တရားရုံး သမ္မန်စာလုလင် ကားတိုက်ခံရ


 ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က တရားရုံးမှ သမ္မန်စာလုလင်တစ်ဦး ကားတိုက်ခံခဲ့ရကြောင်းသိရသည်။

အဆိုပါ တရားရုံးမှ သမ္မန်စာလုလင်မှာ ဦးမောင်ထွန်းနိုင် (၅၀)နှစ်ဖြစ်ပြီး ယင်းနေ့ နံနက် ၆ နာရီ အချိန်တွင် တစ်ဦးတည်းလမ်းလျှောက်ထွက်လာစဉ် ဘူးသီးတောင်အကျဉ်းဦးစီးဌာနရှေ့အရောက်တွင် ၎င်းအား နောက်ဘက်မှနေ၍ ကားတစ်စီးမှဝင်တိုက်ခဲ့ကြောင်း၊ ကားမောင်းနှင်လာသူမှာ ထွက်ပြေး သွားပြီး ထိုအချိန် လမ်းတွင်လူသူမရှိသည့်အတွက် ကားမောင်းသူ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဘူးသီးတောင်မြို့နယ် တောင်ပဇာရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲအုပ် အောင်မြင့်ဦးက ပြောသည်။

ဒုရဲအုပ် အောင်မြင့်ဦးက "ကားနဲ့ဝင်တိုက်ခဲ့တဲ့သူရဲ့ အရုပ်ကိုမြင်ရင်တော့မှတ်မိတယ်လို့ ကားတိုက် ခံရတဲ့ သူကပြောတယ်။ လူနာကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တဲ့အတွက် စစ်တွေဆေးရုံကြီးကို ပို့လိုက်တယ်၊ အဲဒီကနေတစ်ဆင့် ရန်ကုန်မှာ ဆေးကုသဖို့ ပို့လိုက်တယ်လို့တော့ကြားတယ်" ဟု ပြောသည်။

ထိုသို့ အနောက်မှကားဖြင့်အတိုက်ခံရသူ ဦးမောင်ထွန်းနိုင်မှာ နှာခေါင်းရိုးပေါက်ပြဲခြင်း၊ ညာဖက်မျက်ခုံး ပေါက်ပြဲခြင်း၊ ဦးခေါင်းထိဒဏ်ရာနှင့် ဦးခေါင်းနှောက်စေ့တို့တွင် ဒဏ်ရာများရရှိကာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု အမှုစစ်ရဲအရာရှိကဆိုသည်။

ကားဖြင့်အတိုက်ခံရသူ ဦးမောင်ထွန်းနိုင်သည် ဘူးသီးတောင်မြို့နယ် တရားရုံးမှ တမန်စာလုလင်(ရုံးမှ ထွက်စာများအား အိမ်တိုင်ရာရောက်ပေးပို့သူ)တာဝန်ထမ်းဆောင်သော ဝန်ထမ်းတစ်ဦးဖြစ်သည်။

အဆိုပါ ဦးမောင်ထွန်းနိုင်(၅၀)နှစ်အား အနောက်မှဝင်ရောက်တိုက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် တောင်ပဇာရဲစခန်းမှ ပ၊ ၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့် ထားပြီး ယင်းအမှုအား ဒုရဲအုပ်အောင်မြင့်ဦးမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

By - နေဝင်းစံ၊
Photo- Khine Zaw
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
တရားရုံး သမ္မန်စာလုလင် ကားတိုက်ခံရ   တရားရုံး သမ္မန်စာလုလင် ကားတိုက်ခံရ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.