တစ်ရွာတည်းသား လူငယ်များ စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား


၉-၁-၂၀၁၇ ရက်နေ့ ည(၉)နာရီအချိန်က တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ်၊ ချောင်းဝကျေးရွာတွင် တစ်ရွာတည်းသား လူငယ်အချင်းချင်း စကားများရန်ဖြစ်၍ လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၉-၁-၂၀၁၇ ရက်နေ့ ည(၉)နာရီအချိန်က ကော့သောင်းမြို့နယ်၊ ချောင်းဝကျေးရွာ ရွာလယ်လမ်းဘေးရှိ ခုံတန်းတွင် တစ်ရွာတည်းနေ လူငယ် တင်အောင်၊ ညွန့်ဝင်း၊ အာကာတို့ (၃)ဦး သည် ဘီယာအတူသောက်နေရင်း ဘီယာဗူးခွံ(၂)ဗူးအား လမ်းပေါ်သို့ လွင့်ပစ်လိုက်စဉ် လမ်းလျှောက်လာသော တစ်ရွာတည်းသား ဝေယံဦးမှ ၄င်းဘီယာဗူးခွံအား ခြေဖြင့် ကန်ခဲ့ပါသည်။

ထိုအခါ ဘီယာသောက်နေသူ တင်အောင်က ``ဒီကောင် ငါလုပ်ရင်သေတော့မယ်`` ဟု ကြိမ်းမောင်းပြောဆိုခဲ့ပြီး၊ ခဏအကြာတွင် ဘီယာသောက်နေသူ လူငယ်(၃)ဦးသည် အသီးသီးနေအိမ်သို့ပြန်ခဲ့ကြပါသည်။

နောက်တစ်နေ့ ၁၀-၁-၂၀၁၇ရက်နေ့ ၁၃၃၀ အချိန်တွင် ဝေယံဦး၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ၍ ``မင်းက ဘာကိုမကျေနပ်တာလဲ`` ဟုပြောပြီး လက်သီးဖြင့် ထိုးခဲ့ရာ ဝေယံဦး၏ မိခင် ဒေါ်နုကြည်မှ ၀င်ရောက် တားမြစ်ခဲ့သဖြင့် ဒေါ်နုကြည်ကိုလည်း တင်အောင်က ၄င်း၏ဖိနပ်ဖြင့် ရိုက်နှက်ခဲ့ပါသည်။ ဝေယံဦးက ၄င်း၏အိမ်ရှေ့ရှိ ပန်းအိုင်းအတွင်းမှ စတီးဓါးဦးချွန်အားယူ၍ တင်အောင် အားထိုးစဉ် တင်အောင်၏အစ်ကို သန်းအောင်၊ ကျော်သိန်းဦးနှင့် အာကာ တို့ရောက်ရှိလာခဲ့ပါသည်။ တင်အောင်၏ အစ်ကို(၂)ဦးက ဝေယံဦးအား ရန်ပြုမည်ကိုစိုးရိမ်၍ ဝေယံဦး၏မိခင်းနှင့်အစ်မတို့မှ ၀င်ရောက် ကာပေးသည့် အခိုက်အတန့်တွင် တင်အောင် အား ဝေယံဦးမှ ဓါးဖြင့် ထပ်မံထိုးခဲ့ရာ တင်အောင်တွင် ၀မ်းဗိုက်၊ ဆီးခုံ၊ ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများရရှိပြီး ကော့သောင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းတွင်သေဆုံးသွားခဲ့ပါသည်။


အဆိုပါ ဖြစ်စဉ်သတင်းရလျှင်ရချင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဦးစီး၍ ရဲတပ်ဖွဲ့ဝင်များမှ ချောင်းဝကျေးရွာသို့ သွားရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူ ဝေယံဦးနှင့် ၄င်း၏ မိခင်၊ အစ်မတို့အား ဖမ်းဆီပြီး ကော့သောင်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားရှိ၍ တရားစွဲတင်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိပါသည်။

Tanintharyi Police
တစ်ရွာတည်းသား လူငယ်များ စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား  တစ်ရွာတည်းသား လူငယ်များ စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 08:30 Rating: 5
Powered by Blogger.