြောင်းနှင့် လန်ဂျော်ဂမ်ဆိုင်း ဆိုသူသည်လည်း တိုက်ပွဲဖြစ်စဉ်ကာလအတွင်း KIA အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်သတင်းများပေးခြင်း၊ အကြမ်းဖက်သောင်းကျန်းသူ များအတွက် လူသစ်စုဆောင်းပေးခြင်းနှင့် သွားလာမှုအဆင်ပြေစေရန် စက်သုံးဆီများ သယ်ယူပို့ဆောင်ပေး ခြင်းများကို ကူညီလုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးအား မုံးကိုးမြို့ရဲစခန်းတွင် တိုက်ပွဲဖြစ်စဉ်များအပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ရဲဝန်ထမ်းများမရှိခြင်း၊ တိုက်ပွဲကာလအတွင်း ရဲဝန်ထမ်းများမှ ကျဆုံး/ပျောက်ဆုံးမှုများဖြစ်ပွားခဲ့ပြီး ရဲလုပ်ငန်းများမှာ လည်ပတ်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် အမှုဖွင့်လှစ်အပ်နှံချုပ်နှောင်ပြီး စစ်ကြောဆောင်ရွက် နိုင်မှု မပြုနိုင်ခြင်း၊ နယ်မြေခံတပ်တွင် သတင်းလုံခြုံမှုအတွက် စစ်ကြောမေးမြန်းရန် အခက်အခဲရှိခြင်းနှင့် အမာခံ သတင်းပေး၏ အသက်အန္တရာယ်လုံခြုံရေးစသည့် အချက်များကြောင့် “ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၆ ” အရ တည်ဆဲဥပဒေများနှင့်အညီ စစ်ကြောမေးမြန်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း နှင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ၏ အမာခံများ ထပ်မံဖမ်းဆီးရမိရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်စိစစ် ဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ရှမ်းမြောက် အကြမ်းဖက်မှုဖြစ်စဉ်များ၌ ပါဝင်ခဲ့သူ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေး ရှမ်းမြောက် အကြမ်းဖက်မှုဖြစ်စဉ်များ၌ ပါဝင်ခဲ့သူ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေး Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.