ရည်စားဖြစ်သူအမျိုးသမီးကို ဓားဖြင့်ထိုးသတ်ပြီး အမျိုးသားဖြစ်သူက မိမိကိုယ်ကိုအဆုံးစီရင်မှု ကျောက်ဖြူတွင် ဖြစ်ပွား


နိရဉ္စရာ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ယနေ့နံနက်က ရည်စားဖြစ်သူ အမျိုးသမီးကို အမျိုးသား ဖြစ်သူက ဓါးဖြင့် ထိုးသတ်ပြီး နောက်ဆုံးတွင် မိမိကိုယ်ကို ထိုးသတ်ကာ အဆုံးရင်သည့် ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်း ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီက ကညင်တောရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ကျောက်ဖြူမြို့နယ် ကညင်တောကျေးရွာ ကုန်ဘောင်အုပ်စုနေ မမေဆုထွန်း(၂၇) နှစ် (ဘ) ဦးဘသိန်း၊ ကမ္ဘာ့ရတနာဘဏ် အကြီးတန်းစာရေးမတစ်ဦး ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဓားဖြင့်ထိုးသတ်ခံရသည့် ကညင်တောကျေးရွာကုန်ဘောင်အုပ်စုနေ မမေဆုထွန်းသည် ဘဏ်သို့သွားရန် ဆိုင်ကယ်ဖြင့်နေ အိမ်မှ ထွက်လာစဉ် ရခိုင်ပိုက်ဆိပ်ရပ်ကွက် ဘုရားကြီးလမ်းနေ ရည်းစားဖြစ်သူ ထွန်းလင်းဇာ (၂၇) နှစ်၊ (ဘ) ဦးဖြူတင်မှ မနက် ၈ နာရီ ၃၀ ခန့်တွင် အသင့်ပါလာသော ဓားဖြင့် လမ်းတွင်ထိုးသတ် လိုက်ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ရဲစခန်းမှ ရဲအုပ်ရဲထွန်းမှ နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

“ ကျွန်တော်တို့ သိရသလောက်ကတော့ သူတို့နှစ်ဦးဟာ မိဘတွေသဘောတူထားတဲ့ သမီးရည်းစား တွေလို့သိရတယ်။ ချစ်သူ မမေဆုထွန်းက သူကိုမယူတော့ဘူးလို့ပြောတဲ့အတွက် စိတ်မထိန်းနိုင်ဘဲ ခုလိုဖြစ်ကြတာလို့ သိရပါတယ်” ဟုဆက်ပြာသည်။

ဓားဖြင့် ၉ ချက် တိတိ ထိုးသွင်းခံရသည့် မမဆုထွန်းမှာ ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ မိမိကိုယ်ကိုယ် ထိုးသတ်သေဆုံးခဲ့သူ ထွန်းလင်းဇာတွင် ထိုးသွင်းဒဏ်ရာ ၃ ချက်ရရှိခဲ့ပြီး ကျောက်ဖြူဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရဲအုပ်ရဲထွန်းမှ ဆက်လက် ပြောကြားသည်။

ယခု လူသတ်မှုနှင့် ပတ်သတ်ပြီး မမေဆုထွန်း၏ အမဖြစ်သူ မခင်မိုးမိုးဆွေ(၃၂) နှစ်မှ (ပ) ရ၀၆/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယခုနှစ် ၂၀၁၆ အတွင်း လက်ရှိ အဖြစ်ပျက် အပါအ၀င် လူသတ်မှု ပေါင်း (၁၇) မှု ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ယခုကဲ့သို့ ချစ်သူကို အသေသတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သော ဖြစ်စဉ်မျိုး သူ တာဝန်ထမ်းဆောင်နေသည့် ၃ နှစ်ကာလ အတွင်း တစ်ကြိမ် တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ရဲအုပ် ရဲထွန်းပြောပြချက်အရ သိရသည်။

နှစ်ဘက် မိသားစုသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့သဖြင့် မိသားစုများ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

(ဓာတ်ပုံ- Facebook)
ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara-151742128171206/

ဘုန်းကြီးကို ဓားဖြင့်ထိုး၍ ငွေ ၂၈ သိန်း လုယက်သူဟု သံသယရှိသူအား ရဲက ဖမ်းဆီး


နိရဉ္စရာ ၊ အောက်တိုဘာလ ၃၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သက်တော် ၆၈ နှစ် ၀ါတော် ၁၆ ၀ါရှိ ဘုန်းတော်ကြီး တစ်ပါးအား ဓါးဖြင့် ထိုးပြီး ငွေ ၂၈ သိန်း လုယက်သွားသူများထဲမှ သံသယ ရှိသူ တစ်ဦးကို ရဲက ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရရှိသည်။

" အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပုဒ်မ ၃၉၇ နဲ့အမှုဖွင့်ထားပါတယ်။ အခုချိန်ထိတော့ တရားခံကို မဖော် ထုတ်နိုင်သေးဘူး။ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။ သံသယရှိတဲ့ လူတစ်ဦး ဖမ်းဆီး ချုပ်နှောင်ထားပြီး စစ်ဆေးနေပါတယ်" ဟုအမှတ် ၂ စခန်းမှူး ရဲအုပ် အောင်မြင့်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်ရှိ သစ္စာအောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာပါလ သက်တော် (၆၈) နှစ် ၀ါတော် (၁၆) ၀ါ အား အောက်တိုဘာ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်တွင် လူတစ်စုမှ ဓာထိုးပြီး ငွေ ၂၈ သိန်းအား လုယက်ခံခဲ့သည်။

“ ဖြစ်စဉ်က ဒီလ ၂၈ ရက် ည ၁၁ နာရီခန့်မှာ ဆင်ကူးလမ်းရပ်ကွက်ရှိ သစ္စာအောင် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာပါလ ကျိန်း (အိပ်) နေပါတယ်။ အမည်မသိ လူ ၄ ဦးက ကျောင်းထဲသို့ဝင်လာပြီး ဆရာတော်ကို ဆွဲထူ၍ မျက်နှာကိုဓာတ်မီးထိုးပြီး ကြိုးဖြင့်တုပ်နှောင်နေစဉ်မှာ ဆရာတော်က အော်ဖို့ကြိုးစားတဲ့ အတွက် ပါးစပ်ကိုပိတ်ပြီး ဓားဖြင့်ထိုးပါတယ်။ ငွေကျပ် ၂၈ သိန်းကို ယူဆောင်သွားပါတယ်” ဟု ရဲအုပ်ကဆိုသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုကိုဖော်ထုတ်နိုင်ရန် စစ်တွေမြို့ အမှတ်၂ ရဲစခန်းမှ သံသယရှိသူများအား ခေါ်ယူမေးမြန်းစစ်ဆေးနေခြင်း ဖြစ်သည်။

ဓားထိုးခံရမှုကြောင့် ဆရာတော်၏ ကျောရိုးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဘယ်ဖက်နံဘေးတွင် ပြတ်ရှ ရှဒဏ်ရာနှစ်ချက် ရရှိပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

ဖြူနှင်းဝေ၊ စစ်တွေ။
Narinjara
https://www.facebook.com/Narinjara
 

မိုးဆူးလ် မြို့အစပ်ကို အီရတ် တပ်တွေ ရောက်သွားပြီ

မိုဆူးလ် မြို့ပြင်က နောက်ဆုံးကျေးရွာကို တနင်္လာနေ့ အစောပိုင်းက အီရတ်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ကြ။
အီရတ် နိုင်ငံမှာ IS တွေ လက်ထဲက မိုဆူးလ်မြို့ကို ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေတဲ့ အီရတ် အထူးတပ်ဖွဲ့တွေဟာ အခုအခါမြို့နဲ့ တစ်မိုင် အကွာလောက်အထိ ရောက်လာခဲ့ပြီး မြို့ထဲဝင်ဖို့ ပြင်ဆင်နေကြပြီလို့ သတင်းတွေက ဆိုပါတယ်။

မိုဆူးလ် မြို့ထဲ မဝင်မီ နောက်ဆုံး ကျေးရွာ ဖြစ်တဲ့ ဘက်ဇ်ဝါယာ ကျေးရွာကို တနင်္လာနေ့ အစောပိုင်းက အီရတ် အကြမ်းဖက် တိုက်ဖျက်ရေး တပ်ဖွဲ့တွေက သိမ်းပိုက် နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး ယာဉ်တန်းကို ကားဗုံးခွဲ တိုက်ခိုက်တာလိုမျိုး IS တွေဘက်က ခုခံမှု တချို့တလေ ရှိခဲ့တယ်လို့ အဲဒီ တပ်ဖွဲ့တွေနဲ့ အတူ လိုက်ပါနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မိုဆူးလ်မြို့ကို IS လက်ထဲကနေ ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေးမှာ အီရတ် အထူးတပ်ဖွဲ့တွေ၊ ကာဒစ် တိုက်ခိုက်ရေးသမားတွေ၊ ဆွန်နီ အာရပ် မျိုးနွယ်ဝင်တွေ၊ ရှီးယား ပြည်သူ့စစ်တွေ စုစုပေါင်း အင်အား ငါးသောင်းလောက် ပူးပေါင်း ပါဝင်ပြီး မြို့ရဲ့ အရပ်မျက်နှာ ဘက်ပေါင်းစုံကနေ ချဉ်းကပ်နေကြတာ ဖြစ်ပါတယ်။

မိုဆူးလ်မြို့ဟာ ၂၀၁၄ ဇွန်လမှာ IS တွေ လက်ထဲ ကျရောက်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ သူတို့ရဲ့ ခြေကုပ်မြို့ ဖြစ်လာခဲ့တာပါ။

စစ်ဆင်ရေးတွေ မစမီက မြို့ထဲမှာ IS စစ်သွေးကြွ ငါးထောင်လောက်အထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားခဲ့ပြီး၊ အရပ်သား ကတော့ တစ်သန်းခွဲ လောက်အထိ ရှိမယ်လို့ ယူဆထားကြပါတယ်။

မြို့ကနေ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ အရပ်သား အရေအတွက်ကတော့ ခုချိန်အထိ တစ်သောင်း ခုနစ်ထောင်ကျော် ရှိသွားပြီး နောက်ထပ် ထွက်ပြေးလာနိုင်တဲ့ အရေအတွက်က ခုနစ်သိန်းလောက်အထိ ရှိနိုင်တယ်လို့ ကုလ သမဂ္ဂက ခန့်မှန်းထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံမည်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို၊ ရာနဲ့ချီတဲ့ ဂျပန်ရောက်မြန်မာနိုင်သားတွေနဲ့လည်း သီးသန့်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး နောက်ပိုင်းမှာ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ သီးသန့်သွားရောက်ကြမှာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့ရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို စတင်မှာဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲ တယောက်အနေနဲ့ တရားဝင် သွားရောက်မယ့် ဂျပန် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ ဒုဝန်ကြီးတွေနဲ့ အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးလိုက်ပါသွားမှာဖြစ်ပြီး စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းလဲ လိုက်ပါသွားမှာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံ ဂျပန်ခရီးစဉ်မှာ သူ့ရဲ့ကိုယ်စားလှယ်ပေါ့နော် Delegation မှာ အစိုးရ ၀န်ကြီး တွေ ၊ ဒုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ အားလုံးပေါင်း ၁၉ ယောက်ပါတယ်။ ပြန်ကြားရေးကော၊ လုံခြုံရေးကော အကုန်လုံးပေါင်း ၁၉ ယောက်ပါပါတယ်။ စီးပွားရေး လုပ်ငန်းနဲ့ Business forum က ၈ ရက်နေ့မှာလုပ်မှာ အဲဒီမှာ နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်မှာ ပါဝင်သွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဲဒီမှာနေခဲ့မယ်။ နေခဲ့ပြီးတော့ ဂျပန်ဘက်က စီးပွားရေးနဲ့ မြန်မာဘက်က စီးပွားရေး ဆွေးနွေးတာတွေကို ဆက်လုပ်မှာ။ သူတို့က Delegation သတ်သတ်တခုဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ၅ ရက်ကြာ ဂျပန်ခရီးစဉ်အတွင်းဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့နဲ့ရော အခြား ဂျပန်အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဖို့ ရှိသလို၊ နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အခြား မြန်မာ နိုင်ငံသားတွေ နဲ့ပါတွေ့ဆုံနိုင်ဖို့ တိုကျိုမြန်မာသံရုံးက စီစဉ်ထားတယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း(ဂျပန်)ရဲ့ တာဝန်ခံတဦး ဖြစ်တဲ့ ဦးသန်းဆွေက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံလာမယ်ဆိုတဲ့သတင်းသိရတဲ့ ကျနော်တို့ နိုင်ငံတော်အစိုးရကော ဒေါ်အောင်ဆန်းစုကြည် ကိုရော ကျနော်တို့ စာတစောင်ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင်တွေ့ချင်ပါတယ်ပေါ့နော်။ ဒီစာကို သံရုံးကိုလည်း ကျနော်တို့ အကြောင်းကြား စာပေးပို့ခဲ့ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ကိုလာတဲ့အခါမှာ မြန်မာ community နဲ့တွေ့ဖို့အတွက် သဘောတူလိုက်တယ်လို့ ကျနော်တို့ သတင်းတွေထပ်ကြားရပါတယ်။ အဲဒီအချိန်မှာပဲ သံရုံးကနေပြီးတော့ ကျနော်တို့ဆီကိုဆက်သွယ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက်ကို မြန်မာ communityအသိုင်းအ၀ိုင်းကို တာဝန်ယူပြီးတော့ ဖိတ်ကြားပေးဖို့ဆိုပြီးတော့ ကျနော်တို့ကို လူခွဲတန်းတွေချပေးပါတယ်။

တိုကျိုမြို့ RIHGA ROYAL ဟိုတယ်မှာ မြန်မာနိုင်ငံသား ၇၀၀ ထက်မနည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံချိန်မှာ သူတို့ဖက်က တင်ပြမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီးလဲ ဦးသန်းဆွေက ရှင်းပြပါတယ်။

“ဟိုးအရင် စစ်အစိုးရလက်ထက်မှာကတည်းကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲဖို့အတွက်ကို ၀န်းရံခဲ့ကြတဲ့ မြန်မာ community အသိုင်းအ၀ိုင်းက ဂျပန် မှာ တော်တော်လေးကို ကြီးပါတယ်။ ဒီလူတွေက အခုအစိုးရသစ် ဖြစ်လာပြီးတဲ့အချိန်မှာ အခုအချိန်အထိ Passport တွေပြန်ထုတ်တဲ့အချိန်မှာလည်း စစ်အစိုးရလက်ထက်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အခွန်ကို မဖြစ်မနေပေးတဲ့အခါမှပဲ Passport စာအုပ်ကို ထုတ်ပေးမယ်ဆိုတဲ့ဟာမျိုးလေးတွေလည်း သူတို့ စည်းကမ်းသတ်မှတ်ထားတာ ဖြစ်တဲ့အခါကျတော့ ဒီမှာကလည်း ကျနော်တို့က ဂျပန်အစိုးရကို အခွန်က ပေးနေရတဲ့အခါမှာ အခွန် ၂ ထပ်ပေးတဲ့ ကိစ္စက အင်မတန်မှ ၀န်ထုတ်ဝန်ပိုးဖြစ်တယ်ပေါ့လေ။ နောက်တခါ ကျနော်တို့ ဒီစစ်အစိုးရကို အခွန်မပေးဆိုတဲ့ စစ်အစိုးရကို အထောက်အပံ့ဖြစ်စေမယ့် လုပ်ငန်းတွေအားလုံးကို ကျနော်တို့က ဆန့်ကျင်ခဲ့ကြတဲ့အခါကျတော့ အများစုက မြန်မာနိုင်ငံကို ပြန်လို့မရဘူးဖြစ်နေတယ်။ အဲဒါကြောင့် ဒါတွေကို ကျနော်တို့အားလုံးတောင်းဆိုမယ်လို့ စိတ်ကူးထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဂျပန်အစိုးရတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

 ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 

လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်မှုပြုလုပ်သည်ဟု ယူဆရသူအား ဖမ်းဆီးရမိ

လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်မှုပြုလုပ်သည်ဟု ယူဆရသူအား ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ
(ပုသိမ်) အောက်တိုဘာလ ၃၀ ရက်၊

လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်ခဲ့သည့်အမှုမှ တရားခံဆိုသူအား ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာတွင် တံငါလုပ်ငန်း လုပ်ကိုင်သူ ဦးသိန်းလွင်မှ သလပ်ခွာချောင်း အတွင်း ငါးဖမ်းနေစဉ် ချောင်းထဲတွင်မျောနေသည့် မသင်္ကာဖွယ်ရာ ပီနံအိတ်ထုပ်တစ်ထုပ် တွေ့ရှိရသည့် အတွက် သလပ်ခွာနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် သလပ်ခွာရဲစခန်းမှ သက်သေများအတူ လိုက်လံရှာဖွေရာ လွှစင်ကုန်းချောင်းအတွင်းရှိ ငုပင်တွင်ချိတ်နေသည့် ၂ တင်းဝင် ပီနံအိတ် ၂ လုံးအား ဦးခေါင်းနှင့် ခြေထောက်တွင် စွပ်ထားပြီး ပူလီကြိုးအဟောင်းဖြင့် ခါးလည်မှပတ်ချည်ထားသောအလောင်း တလောင်းကို ရဲတပ်ဖွဲ့မှ အောက်တိုဘာလ (၂၉)ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုအား ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးကြီးနန်း (ခေါ်) ဦးခင်ထွေး (အသက် ၄၉ နှစ်) ဖြစ်ပြီး သလပ်ခွာကျေးရွာနှင့် ၃ မိုင်အကွာ လယ်ကွင်းထဲတွင် စာရင်းငှားလုပ်ကိုင်သူ ဖြစ်ကြောင်းပေါ်ပေါက်ပြီး လူသတ်တရားခံအား စုံစမ်းဖော်ထုတ်ခဲ့ရာ လူသတ်တရားခံအဖြစ် သံသယရှိသူ စောလွယ်လှထူး (၂၅ နှစ်) ကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

“သေဆုံးသူ ဦးကြီးနန်းက ဖိုးထူး (လူသတ်တရားခံ) ရဲ့ မိန်းမကို ခိုးပြေးမယ်လို့ ပြောတယ်။ အဲဒါနဲ့ သူ့မိန်းမက သူ့ယောက်ျား ဖိုးထူးကို ပြန်ပြောပြတော့ ဖိုးထူးက စိတ်ဆိုးပြီး သတ်လိုက်တာလို့ စစ်ဆေးပေါ်ပေါက်ပါတယ်။ တရားခံကိုတော့ ဖမ်းဆီးထားပါပြီ။ ဒီအမှုကို အလောင်းတွေ့ရှိရပြီး ၂၄ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းကြည်က ပြောသည်။

သေဆုံးသူ ဦးကြီးနန်း (ခေါ်) ဦးခင်ထွေး၏ အလောင်းတွင် ဦးခေါင်းဝဲဘက်ချိုစောင်းတွင် ၄ လက်မခန့် ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ၀ဲဘက်ဂုတ်ပိုး ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် နောက်ဘက် ဂုတ်ပိုး ၁ လက်မန့် ပြတ်ရှဒဏ်ရာ စသဖြင့် ဒဏ်ရာ ၄ ချက်တွေ့ရှိရကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။

သေဆုံးသူ ဦးကြီးနန်း (ခ) ဦးခင်ထွေး၏ ညီဝမ်းကွဲတော်စပ်သူ ဦးစိုးဝင်းမှ တရားလိုပြုလုပ် တိုင်ကြားခဲ့ရာ သလပ်ခွာရဲစခန်းက ပ - ၅၈/၂၀၁၆၊ ရာဇ၀တ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၂၀၁ (အလောင်း ဖျောက်ဖျက်မှု) တို့ဖြင့် အမှုဖွင့်ထားသည့်အတွက် လူသတ်တရားခံဟု ယူဆရသူ စောလွယ်ဖိုးထူးကို ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - The Ayeyarwaddy Times
Ayeyarwaddy Times
https://www.facebook.com/ayetimes

ခရီးသည်မပါသည့် ဧရာသစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ဒရိုင်ဘာသေဆုံး


(ဇလွန်)အောက်တိုဘာ ၃၀။

ဇလွန်မြို့အနီး ရန်ကုန် - ဇလွန် အမြန်လမ်း မိုင်တိုင် ၃၃/၆ ဖာလုံတွင် အောက်တိုဘာလ ၃၀ ရက် နံနက် ၃ နာရီခန့်က ဧရာသစ္စာ ခရီးသည် တင်ယာဉ် သည်ရန် ခရီးသည် မပါဘဲမောင်းနှင် လာရာစဉ် တိမ်းမှောက်ပြီး ဒရိုင်ဘာဖြစ်သူ သေဆုံး ခဲ့ကြောင်း သတင်းရ ရှိသည်။

`မှောက်တဲ့ အချိန်မှာ ယာဉ်နောက်လိုက်ပါလာတယ်။ ဒါပေမယ့် ကားမှောက်ရင် တကယ်အပြစ်ရှိတာ ဒရိုင်ဘာ ဖြစ်တဲ့အတွက် ယာဉ်နောက်လိုက် ကိုလည်း ဖမ်းဆီးအရေးယူထားခြင်း မရှိပါဘူး´ ဟုဇလွန်မြို့မရဲစခန်းမှုး ဒုရဲမှုးကျော်တင့် ကပြောသည်။

ကနဦးထွက်ဆိုချက်များအရ ဧရာသစ္စာယာဉ်သည် ရန်ကုန်ဘက်မှ ဇလွန်ဘက်သို့ မောင်းနှင်လာစဉ် လမ်းဘေးရှိ မယ်ဇလီပင်အား တိုက်မိပြီးရေမြောင်းထဲ ပြုတ်ကျကာ ဒရိုင်ဘာမှာ ကားထဲမှ ထွက်မရဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဇလွန်မြို့မ ရဲစခန်းမှသိရသည်။

ဖြစ်စဉ်ကို ဇလွန်မြို့မရဲစခန်းမှ သေမှုသေခင်း ရေးဖွင့်စစ်ဆေး လျှက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ Zaw Min(FB)
Ayeyarwaddy Times
https://www.facebook.com/ayetimes

နောင်ချိုမြို့ နယ်မှာ တံတားတိုက်မိတဲ့ယာဉ် ချောင်းထဲသို့ထိုးကျပြီး လူ သေဆုံးမှုဖြစ်ပွား


နေပြည်တော်၊ အောက်တိုဘာ ၃၁

 ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သဲခေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၆၄/၁-၂)ကြား သဲချောင်းတံတားပေါ်တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်၌ အရှိန်မထိန်းနိုင်သောယာဉ် ချောင်းထဲသို့ထိုးကျပြီး လူသေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။

 နောင်ချို မှ ပြင်ဦးလွင်ဘက်သို့ ချမ်းအေးသာစံမြို့နယ်၊ မဟာမြိုင်ရပ်နေ သန်းလွင်ဦး(၃၃)နှစ်မောင်းနှင်လာသည့် 4K/×××× VIGO ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားယာဘက်ကွန်ကရစ်ဘောင်အား တိုက်မိကာ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 ယာဉ်ပေါ်တွင်လိုက်ပါလာသော မောင်စိုးအုပ်မင်း(၄)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဒေါ်မိုးမိုးလွင်(၃၄)နှစ်နှင့် မသော်တာလင်း(၁၁)လ တို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ယာဉ်မောင်း သန်းလွင်ဦးအား နောင်ချိုမြို့မရဲစခန်းယာဉ်(ပ)၅၁/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက် အရသိရပါသည်။

by သစ်ထူးလွင်

မြန်မာနိုင်ငံသား (၄)ဦး မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲခံရ ၊ (၂)ဦး ရဲ့အလောင်းတွေ ရှာဖွေတွေ့ရှိ


မလေးရှားနိုင်ငံမှာပြန်ပေးဆွဲခံရတဲ့မြန်မာနိုင်ငံသားလေးဦးထဲက (၂)ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က အတည်ပြုလိုက်ပါတယ်။

မလေးရှားနိုင်ငံမြောက်ပိုင်း ဘာချော့ခရိုင်၊ ဘီကီလန်မြို့နယ်အတွင်းလယ်ကွက်တစ်ခုထဲကနေ အောက်တိုဘာ (၃၀)ရက်နေ့ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 တွေ့ရှိတဲ့အချိန်မှာ အလောင်းတွေဟာ ပုတ်ပွနေပြီးခန္ဒာကိုယ်ပေါ်က တက်တူးတွေ အရ ပြန်ပေးဆွဲခံရတဲ့ မြန်မာတွေဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့တာပါ။

 ဒီပြန်ပေးဆွဲမှုဟာ ပြီးခဲ့တဲ့ကြာသာပတေးနေ့ က ဖြစ်ပွားခဲ့တာဖြစ်ပြီး မျက်နှာဖုံးစွပ်ထားတဲ့လူကိုးဦးက မြန်မာ(၄)ဦး ကို ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။

 အခုတွေ့ရှိတဲ့ သေဆုံးသူမြန်မာနှစ်ဦးဟာ အသက်(၂၀)အရွယ်နဲ့ အသက်(၃၀)အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - NST
5 Plus News
https://www.facebook.com/5plusnews/

ထိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှု မြန်မာအမျိုးသားတစ်ဦးကို စွဲချက်တင်


ထိုင်းနိုင်ငံ ၊ Bang Saphan ခရိုင်မှာ ကာရာအိုကေဆိုင်ကအမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုနဲ့ မြန်မာအမျိုးသားတစ်ဦးကို စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကိုကိုးကားပြီး Bangkok Post သတင်းဌာန က ရေးသားဖော်ပြပါတယ်။

 စွပ်စွဲခံထားရတဲ့ မြန်မာအမျိုးသားဟာ အသက် (၄၀) အရွယ် ဖြစ်ပြီး Bang Saphan ခရိုင်မှာရှိတဲ့ ယာခင်းမှာ အလုပ်လုပ်ကိုင် သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

 အဲဒီအမျိုးသားကို ကာရာအိုကေဆိုင်အလုပ်သမတစ်ဦး သေဆုံးပြီး နှစ်ရက်အကြာမှာ သူနေထိုင်ရာရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ကာရာအိုကေဆိုင်မှာအလုပ်လုပ်ကိုင်တဲ့ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးရဲ့အလောင်းကိုတော့ အောက်တိုဘာ (၂၇) ရက်က ဟိုတယ်တစ်ခု အတွင်းမှာတွေ့ရှိရတာဖြစ်ပါတယ်။

 ဟိုတယ်ဝန်ထမ်းတစ်ဦးက ဟိုတယ်အခန်း အတွင်း အ၀တ်အစားမပါပဲ လဲနေတဲ့ အမျိုးသမီးကို လည်ပင်းဒဏ်ရာတွေနဲ့ အတူ တွေ့ရှိတာဖြစ်တယ်လို့ သတင်းကဆိုထားပါတယ်။

 စွပ်စွဲခံထားရတဲ့ အမျိုးသားကတော့ သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့ညက ကာရာအိုကေဘားမှာ ဘီယာသောက်နေခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး အမျိုးသမီးကို ဟိုတယ်မှာ တစ်ညတာအတူနေဖို့ ဘတ် ၁၈၀၀ နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post
5 Plus News
https://www.facebook.com/5plusnews/

တိုက်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် အသံချဲ့စက်များ အသုံးမပြုရန်တားမြစ်


နိုဝင်ဘာ(၁၅)ရက်မှာ ကျင်းပမယ့်(၄၉)ကြိမ်မြောက် တိုက်ကြီးတန်ဆောင်တိုင် ဆွမ်းကြီးလောင်းပွဲတော်မှာ ဟွန်းအရှည်အသံချဲ့စက်တွေအသုံးမပြုကြဖို့ အောက်တိုဘာ (၂၉)ရက်က တားမြစ်ချက် ထုတ်ပြန်လိုက်ပါတယ်။

 အဲဒီလိုထုတ်ပြန်တာဟာ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အထောက်အကူအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေရဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်တာဖြစ်ပါတယ်။

အရင်ကတိုက်ကြီးတန်ဆောင်တိုင် ဆွမ်းကြီးလောင်းပွဲတွေမှာမဏ္ဍပ်တွေဟာတစ်ခုနဲ့တစ်ခုဟွန်းရှည်တွေနဲ့ စောင်းဘောက်တွေတွဲပြီးအပြိုင်အဆိုင်ဖွင့်တာတွေ၊သီဆိုကခုန်တာတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကျင်းပလေ့ရှိပြီး၊ လှူဖွယ်ပစ္စည်းတွေ ငွေပဒေသာပင်တွေနဲ့မဲပေါက်တဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သူ့ထက်ငါ အပြိုင်အဆိုင် စောင်းဘောက်တွေ ဟွန်းရှည်တွေနဲ့ သီဆိုကခုန်ကာ ပို့ဆောင်လေ့ရှိတယ်လို့ အသက်(၅၀)ခန့်ရှိ တိုက်ကြီးမြို့ခံ တစ်ဦးကပြောပါတယ်။

 တိုက်ကြီးမြို့ရဲ့ (၄၉)ကြိမ်မြောက် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲတော်မှာ စောင်းဘောက်တွေနဲ့ ဟွန်းအရှည်တွေတွဲသုံးခွင့်မပြုဘဲ စောင်းဘောက်အနည်းငယ်သာ မြန်မာသံစဉ်အေးအေးတွေဖွင့်ခွင့်ပြုမှာဖြစ်ပြီးပွဲတော်အတွင်းအရက်သေစာ သောက်စားတာတွေနဲ့ခိုက်ရန်မဖြစ်ပွားစေဖို့လုံခြုံရေးတွေတင်းတင်းကျပ်ကျပ်ချထားမှာ ဖြစ်တယ်လို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

အိန္ဒိယ အကျဉ်းထောင်တွင် အစောင့်ကို သတ်ပြီး စစ်သွေးကြွ ၈ ဦး ထွက်ပြေးလွတ်မြောက်

ထောင်ဖောက်မှု ဖြစ်ပွားခဲ့သည့် ဘိုပါး အကျဉ်းထောင်တွင် လုံခြုံရေး အစောင့်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာ ပရာဒတ်ပြည်နယ် မြို့တော် ဘိုပါးရှိ အကျဉ်းထောင် အစောင့်အား အောက်တိုဘာလ ၃၁ ရက်၌ သတ်ကာ တရားမဝင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အစွန်းရောက် အစ္စလာမ်မစ် ကျောင်းသားများ လှုပ်ရှားမှုအဖွဲ့ဝင် (SIMI) အနည်းဆုံး၈ ဦး ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

“ရဲတင်းလွန်းတဲ့ ထောင်ဖောက်မှုဟာ ဘိုပါးမြို့လယ် အကျဉ်းထောင်မှာ ဒေသစံတော်ခ်ျိန် နံနက် ၂း၀၀ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်၊ ထောင်ဖောက်သူ စစ်သွေးကြွတွေဟာ ဓားနဲ့ အစောင့်ကို သတ်သွားပြီး စောင်တွေ အသုံးပြုကာ ထောင်နံရံကို ကျော်ဖြတ်သွားခဲ့တယ်” အမည်မဖော်လိုသူ အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် ပြည်နယ် အစိုးရက ညွှန်ကြားထားကြောင်း၊ တာဝန်လစ်ဟင်းမှု စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဘူပန်ဒြာ ဆင်းက မီဒီယာသို့ ပြောသည်။

ယခုလို ထောင်ဖောက်ခြင်းသည် ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ ၂၀၁၃ ခုနှစ်က ဘိုပါးမြို့နှင့် ကီလိုမီတာ ၂၈၀ ကွာဝေးသည့် ခန့်ဝါ အကျဉ်းထောင်၌ အများသုံး သန့်စင်ခန်း နံရံအား ကျော်ဖြတ်ကာ တရားမဝင် အသင်းအဖွဲ့ဝင် စစ်သွေးကြွ ၇ ဦးက ထောင်ဖောက်မှု ဖြစ်ပွားခဲ့သေးသည်။

SIMI အဖွဲ့အား တရားမဝင်အဖွဲ့ဖြစ်ကြောင်း ၂၀၀၁ ခုနှစ်က ကြေညာခဲ့သည်။ ယင်း အဖွဲ့သည် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွယ်မှု ရှိကြောင်း အိန္ဒိယက ပြောကြားထားသည်။

၂၀၀၃ ခုနှစ်တွင် လူပေါင်း အနည်းဆုံး ၅၀ ကျော် သေဆုံးခဲ့သည့် မွမ်ဘိုင်း ပေါက်ကွဲမှုကို ထိုအဖွဲ့က ကျူးလွန်ကြောင်း အိန္ဒိယ အစိုးရက စွပ်စွဲခဲ့သော်လည်း SIMI အဖွဲ့က ယင်းအချက်အား ငြင်းပယ်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ဆိုင်ကယ်ခိုးသူလူငယ်လေးဦးကို ခင်ဦးတွင် နာရီဝက်အတွင်း ဖမ်းဆီးရမိ


ခင်ဦး အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့ပေါ်၌ အောက်တိုဘာ ၂၉ရက် မွန်းတည့် ၁၂ နာရီခန့်က ဆိုင်ကယ်ခိုးသူ ၁၆ နှစ်အရွယ် လူငယ်လေးဦးအား နာရီဝက်အတွင်း ခင်ဦးမြို့မရဲစခန်းမှ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ရက် နံနက် ၁၁ နာရီခွဲခန့်က ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ နန်းဧကသီဆိုင်ကယ်အရောင်းဆိုင် မှ စကွန်ဖီး ကျပ် ၂၃ သိန်းကျော် တန်တစ်စီး၊ ကလစ်ဘီးကျပ် ၁၁ သိန်းခွဲတန်တစ်စီး၊ ဆိုင်ကလုန်း ကျပ်ကိုးသိန်းခွဲတန်တစ်စီး စုစုပေါင်း ဆိုင်ကယ်သုံးစီး ကျပ်ငွေ ၄၃ သိန်း ကျော်ပျောက်ဆုံးသွားခဲ့ကြောင်း မြို့မ ရဲစခန်းသို့လာရောက်တိုင်တန်းသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်၏ အနီးကပ်ကြီးကြပ်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးသောင်းဝင်း၊ ရဲအုပ် မျိုး အောင်စိုး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇင်ဦး၊ တပ်ကြပ်ဇော် ထက်၊ ဒုတပ်ကြပ်ရွှေသွေး၊ ရဲတပ် သား နေမျိုးအောင်နှင့် ဌေးအောင် တို့အဖွဲ့သည် အချိန်နှင့်တစ်ပြေးညီ စုံစမ်းမှုများပြုလုပ်နေစဉ် သတင်း အရ ခင်ဦးမြို့နယ် လွမ်းစေတီ ဘုရားအနီးတွင် ဆိုင်ကလုန်း ၁၂၅ ဆိုင်ကယ် အနက်ရောင်တစ်စီးနှင့် မသင်္ကာစရာ လူငယ်တစ်ဦးအား တွေ့ရှိ၍မေးမြန်းနေစဉ် ဆိုင်ကယ် ကိုထားခဲ့ပြီး လယ်ကွင်းထဲသို့ ထွက်ပြေးသွားသဖြင့် ဖမ်းဆီးစစ် ဆေးမေးမြန်းရာ ကောင်းမြတ်သူဆို သူအား ဆိုင်ကယ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် သက်သေ များရှေ့တွင် ဖမ်းဆီးခဲ့သည်။

ဆက်လက်၍ကောင်းမြတ်သူ၏ စစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင် ကယ်ခိုးရာတွင်ဝေဟင်လင်း၊ ကျန် ကျောင်း(ခ)နိုင်းမင်းထက်၊ ဖိုးသား (ခ)ထွန်းခန့်ဇင်တို့နှင့်အတူ နန်းဧက သီဆိုင်ကယ်အရောင်းဆိုင်မှစကွန်း ဖီး၊ ကလစ်၊ ဆိုင်ကလုန်းဆိုင်ကယ် သုံးစီးနှင့်အတူ တရားခံလူငယ် လေးဦးကို မိနစ် ၃ဝအတွင်း ဖော် ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

၎င်းအမှုနှင့်ပတ်သက်၍ ခင်ဦး မြို့မရဲစခန်းမှ (ပ)၄ဝ၂/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ-၃၈ဝ/ကျင့် ၅၄ ဖြင့် ကောင်းမြတ်သူ(၁၆နှစ်) မြနန္ဒာရပ်ကွက် ခင်ဦးမြို့၊ ဝေဟင် လင်း (၁၆နှစ်) မြကန်သာရပ်ကွက် ခင်ဦးမြို့၊ ကျန်ကျောင်း(ခ)နိုင်မင်း ထက်(၁၆နှစ်) အောင်သီရိရပ်ကွက် ခင်ဦးမြို့၊ ဖိုးသား(ခ)ထွန်းခန့် ဇော်(၁၆နှစ်) အောင်သီရိရပ်ကွက် ခင်ဦးမြို့ နေသူတို့လေးဦးအား အမှု ဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

စံ(ခင်ဦး)
The Union Daily
https://www.facebook.com/uniondaily.net

မိုးများမှုကြောင့် ချင်းပြည်နယ် မှာ မြေပြို

မိုးများရွာသွန်းမှုကြောင့် ချင်းပြည်နယ် တီးတိန်-တွန်းဇံလမ်းမှာ မြေပြိုကျနေသည်ကို တွေ့ရစဉ်။ Photo: CNRWG/ Facebook
ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မိုးများနေတာကြောင့် တီးတိန်-တွန်းဇံလမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး မြေပြိုတာတွေဖြစ်နေတဲ့အတွက် ကုန်တင်ယာဉ်တွေအပါအ၀င် ကားအစီးရေ တစ်ရာလောက် ပိတ်မိနေတယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။

အဲ့ဒီလမ်းကို ပြင်ဆင်နေပေမယ့် လတ်တလောမှာ မိုးရွာနေတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ၀န်ကြီးဦးရွှေထီးအိုးက ပြောပါတယ်။

အဲ့ဒီလမ်းဟာ သိုင်းငင်းနဲ့ဟိုင်ဇိမ်ကျေးရွာအကြားမှာ ပြိုနေတာကြောင့် တချို့ယာဉ်တွေကတော့ ဖလမ်း-ဟားခါးလမ်းကနေ သွားနေကြတယ်လို့ပြောပါတယ်။

ဒါ့အပြင် ဟားခါး-ဂန့်ဂေါ-မန္တလေးလမ်းမှာလည်း မိုးများပြီး လမ်းပြိုတာတွေဖြစ်နိုင်တဲ့အတွက် ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို ညဘက်မှာမမောင်းဘဲ နေ့ဘက်မှာသာ ဖြတ်သန်းသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

လက်ကျန်ရာထူး အရှိန်အဝါသုံး၍ ရဲတပ်ကြပ်တဦးအား ပါးရိုက်ခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးကို အမှုဖွင့်တိုင်တန်း

ထိုးကြိတ်ရိုတ်နှုက်ခံခဲ့ရသော ရဲတပ်ကြပ် ကျော်ကျော်လှိုင်အားတွေ့ရပုံ။
ကသာမြို့ ဂေါက်ကွင်းတွင် အောက်တိုဘာလ (၃၀) ရက်နေ့က ဂေါက်ရိုက်ပြိင်ပွဲကျင်းပခဲ့ရာ မြို့မ ရဲစခန်းတွင် ရဲမြို့နယ်မှူးတာဝန် ထမ်းဆောင်နေသည့် အငြိမ်းစား ခံစားခွင့် (၄) လ ယူထားသော ရဲမြို့နယ်မှူးတဦးမှ ရဲတပ်ကြပ်တဦးအား နိုင်ထက်စီးနင်းပြုကျင့် ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည် ။

"မနေ့က ဂေါက်ရိုက်ပြိုင်ပွဲမှာ စက်ဆင်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ခေတ္တခရိုင်ရဲမှူးဆီမှာ အကူအညီ တောင်းတဲ့အတွက် ခရိုင်မှူးရဲ့ ခိုင်းစေချက်အရ ကျွန်တော့်အနေနဲ့ Projector လုပ်ပေးခဲ့ရပါတယ်။ ည (၉း၁၅) လောက်မှာ တပ်ဆင်ထားတဲ့ စက်တွေကိုသိမ်းတဲ့အခါ ရဲမှူးကျော်အောင်မြင့်မှ မင်းက ဘာလို့သိမ်းတာလဲလို့ မေးတဲ့အတွက် အခမ်းအနားပြီဆုံးလို့ သိမ်းခြင်းဖြစ်ကြောင်း ပြောတာမှာ " မင်းက ဘာလဲ၊ မင်းအဆင့်က ဘာလဲ" ဆိုပြီး ပါးကို (၂) ချက် ရိုက်ခံခဲ့ရပါတယ်။ ရဲမှူးအနောက်ကပါလာတဲ့ အရပ်သား (၂) ဦးပါ ဝိုင်းဝန်းထိုးကြိတ်ခဲ့ပါတယ်။ တကယ်ဆို ရဲမှူးအနေနဲ့ အငြိမ်းစားခံစားခွင့် (၄) လ ခွင့်ယူထားပြီးဖြစ်တဲ့အတွက် ဘာတာဝန်မှ မရှိတော့ပါဘူး။ သိမ်းချိန်ရောက်နေပြီဖြစ်လို့သိမ်းတာကို ရန်ရှာပြီး နိုက်ထက်စီးနင်းပြုကျင့် ထိုးကြိတ်ခြင်း ခံခဲ့ရတာပါ "ဟု ရဲတပ်ကြပ် ကျော်ကျော်လှိုင်က ပြောသည် ။

ယင်းဖြစ်စဉ်အား ရဲတပ်ကြပ် ကျော်ကျော်လှိုင် လ- ၂၁၀၁၇၀ မှ (၃၁.၁၀.၂၀၁၆) ရက်နေ့ နံနက် (၁း၃၀) နာရီ အချိန်က အမှုဖွင့် တိုက်တန်းထားကြောင်း ကသာမြို့မရဲစခန်းမှ သိရသည် ။

သီဟဆွေ(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

ခုတမျိုး တော်ကြာတမျိုး


“''ကျွန်မတို့လည်း ပေးတဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့တာပဲ။ အခု ကျွန်မတို့ ကိုယ့်ရွာကို ပြန်ပြောင်းဖို့ ကျတော့ ပညာရေးမှူးရုံးက အခုတမျိုး တော်ကြာတမျိုးလုပ်နေတယ် …”

ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၆၂ ဦးကို မြို့နယ်ပညာရေးမှူးရုံးက ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးမှ အမိန့်ထပ်မံထုတ်ပြန်၍ မူလနေရာတွင်သာ တာဝန်ပြန်လည်ထမ်းဆောင်ရမည်ဟု စေခိုင်းခဲ့သည့်ဖြစ်စဉ်တခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ဆရာ၊ ဆရာမ ၆၈ ဦးကို နေရာ ပြောင်းရွှေ့ခွင့်ပြုခဲ့သော်လည်း ခြောက်ဦး ကိုသာ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး ကျန် ၆၂ ဦးကို ပြောင်းရွှေ့မိန့်ကျပြီးမှ ပြောင်းရွှေ့ ခွင့်မပြုခဲ့ဘဲ မူလနေရာတွင်သာ တာဝန်ပြန်လည်ထမ်းဆောင်စေခဲ့ကြောင်း ပြောင်းရွှေ့ခွင့်မရသည့် ဆရာမတဦး၏ ဦးလေး တော်စပ်သူက News Watch သို့ ပြောကြားသည်။

''ဆရာ၊ ဆရာမ ၆၂ ယောက်က အပြောင်းအရွှေ့ကိစ္စကလည်း တရားဝင်စာထွက်ပြီးသား။ သြဂုတ် ၁ ရက်မှာ စာ ထွက်တယ်။ သြဂုတ် ၂၄ ရက်မှာကျတော့ မပြောင်းရတော့ဘူး။ မူလကျောင်းတွေမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ရမယ်။ ၀န်ထမ်းတွေရဲ့ ၀န်ထမ်းစာအုပ်မှာလည်း လက်မှတ်ထိုးပြီးပြီ။ လစာဘေလ်ကိုလည်း ပြောင်းခွင့်ရတဲ့ကျောင်းမှာ ထည့်ဆွဲပြီးမှ အခုမပြောင်းရတော့ဘူးဆိုတော့ တခုခုလွဲ နေသလိုပဲ။ ဆရာကန်တော့ပွဲတွေဘာတွေ လုပ်ပြီး ငိုဟယ် ရယ်ဟယ်ဖြစ်ပြီးတော့မှ မပြောင်းရတော့ဘူး။ ဒီကျောင်းကို ပြန်လာခဲ့ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ အခု ကျွန်တော့် တူမလေးဆို တော်တော် စိတ်ထိခိုက်နေတယ်''ဟု၎င်းက ပြောသည်။

ပြောင်းရွှေ့ခွင့်အမိန့်တွင် ပါသည့် ဆရာ၊ ဆရာမ ၆၈ ဦးတွင် ၆ ဦးသာ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး ကျန် ၆၂ ဦးကို ပြောင်းရွှေ့ခွင့်မပြုခြင်းသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးထံ တိုင်ကြားရန် ပြင်ဆင်နေကြောင်း ပြောင်းရွှေ့ခွင့်မရသည့်ဆရာ၊ဆရာမအချို့ထံမှ သိရသည်။

''ကျွန်မတို့လည်း ပေးတဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့တာပဲ။ အခု ကျွန်မတို့ ကိုယ့်ရွာကို ပြန်ပြောင်းဖို့ ကျတော့ ပညာရေးမှူးရုံးက အခုတမျိုး တော်ကြာတမျိုးလုပ်နေတယ်။ လူမှုရေးဝန်ကြီးဆီတိုင်ဖို့စီစဉ်ထားတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ၆ ယောက်ကျတော့ ပြောင်းခွင့်ရပြီး ကျန်တဲ့ ၆၂ ယောက်က ပြောင်းခွင့်မရဘူးဆိုတာကတော့ ပုံမှန်မဟုတ်ဘူးလို့ ထင်တယ်''ဟု အမည်မဖော်လိုသူ ကျောင်းဆရာမတဦးက News Watch သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပန်းတနော်မြို့နယ် ပညာရေးမှူးဆရာကြီး ဦးငွေထွန်းက ဆရာ၊ ဆရာမ အင်အား နည်းပါးမှုကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ခွင့်ကို ပြင်ဆင်၍ မူလနေရာတွင် တာဝန်ထမ်းဆောင်စေခြင်းဖြစ် ကြောင်းနှင့် ယာယီသဘောသာဖြစ်ပြီး ဆရာ၊ ဆရာမအသစ်များ ၀င်ရောက်လာပါက ပြောင်းရွှေ့ခွင့်ရရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

''ပြောင်းရွှေ့ခွင့်တွေပေးလိုက်ပြီးတဲ့နောက်မှာ တချို့ကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အားလျော့နည်းသွားတာရှိတယ်။ အဲဒီအတွက် တချို့ရွာတွေက တင်ပြတာတွေရှိတဲ့အတွက် ပြောင်းရွှေ့ခွင့် ရတဲ့ ဆရာ၊ ဆရာမတွေကို နဂိုမူလကျောင်းတွေမှာပဲ ဆက်ပြီးနေပေးကြပါဦးလို့ ဒီလ ၂၃ ရက်နေ့မှာ တွေ့ပြီးတော့ မေတ္တာရပ်ခံထားပါတယ်။ ဒီနှစ်ကုန် နောက်ဆုံးထားပြီး ပြောင်းရွှေ့လို့ရအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ပြောင်းရွှေ့ခွင့်ရတဲ့ ဆရာ၊ ဆရာမ ၆ ယောက်ကတော့ သူတို့နေရာကို ၀င်မယ့်သူ အဆင်သင့်ရှိတဲ့အတွက် ပြောင်းခွင့်ပြုရတာ ဖြစ်ပါတယ်''ဟု ၎င်းက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။ ပန်းတနော်မြို့နယ်တွင် ထက်၊ လယ်၊ မူ အခြေခံပညာ ကျောင်းပေါင်း ၂၈၅ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၂၀၀၀ ကျော် ပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

(နှင်းမောင်ဦး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

အလုပ်သမားများ အခြေခံလစာ ကျပ် ၅၆၀၀အထိ တိုးမြှင့်ရရှိရေး ဆွေးနွေး

ပြည်တွင်းအထည်ချုပ်စက်ရုံတစ်ခုတွင် အခြေခံ အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြစဉ်(ဓာတ်ပုံ-ဆင်ဟွာ)
  ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံရှိ အလုပ်သမားများအား အနိမ့်ဆုံးလုပ်ခငွေကျပ် ၃၆ဝဝ မှ ၅၆ဝဝ အထိ တိုးမြှင့် သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန် ဦးဆောင် ကော်မတီမှ ပူးတွဲအလှည့်ကျ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခငွေကျပ် ၅၆ဝဝ တိုးမြှင့် သတ်မှတ်နိုင်စေရေး အတွက် နိုင်ငံ တော်အစိုးရအနေဖြင့် ဆန္ဒရှိထားပြီး လုပ်ငန်းရှင်များဘက်မှ အဆင့်သင့်ဖြစ်၊ မဖြစ်ကို တွေ့ဆုံဆွေးနွေးထားကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၇ ခုနှစ်အတွင်း အနိမ့်ဆုံးလုပ်ခ တိုးမြှင့်နိုင်စေရေးအတွက် ဆွေးနွေးမှုများကို အကြိမ်ကြိမ် ထပ်မံလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးအေးသောင်းက ပြောကြားသည်။

ယင်း အလုပ်ရှင်၊ အလုပ်သမားများ အတွက် စက်မှုဇုန် ဦးဆောင် ကော်မတီမှ ကြားနေအဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး လုပ်ခလစာ တိုးမြှင့်မည်ဆိုပါက အလုပ်သမားများ အနေဖြင့် တိုးမြှင့်ပေးသည့် လုပ်ခအတိုင်း အပြည့်အဝ ခံစားရရှိ လုံလောက်စေရေးအတွက် နောက်ဆက်တွဲ အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာသည့် အခြေအနေများကို ထိန်းညှိပေးရန် တင်ပြထားသည်။

အဆိုပါ အနိမ့်ဆုံးလုပ်ခငွေကျပ် ၅၆ဝဝ တိုးမြှင့် သတ်မှတ်နိုင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်သမား ဥပဒေရေးရာ ဌာနနှင့် အတူ လုပ်ငန်းရှင်၊ အလုပ်သမား အဖွဲ့အစည်းများ ပါဝင်သော စက်မှုဇုန်များ အနေဖြင့် မကြာ သေးမီ ကာလအတွင်းက နေပြည်တော်တွင် နှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးထားသည်။

အလုပ်သမားများအတွက် လက်ရှိသတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခငွေ ကျပ် ၃၆ဝဝ မှာ တစ်နှစ်ကျော် လာပြီဖြစ်ပြီး နိုင်ငံတော်၏ မူသဘောအရ နှစ်နှစ်ပြည့်ပါက အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ရေးအတွက်လည်း အစီအစဉ်ရှိထား ပြီးဖြစ် သောကြောင့် ယခုအခါ အနိမ့်ဆုံး လုပ်ခ တိုးမြှင့်စေရေးအတွက် ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

တောင်သူလယ်သမားများ၏ စပါးဈေးကျဆင်းမှုအတွက် အစိုးရအနေဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ရန် စီစဉ်

မြန်မာနိုင်ငံတွင်း စပါးစိုက်တောင်သူလယ်သမားများအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)
    ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

    တောင်သူလယ်သမားများ၏ စပါးဈေးနှုန်းများ ကျဆင်းမှုအတွက် အစိုးရအနေဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

အဆိုပါ တောင်သူလယ်သမားများ စပါးဈေးနှုန်းကျဆင်းမှုအတွက် နိုင်ငံတော်အစိုးရမှ အခြေခံဈေးနှုန်း (Minimum Support Price) ဖြင့် စပါးဝယ်ရေးစီမံချက် ဆောင်ရွက် ပေးရန်စဉ်းစားလျက်ရှိပြီး တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးဥပဒေအရ ဖွဲ့စည်းထား သော ကော်မတီများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးအစိုးရ တို့ပူးပေါင်း၍ စပါးဝယ်ယူပေးရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင် ဆန်ကုန်သည်များ။ Exporters နှင့် ဆန်စက်ပိုင်များမှလည်း တောင်သူ များထံမှ စပါးဝယ်ယူပေးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းကို တိုးမြှင့်ဆောင်ရွက်သွားခြင်းဖြင့် တောင်သူလယ်သမားများ၏ စပါးဈေးကျဆင်းမှုအတွက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

အဆိုပါ စပါးဈေးကျဆင်းမှုအတွက် ပြည်ပသို့ ဆန်တင်ပို့ရောင်းချနိုင်ရန် G to G လက်မှတ်ရေး ထိုးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဖွဲ့စည်းတည်ထောင်ထားသည့် MAPCO မှလည်း အခြောက်ခံစက် (Dryer) များတင်သွင်း၍ ဆန်စက်များတွင် စပါးအခြောက်ခံဝန်ဆောင်မှုပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေသည်။

(Xinhua)
http://www.xinhuamyanmar.com

ကျိုက်မရောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော်၊ အောက်တိုဘာ ၃၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့မနာကျေးရွာအတွင်းမှာ အောက်တိုဘာလ ၂၉ ရက်နေ့ က မူးယစ်ဆေးဝါးများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါသည်။

 နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခန့်တွင် သတင်းအရ KKO အဖွဲ့မှ ဦးကြည်စိုး(ဘ)ဦးထွန်းဆွေ ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်၌ ဦးကြည်စိုးနှင့်အတူ ကျိုက်မရောမြို့နေ ဦးကျော်ငွေ(ဘ)ဦးစိုးကြည်နှင့် မအိဖြူ(ဦးစိုး ကြည်၏တူမ)တို့အား တွေ့ရှိခဲ့ပါသည်။

 ဆက်လက်ရှာဖွေစစ်ဆေးစဉ် နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၄ ပြား (ကာလတန်ဖိုးငွေကျပ် ၁၇ သိန်းခန့်)၊ သေနတ် ခြောက်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၃၆၁ တောင့်၊ ပြောက်ကျား ယူနီဖောင်း တစ်စုံ၊ ချပ်ဝတ်တန်ဆာ သုံးစုံ၊ ကျောပိုးအိတ်တစ်လုံးနှင့် မြန်မာကျပ်ငွေရောရာ ခြောက်သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ကျိုက်မရော မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

ခွဲစိတ်ပြု ပြင်ရာက အပေါ်နှုတ်ခမ်း ပျက်စီးသွား သူက ခွဲစိတ်ဆရာဝန် ကို တရားစွဲ


၃၁-၁၀-၂၀၁၆

ထိုင်းနိုင်ငံ ချွန်ဘူရီ Banglamung မြို့ နယ် အတွင်းက နိုက်ကလပ် (ကျော်ဖီ ဆိုင်)ပိုင်ရှင်"၀ိဒါလာ" (အသက် ၂၂) နှစ်ဟာ အွန်လိုင်း ဖေ့ဘုတ်ကြော်ငြာ ကနေ သိခဲ့တဲ့ မျက်နှာခွဲစိတ်အလှပြင် ဆေးခန်း ကိုဆက်သွယ်ခဲ့ပြီး သူမနှုတ်ခမ်း ခွဲစိတ်ဘို့ ကို ထိုင်း ဘတ်ငွေ (ကျပ်ငွေ ငါးသိန်းကျော်) ၁၅၀၀၀ ပေးပြီး အဆိုပါ( surgery Clinic) ဆေးခန်းက ခွဲစိတ် ဆရာဝန် Dr. Piya Pong.ပီရာဖုန်း က တာဝန်ယူခွဲ စိတ်ပေးခဲ့ပါတယ်။


ခွဲစိတ်အပြီး နှုတ်ခမ်းဟာ အကောင်းအတိုင်း ဖြစ်မလာတော့ဘဲ ပိုးဝင်တာ- သွေးယိုကျတာတွေ ယောင်ရမ်းလာတာကြောင့် (၇)ကြိမ်ထက်မနဲ ပြုပြင် ခဲ့ရပြီး မူလအတိုင်းပြန်မဖြစ်တော့ဘဲ နှုတ်ခမ်းရွဲ့ စောင်းသွားခဲ့လို့  ဆေးခန်းက လက်လျော့ လိုက်ပါတယ်၊

သူမရဲ့  နှုတ်ခမ်း ကို တောင်ကိုရီးယား နိုင်ငံမှာ ထပ်မံပြုပြင်ပေးမယ်၊ ကုန်ကျတဲ့ စရိတ်တွေကို ဆေးခန်းကနေ တာဝန်ယူပေး မယ်လို့  သဘော တူခဲ့ ပါတယ်။

နောက်ပိုင်းမှာ ဆေးခန်းတာဝန်ရှိသူတွေက သူမကို လုံးဝအဆက်အသွယ် မလုပ်တော့တဲ့ ပြင် တောင်ကိုရီးယားမှာ ဆေးကုပေးဘို့ ကိုလည်း ငြင်းဆန်ခဲ့တာကြောင့် ရဲစခန်း မှာ အမှုဖွင့်တိုင်ကြားခဲ့ရတာပါလို့  နှုတ်ခမ်းပျက်ဆီး သွားသူ ၀ိဒါလာ က ပြောပါတယ်။

သတင်း - စီရာချာ
Social Action for Women - SAW

အရည်အသွေးပြည့်မှီသည့်ဆိုင်ကယ် ဦးထုပ်များ အခမဲ့ပေးသွားမှသာ Show Room များကို ဆိုင်ကယ်ရောင်းချခွင့်ပြုမည်ဟုဆို


မော်လမြိုင်၊ အောက်တိုဘာ ၃၁

ဆိုင်ကယ် Show Room အနေဖြင့် မိမိဆိုင်ကယ် လာရောက်ဝယ်ယူကြသော customer များကို အရည်အသွေးပြည့် မှီသည့် ဆိုင်ကယ် ဦးထုပ်များ အခမဲ့ပေးအပ်မှသာဆိုင်ကယ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်ယာဉ် စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် ယာဉ်အန္တရာယ်များ လျော့ကျစေရန်နှင့် ပြည်သူလူထု၏ အသက်အန္တရာယ်များကို ကာကွယ်သည့်အနေဖြင့် ယာဉ်နှင့်ပတ်သတ်သည့် စည်းကမ်းချက် ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့် အပြင် မော်တော်ဆိုင်ကယ်ရောင်းချသည့် ဆိုင်ကယ် Show Room များယင်းသို့လုပ်ဆောင်မှသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က အောက်တိုဘာလ (၂၉) ရက်နေ့က သံလွင်တိုင်းမ် သို့ ပြောကြားလိုက်သည်။

“ကျွန်တော်တို့ဆီကို စာတွေဝင်ထားပါတယ်။ ကျွန်တော်တို့ဘက်က လည်း နိုဝင်ဘာလက စပြီး ယာဉ်တွေကို ပညာပေးတွေစလုပ်ဖို့ရှိပါတယ်။ ဆိုင်ကယ် ရောင်းချနေတဲ့ ဆိုင်ကယ် Show Room တွေကို လာရောက်ဝယ်တဲ့ Customerတွေကို ဦးထုပ်(၂) လုံး အခမဲ့ပေးရပါမယ်။ ရိုးရိုးဦးထုပ်မရပါဘူး။ ပြည်သူလူထုရဲ့ အသက်ကို ကာကွယ်ပေးနိုင်လောက်တဲ့ အရည်အသွေးပြည့်မှီ မှ ရပါမယ်။ ဒါမှလည်း ဦးခေါင်းကို ကာကွယ်ပေးလို့ရမှာပါ”ဟု ၄င်းကပြောကြားသည်။

ယင်းသို့လုပ်ဆောင်ရမည်ဆိုပါက ဆိုင်ကယ်အရောင်းဆိုင်များအတွက် နစ်နာမှုများရှိနိုင်ပြီး ဆိုင်ကယ်ဈေးနှုန်းများလည်း မြင့်တက်သွားနိုင်ကြောင်း ဆိုင်ကယ် Show Room ပိုင်ရှင် များက ဖွင့်ဟသည်။

“ကျွန်တော်တို့ က မြတ်တာမှ သောင်းဂဏန်းလောက်ပဲရှိတာပါ အရည်အသွေးပြည့်မှီတဲ့ ဦးထုပ်တစ်လုံးက သောင်းကျော်တွေမှ ရမှာပါ အနည်းဆုံး (၂) သောင်း၊ (၃) သောင်း လောက်ဆိုရင် (၂)လုံးဆိုရင်ပဲ (၇)သောင်း (၈)သောင်းလောက်ရှိပြီ အဲ့လိုပေးရမယ်ဆိုရင် ဆိုင်ကယ်ဈေးတွေ တက်လာဖို့ပဲ ရှိတော့တယ်” ဟု Royal Cycle’s Life ဆိုင်ကယ်အရောင်းစင်တာမှ တာဝန်ခံမန်နေဂျာ ဦးဝင်းဟိန်းက ပြောသည်။

လက်ရှိတွင်လည်း Show Room များအနေဖြင့် ဦးထုပ်တစ်လုံးစီ လက်ဆောင်ပေးလျက်ရှိပြီး အဆိုပါ ညွှန်ကြားချက်ကို နိုဝင်ဘာလမှ စတင်ကာ အကောင်ထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ Show Room ကိုတော့ ညွှန်ကြားထားတာမျိုး မရှိသေးပေမယ့် အဲ့လိုလုပ်ခိုင်းမယ်ဆိုရင် ဆိုင်ကယ်တွေကို အရင် ရောင်းနေတဲ့ဈေးထက် ဈေးနှုန်းပိုလာနိုင်တယ်။ လက်ရှိလည်း ကျွန်တော်တို့ ဦးထုပ်တစ်လုံးစီ လက်ဆောင်ပေးပါတယ်” ဟု Win ( Honda) ဆိုင်ကယ် Show Room မှ ကိုပြည့််မြတ်အောင် ကသံလွင်တိုင်းမ်သို့ ပြောကြားသည်။

လက်ရှိတွင် မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များကိုကွင်းဆင်းပြုလုပ်ပေးလျက်ရှိပြီး မွန်ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ယာဉ်မောင်းလိုင်စင်၊ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန် ၊ မော်တော်ဆိုင်ကယ်လိုင်စင်နှင့် မီးနီဖြတ်မောင်းသည့် ယာဉ်များကို နိုဝင်ဘာလမှ စတင်ပြီး တည်ဆဲဥပဒေအရ တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးမှ သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ - TU Arkar Min
Than Lwin Times
https://www.facebook.com/thanlwintimes9/

ငခူရ(ဘင်္ဂလီ)ကျေးရွာ ဈေးဆိုင်ခန်းများ မီးလောင်မှုဖြစ်စဉ်သည် နိုင်ငံတကာ အထောက်အပံ့ရလို၍ လုပ်ကြံမီးရှို့ခြင်းသာဖြစ်


ရခိုင်ဂေဇက် ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရ(ဘင်္ဂါလီ)ကျေးရွာ ဈေးဆိုင်ခန်းများ အောက်တိုဘာလ ၃၀ ရက်နေ့ ညဉ့် ၈ နာရီခွဲအချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွား ခဲ့ခြင်းမှာ နိုင်ငံတကာ အထောက်အပံ့ရလိုမှုနှင့် နိုင်ငံတကာမီဒီ ယာများတွင် သတင်းလွင့် ဖော်ပြစေရန် အတွက် လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း စုံစမ်းစစ်ဆေး ချက်များအရ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေရာအား နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်တေဇနှင့်အဖွဲ့မှ သွားရောက်ခဲ့ရာတွင် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာရှိ နူရူဒိန်း၊ အသက် ၄၀ နှစ် (ဘ) ဒီမာမောက်၏ ဈေးဆိုင်ခန်းမီးလောင်ကျွမ်းနေသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ မီးလောင်နေသည့်ဈေးဆိုင်ခန်းအား ဘင်္ဂါလီကျေးရွာသား တစ်ဦးတစ်ယောက်မျှ မီးငြိမ်းသတ်ခြင်းကိုမတွေ့ရှိရဘဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အနီးရှိ ဟိန္ဒူကျေးရွာ သူ/သားများနှင့် ငါးခူရ(ရခိုင်)ကျေးရွာသားများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်မှုတွင် နူရူဒိန်း၏ ဓနိမိုး၊ ဝါးထရံကာ မြေစိုက်ဈေးဆိုင်ခန်း (၃)ခန်းနှင့် ဝိုင်ဒူ၊ အသက် ၄၀ နှစ် (ဘ) အဒူဆလင်၏ ဓနိမိုး၊ ဝါးထရံကာ မြေစိုက်ဈေးဆိုင်ခန်း (၃)ခန်း မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဒုက္ခသည်အမည်ခံကာ နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ငွေးကြေးအထောက်အပံ့များရယူလိုခြင်း၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှ မီးရှိုးခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းမီဒီယာများမှ သတင်း ထုတ်လွှင့်ဖော်ပြစေလိုခြင်းနှင့် ယင်းမီးလောင်မှုဖြစ်သည့် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာ၏ အနောက်မြောက်ဘက်တွင်ရှိသည့် ငါးခူရ(ဟိန္ဒူ)ကျေးရွာအား မီးကူးစက် လောင်ကျွမ်း စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် နူရူဒိန်းသည် မိမိ၏ဈေးဆိုင်ခန်းများအား မီးရှိုးလျက် အခြားတစ်နေရာသို့ ရှောင်တိမ်းသွားသည်ကို စိစစ်တွေ့ရှိရကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ နူရူဒိန်း၊ အသက် ၄၀ နှစ်အား နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ငါးခူရနယ်မြေရဲစခန်းတွင် (ပ)၃၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်ပြီး ရဲအုပ် အထွန်းမှ တရားခံနူရူဒိန်းအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေ လျက်ရှိကြောင်းသိရသည်။

Rakhine Gazette
http://rakhinegazette.com

အစိုးရတပ်မတော်နဲ့ TNLA နမ့်ဆန်မှာ တိုက်ပွဲပြင်းထန်

( တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA မှ တပ်သားအချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ရစဉ် ) Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

မနေ့ညကစပြီး လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတာ ဒီနေ့ မနက်ပိုင်းအထိပဲလို့ နမ့်ဆန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးမိုင်းရဲကျော်သူ က ပြောပါတယ်။

'' လက်နက်ကြီးသံတွေ ကြားရတယ်၊ တရစပ်ပဲ အဆက်မပြတ်ပဲကြားရတယ်၊ တိုက်ပွဲတော်တော်ပြင်း ထန်မယ့်သဘောတော့ရှိမယ်ထင်တယ်၊ တစ်ဖက်ကလည်း အဲ့မှာလှုပ်ရားနေတယ်၊ တစ်ဖက်ကလည်း တက်လာတယ်ဆိုတော့ ဒါ အနေအထားက နှစ်ဖက်ထိပ်တိုက်တွေ့မယ့်သဘောရှိတယ်''

နမ့်ဆန်မြို့နယ် မန်မိုင်ကျေးရွာနဲ့ မုန်းကောင်းကျေးရွာဖက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး နမ့်ဆန်မြို့နယ်တစ်ဝိုက်မှာ မိုးတွေလည်း အတော်ကြီး နေခဲ့ပါတယ်။

TNLA တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်နဲ့ မိုးမိတ်မြို့နယ် တို့မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နမ့်ဆန်မြို့နယ်၊ ဟူးမန်းကျေးရွာအတွင်း တပ်မတော်က ပစ်တဲ့ လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် ကျေးရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

NCA မှာလက်မှတ်ထိုးဖို့ KIA ကိုတောင်းဆို

( NCA မှာ လက်မှတ်ရေးထိုးဖို့ ရှမ်းနဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်စုများ မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့က ဆန္ဒပြ တောင်းဆိုကြစဉ် ) Photo: Kyaw Myo Min/ RFA
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံတော်က ဖော်ဆောင် နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ KIA ကိုကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော် ဆန္ဒပြတောင်းဆိုကြပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းထွန်းရင် က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အချိန်မဆွဲဘဲ လက်မှတ် ရေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ အားကစားကွင်းကနေ ရပ်ကွက်တချို့ကို ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲကို ဒေသခံ ရှမ်းနဲ့ လီဆူ၊ လာချိတ် ၊ ရဝမ် စတဲ့ ကချင်တိုင်းရင်းသား မျိုးနွယ်စုတွေ ပါဝင်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

အင်ဒိုနီးရှားနိုင်ငံ အရှေ့ ပိုင်းပြည်နယ်၌ ပျောက်ဆုံးသွားသော ကုန်တင်လေယာဉ်ကို ရှာဖွေလျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၃၁ ရက်က ပျောက်ဆုံးသွားသော ကုန်တင်လေယာဉ်အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   ဂျကာတာ ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ၌ လေယာဉ်အမှုထမ်း ၄ ဦးလိုက်ပါသွားသော ကုန်တင်လေယာဉ်တစ်စီးသည် နိုင်ငံ အရှေ့ ပိုင်းရှိ Papua ပြည်နယ်အတွင်း မြေပြင်နှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း နှင့် အဆိုပါ ပျောက်ဆုံး ကုန်တင်လေယာဉ်ကို အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင်  အရေးပေါ်ရှာဖွေလျက်ရှိကြောင်း သိရသည်။

DHC 4 Caribou အမျိုးအစား ကုန်တင်လေယာဉ်သည် အောက်တိုဘာလ ၃ဝ ရက် ညပိုင်းက Timika မြို့ မှ Ilaga ပြည်နယ်သို့ ဦးတည်ပျံသန်းလာစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအေ၈ျင်စီအကြီးအကဲ Bambang Soelistyo က ပြောသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လေယာဉ်မှူးကြီး အပါအဝင် ပထမလေယာဉ်မှူးတစ်ဦး ၊ အင်ဂျင်နီယာတစ်ဦး နှင့် လေယာဉ်ပျံသန်းရေးအရာရှိ တစ်ဦးတို့ အသီးသီးလိုက်ပါသွားကြောင်း Soelistyo ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

“ ဖြစ်နိုင်ချေတွေကို စစ်ဆေးဖော်ထုတ်ဖို့ အခင်းဖြစ်နေရာ တစ်ဝိုက်ပေါ်ကနေ လေယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းပျံသန်းစေခဲ့ပါတယ်။ ဒါပေမယ့် မြူတွေက သိပ်ထူထပ်နေတော့ ဘာမှ သဲသဲကွဲကွဲမမြင်ရဘူး ” ဟု Papua ပြည်နယ် ပို့ ဆောင်ရေး ရုံးအကြီးအကဲ Johannes Rettob က ဆိုသည်။

Jila ဖြတ်မျဉ်းနေရာသည် လေယာဉ်ပျောက်ဆုံးသွားသည့် နေရာဖြစ်နိုင်ကြောင်း သံသယရှိနေသည်။

Papua ပြည်နယ်၌ တောင်ကုန်းတောင်တန်း နှင့် တောအုပ်ထူထပ်သဖြင့် ပို့ ဆောင်ရေးကဏ္ဍတွင် လေယာဉ်ကို အဓိက အားထားနေရသည်။ သို့ သော် ၄င်းဒေသတွင် ရာသီဥတုသည် အပြောင်းအလဲမြန်သောကြောင့် လေယာဉ်ပို့ ဆောင်ရေးအတွက် မကြာခဏ အန္တရာယ်ဖြင့် ကြုံတွေ ရတက်သည်။

၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် ၄င်းဒေသ၌ ခရီးစဉ်အမှတ် ၂၆၇ ကို ပျံသန်းလာသော ATR 42-300 Trigana လေယာဉ် ပျက်ကျခဲ့ရာ အနည်းဆုံးလူပေါင်း ၅၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

အီရတ်တပ်ဖွဲ့များ မိုဆူးလ် တစ်ဝိုက်ရှိ ရွာ ၁၁ရွာအားသိမ်းပိုက်


မိုဆူးလ်၊ အောက်တိုဘာ ၃၁ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ISစစ်သွေးကြွအုပ်စု အခိုင်အမာ ခြေကုပ်ယူထားသည့် မိုဆူးလ်မြို့ ဝန်းကျင်ရှိ ရွာ ၁၁ရွာအား အောက်တိုဘာ ၃၀ရက် IS တို့၏ လက်မှ ပြန်လည်တိုက်ယူနိုင်ခဲ့ပြီး IS အဖွဲ့အား နှိမ်နှင်းရန် မိုဆူးလ်မြို့ အနီးရှိ နယ်မြေများအား ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။

အီရတ်တပ်ဖွဲ့ဝင်များ၏ စစ်ဦးစီးချုပ်အဖြစ်လည်း တာဝန်ယူထားသည့် အီရတ်ဝန်ကြီးချုပ် Haider al-Abadi က နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မိုဆူးလ်မြို့အား ပြန်လည် သိမ်းပိုက်ရန် တိုက်စစ်ဆင်မှုများ စတင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၇ရက်က ကြေညာခဲ့သည်။

ယခုအချိန်အထိ အီရတ်တပ်ဖွဲ့ဝင်များသည် မိုဆူးလ်မြို့ အရှေ့ဘက်အစွန်အဖျားနယ်မြေများသို့ ရောက်ရှိလာခဲ့ကြပြီး မြို့ပတ်ဝန်းကျင်ရှိ အခြားသော လမ်းကြောင်းများတွင်လည်း နေရာယူမှုများ ပြုလုပ်ခဲ့ကြကာ မိုဆူးလ်မြို့သို့ အဓိကတိုက်စစ်ဆင်မှုများ ပြုလုပ်၍ IS စစ်သွေးကြွများအား တိုက်ထုတ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မိုဆူးလ်မြို့သည် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်မြို့ မြောက်ဘက် ၄၀၀ကီလိုမီတာ အကွာအဝေးတွင်တည်ရှိပြီး အီရတ်အစိုးရတပ်များ ယင်းမြို့မှ လက်နက်စွန့်ခွာထွက်ပြေးခဲ့ကြသည့် ၂၀၁၄ခုနှစ် ဇွန်လ ကတည်းက IS စစ်သွေးကြွတို့၏ လက်အောက်သို့ကျရောက်ခဲ့ကြောင်း သိရသည်။

China Xinhua News

ဘဏ်ဝန်ထမ်းမိန်းကလေးအား ရည်းစားဆိုသူက ဓားဖြင့်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

ဘဏ်ဝန်ထမ်းမိန်းကလေးအား ရည်းစားဆိုသူက ဓါးဖြင့်ထိုး နှစ်ဦးစလုံး သေဆုံး
ကျောက်ဖြူ ၊ အောက်တိုဘာလ ၃၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်းရင်းအုပ်စု၊ ကညင်တောကျေးရွာတွင် အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်(၉)နာရီကျော်ခန့်က ဘဏ်ဝန်ထမ်းမိန်းကလေးအား ရည်းစားဆိုသူက ဓားဖြင့် အချက်ပေါင်းများစွာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ကမ္ဘာရတနာဘဏ်ဝန်ထမ်း မမေစုထွန်း(၂၇)နှစ်ဖြစ်သူသည် ဘဏ်သို့အသွားလမ်းခုလတ်တွင် သမီးရည်းစားဆိုသူ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ဘုရား ကြီးလမ်းနေမောင်ထွန်းမင်းဇာ (၂၇)နှစ်သည် မမေစုထွန်းအား ဓါးဖြင့် အချက်ပေါင်းများစွာထိုးသွင်းခဲ့ခြင်း ဖြစ်သည်။


 မမေစုထွန်း သည် အနီးအနားပတ်ဝန်ကျင်ကို အကူအညီ တောင်းရင်းမြေပြင်ပေါ်သို့လဲကျ သွားကြောင်း၊ မောင်ထွန်းမင်းဇာမှာလည်းမိမိကိုယ့်ကိုယ်ကို မမေစုထွန်းအားထိုးခဲ့သောဓါးဖြင့် ၀မ်းဗိုက်သို့ ထိုးသွင်းခဲ့ကြောင်းလည်း သိရပါသည်။

 အခင်းဖြစ်ပွားရာနေရာတွင် မမေစုထွန်းသည်သေဆုံးခဲ့ပြီး၊ မောင်ထွန်းမင်းဇာမှာ ကျောက်ဖြူဆေးရုံတွင် ဆုံးပါးခဲ့ကြောင်း၊ အနီးရှိမျက်မြင်သက်သေ ဦးစောလှအောင်မှပြောကြားခဲ့သည်။

အဆိုပါ အမှုအား ကျောက်ဖြူမြို့မရဲစခန်းမှ ဆက်လက်စစ် ဆေးနေကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံ - ကျောက်ဖြူနေ့ စဉ်သတင်း
ခရိုင်(ပြန်/ဆက်)
Rakhine Gazette


မောင်တော ငါးခူရ မီးလောင်၊ အကြမ်းဖက်သမားများ ဆူပူမှုလုပ်ရန် မီးရှို့ဟုဆို

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ငါးခူရကျေးရွာ ဆိုင်ခန်း၃ခန်း။ ဓာတ်ပုံ..ဖိုးသီဟ
အောက်တိုဘာ ၃၀၊မောင်တော

မောင်တောမြိုနယ်တောင်ပိုင်း ငါးခူရကျေးရွာ ဗလီရှေရှိ ဈေးဆိုင်ခန်းများအား ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၉နာရီခန့်က အကြမ်းဖက်သမားများက မီးရှိုးပြီး ဆူပူမှုပြုရန် လုပ်ဆောင်ခဲ့ခြင်းအား သက်ဆိုင်ရာမှ ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
" ဗလီရှေ့က ဆိုင်တွေကို မီးရှိုးပြီး အချိန်ကိုက် အွန်လိုင်းမှာ ဗလီကို မီးရှိုးပါတယ်ဆိုပြီး သတင်းတွေလုပ်ကြံတင်ကြတယ်၊လုံခြုံရေးအဖွဲ့တွေအချိန်မှီ ငြိမ်းသတ်ပီး နောက်ဆက်တွဲ မဖြစ်လာအောင် ထိန်းနိုင်ခဲ့ပါတယ်"ဟု ငါးခူရကျေးရွာမှ လုံခြုံရေး တာဝန်ယူထားသော ရဲအရာရှိတဦးမှပြောသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ငါးခူရကျေးရွာ ဆိုင်ခန်း၃ခန်း။ ဓာတ်ပုံ..ဖိုးသီဟ
ဖြစ်ပွားပုံမှာ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၈း၃၅ အချိန်ခန့်တွင် ဗလီရှေ့ရှိ ဈေး ဆိုင်ခန်းများအနက် ဦးနိုရူလာဒိန် (၄၀)နှစ် ဆိုင်ခန်းမှ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့သည့်အတွက် ည ၉နာရီ ၀၅မိနစ်အချိန်ခန့်တွင် ဆိုင်ခန်း၃ ခန်းသာ မီးလောင်ခဲ့ပြီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်ပွား မစတင်မှီ စက်တင်ဘာလ တွင် RSO အကြမ်းဖက်သမားများနှင့် ဆက်စပ်သူ ၈ ဦးကို ငါးခူရ နယ်မြေ တပ်ရင်းမှုးမှ ဖမ်းဆီးခဲ့မှုအပေါ် မကျေနပ်သဖြင့် ယခုထပ်မံ မီးရှို့ပြီး ဆူပူအကြမ်းဖက်ရန် ကြံစည်ခြင်းဖြစ်နိုင်ကြောင်း ငါးခူရ ရဲကင်းစခန်းမှ တာဝန်ရှိသူတဦးမှ ဆိုသည်။


" အောက်တိုဘာ ၉ ရက် မဖြစ်ခင်ကတည်းက စက်တင်ဘာလ ၁၅ ရက်နေ့လောက်ကတည်းက ငါးခူရ နယ်မြေက တပ်ရင်းမှုးက သတင်းရလို့ RSOနဲ့ ဆက်နွယ်သူ ဘဂ်လီ ၈ ယောက်ကို ဖမ်းတယ် ၊ ရုံးတင်တရားစွဲဖို့လုပ်ခဲ့ပေမဲ့၊နောက်ပိုင်းမှာ ပြန်လွတ်ပေးလိုက်ရတယ်၊ဒါကို အဓိက မကျေနပ်တာ၊၉ ရက်နေ့ကလည်း ငါးခူရစခန်းကို အဓိကလာတိုက်တာ တပ်ရင်းမှုးကိုမကျေနပ်လိုဘဲ၊ကံကောင်းတာက ဖြစ်တဲ့အချိန် တပ်ရင်းမှုးက အပြင်မှာရောက်နေတယ်"ဟု ရဲကင်းစခန်းမှ တာဝန်ရှိသူတဦးမှ ဆိုသည်။

မောင်တောဒေသအတွင်း ငါးခူရ နယ်မြေသည် တဖက်ဘဂ်လားဒေရှ်နိုင်ငံနှင့် အလွယ်တကူ မှောင်ခို သွားလာရ အလွယ်ကူဆုံး နယ်မြေတခုဖြစ်ပြီး အကြမ်းဖက် ဖြစ်စဉ်များအတွင်း ဘဂ်လီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ငါးခူရ နယ်မြေတွင် လုံခြုံရေး နှစ်ဦးသေဆုံးပြီး မိသားစုဝင်တဦး ဒဏ်ရာရရှိခဲ့သည်။....

ဖိုးသီဟ (မြတ်သူထွန်း)

Development Media Group
https://www.facebook.com/DevelopmentNJ/

အငှားယာဉ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေဆုံး


ရန်ကုန် အောက်တိုဘာ ၃ဝ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်း တိုက်ကြီး ဘက် သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင် လာသည့် ကင်တာ(အငှား) မော်တော် ယာဉ်သည် တိုက်ကြီးမြို့နယ် တာခွကျေးရွာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၄၆/ဝ၂-ဝ၁)ကြား အရောက် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ယာဉ်မောင်း(စုံစမ်းဆဲ) မောင်း သည့် ခြောက်ဘီးဖွဲတင်ယာဉ် တို့သည် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီက လမ်းအလယ်တွင် တိုက်မိခဲ့ ကြောင်း သိရသည်။

အဆိုပါ ခြောက်ဘီးယာဉ်ပေါ်ပါ အိုးစည်(၂၂နှစ်)တွင် ဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သည်။ လှမိုးသိန်း (၃ဝနှစ်)တွင်လည်း ဒဏ်ရာများရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံ၌ အတွင်းလူနာအဖြစ် တင်ပို့ကုသခဲ့သည်။

ဖြစ်စဉ်မှ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ကင်တာ(အငှား)မော်တော် ယာဉ်မောင်း (စုံစမ်းဆဲ)နှင့် ခြောက်ဘီးယာဉ် (စုံစမ်းဆဲ)တို့အား တိုက်ကြီး ရဲစခန်းတွင် အရေးယူထား ကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မိုးညှင်း၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ


မိုးညှင်း အောက်တိုဘာ ၃ဝ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင် ကိုင်းကျေးရွာ အနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများကို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃ဝ ရက် ညနေ ၅ နာရီခွဲခန့်က ခရိုင်ရဲတပ်ဖွဲ့ ရဲအုပ် အောင်ကျော်မိုးနှင့် အဖွဲ့သည် သက်သေ များနှင့် အတူ ရွှေဘို-မြစ်ကြီး နား ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ အုပ်စု ညောင်ကိုင်းကျေးရွာအရှေ့ ကား လမ်းမပေါ်တွင် တရားမဝင်ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာကြောင်း သတင်း အရ စောင့်ဆိုင်းစဉ် ဖားကန့်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဘိုဘို အေး(၅၁ နှစ်) မိုးညှင်းမြို့နယ်နှင့် ယာဉ်ခေါင်းခန်းတွင် လိုက်ပါသူ ရိန်းအောင်ရွန်း( ၂၂ နှစ်) မိုးညှင်းမြို့နယ် နေသူတို့ စီးနင်းလာသော ယာဉ်အမှတ် 1H/---- SKATယာဉ်အား သက်သေ များနှင့်အတူ စစ်ဆေး ရှာဖွေရာ ကျောက်စိမ်းအရိုင်းတုံး အမျိုးအစား အရွယ်စုံ ၂၄ တုံး အလေးချိန် ၂ဝ၁ ကီလိုဂရမ်ခန့်၊ ကျောက်ဖြတ်စဆိုဒ်စုံ ၅၁ ခြမ်း အလေးချိန် ၅၂၂ ကီလိုဂရမ်ခန့်၊ ကျောက်အပိုင်းအစရောရာ အခြမ်း ၂ဝဝ၊ အလေးချိန် ၉၇ ကီလိုဂရမ်ခန့်၊ ကျောက် အကြေတစ်အိတ် အလေးချိန် ၇ ကီလိုဂရမ်၊ ကျောက်လက်ကောက် ကွင်း အချောကွင်း ၂ဝ၊ အကြမ်းနှစ်ကွင်း စုစုပေါင်း ၂၂ ကွင်း အလေးချိန် တစ်ကီလို ဂရမ်ခန့်၊ သွေးပြီးသား ကျောက် စိမ်း စေ့တစ်စေ့ အလေးချိန် ၂ ဂရမ်ခန့် စုစုပေါင်းအလေးချိန် ၈၂၈ ဒသမ ဝဝ၂ ကီလိုဂရမ်ခန့်အား တွေ့ရှိရသဖြင့် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင် လာသူ ဘိုဘိုအေးနှင့် အောင်ရွန်းတို့အား မိုးညှင်းရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်ရှိကြောင်း သိရ သည်။

နီတိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

သာကေတမြို့နယ်တွင် လိုက်ထရပ်ယာဉ်မောင်းအား ရိုက်နှက်ခဲ့ကြသည့် ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးရမိ

သာကေတမြို့နယ်တွင် လိုက်ထရပ်ယာဉ်မောင်းအား ရိုက်နှက်ခဲ့ကြသည့် ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးရမိ အရေးယူ
ရန်ကုန်၊ အောက်တိုဘာ ၃၀

၂၉.၁၀.၂၀၁၆ ရက်နေ့ ၁၆၄၅ အချိန်ခန့်တွင် သာကေတမြို့နယ်နေ ကိုဇော်ဝင်းနိုင်သည် သာကေတမြိုနယ်၊ စက်မှုလက်မှုရပ်ကွက်ရှိ အထည်ချုပ်စက်ရုံမှ လိုက်ထရတ်ယာဉ်ဖြင့် အလုပ်သမားဝန်ထမ်းများအား တင်ဆောင်၍ သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်၊ ၇/ဈေးလမ်း အတိုင်းမောင်းနှင်လာစဉ် အထက(၂)ကျောင်းရှေ့အရောက် နောက်ဘက်မှ အမှတ် ၃၄ ယာဉ်လိုင်း ခရီးသည်တင် 4B ---- ယာဉ်မှကျော်တက်ရန် လမ်းတောင်းရာ ရှေ့ဖက်တွင် ကားရှိနေသဖြင့် လမ်းဖယ်မရ၍ ဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ သစ်ဆိုင်ရှေ့အရောက်တွင် ၎င်းခရီးသည်တင်ယာဉ်မှာ ရှေ့သို့ကျော်တက်ပြီး ပိတ်ရပ်ကာ စပယ်ယာ(၂)ဦးမှ ခဲ၊ တုတ်တို့ ကိုင်ဆောင်လာပြီး ၎င်းအား ဆဲဆိုကာခဲဖြင့်ပစ်၊ တုတ်ဖြင့်ရိုက်ခဲ့ကြောင်း၊ ယာဉ်နောက်ခန်းတွင် စီးနင်းလိုက်ပါလာသူ မိန်းကလေးများမှ တားမြစ်ခဲ့ရာတွင် တွန်းဖယ်ပြီး ကိုဇော်ဝင်းနိုင် အားလက်သီးဖြင့် ထိုးကာ ၎င်းတို့ယာဉ်ပေါ်ပြန်တက်၍ မောင်းနှင်ထွက်ခွာသွားကြကြောင်း၊ ခိုင်ရွှေဝါလမ်းပေါ် အရောက်တွင် ၎င်းခရီးသည်တင်ယာဉ်မှာ ရှေ့မှရပ်နေသဖြင့် ၎င်းလည်းယာဉ်ကိုရပ်တန့်ခဲ့စဉ် စပါယ်ယာနှစ်ဦးမှ တုတ်ကိုင်၍ ထပ်မံလာရောက်ကာယာဉ်၏ ဘက်မှန်နှင့် ရှေ့ရှဲတို့အား ရိုက်နှက်ကန်ကျောက် ခဲ့ကြောင်း၊ ယင်းသို့ကျူးလွန်ကြသဖြင့် ကိုဇော်ဝင်းနိုင်တွင် ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါ အလုပ်သမားအမျိုးသမီး (၃)ဦးတွင်လည်း နာကျင်ဒဏ်ရာများရရှိခဲ့သည့်အပြင် ယာဉ်မှာလည်းတန်ဖိုးငွေကျပ် (၁၅၀၀၀၀)ခန့်ပျက်စီးခဲ့ကြောင်း တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း (ပ)၁၁၇၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၂၉၄/ ၃၂၃/၄၂၇/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ၁၈၃၀ အချိန်ခန့်က သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ရှုခင်းသာအတွင်းပတ်လမ်း၌ ပြစ်မှုကျူးလွန်သူများဖြစ်သည့် အမှတ် ၃၄ ယာဉ်လိုင်းခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဇော်မျိုးအောင်(၂၇)နှစ်၊ ယာဉ်နောက်လိုက်များဖြစ်သော သာကေတမြို့နယ်နေ ထွန်းဝေရန် (၂၂)နှစ်နှင့် မင်းမျိုးထက်(၂၂)နှစ်တို့ (၃)ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများသိမ်းဆည်းကာ
အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ယင်းအမှုအပြင် ၎င်းတို့(၃)ဦးသည် အများသူငှာသွားလာနေသောလမ်းပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော လက်နက်များကိုင်ဆောင်၍ တရားဥပဒေစိုးမိုးရေးအား ထိပါးနှောင့်ယှက်သဖြင့် သာကေတနယ်မြေရဲစခန်း (ပ)၁၁၇၆/၂၀၁၆၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က)ဖြင့်လည်း အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ဗီယက်နမ်မှာ ပထမဆုံး ဇီကာကူးစက်သူ တွေ့ရှိ

ပုံမှန်မဟုတ်တဲ့ သေးသိမ်တဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်
ဗီယက်နမ်နိုင်ငံမှာ ဇီကာရောဂါပိုးနဲ့ ဆက်နွယ်မှုရှိတဲ့ Microcephaly လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ သေးသိမ်တဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးငယ်တွေ မွေးဖွားတဲ့ ရောဂါသည်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အလားတူ ဇီကာ ရောဂါပိုး ကူးစက်နေသူ နိုင်ငံခြားသူ အမျိုးသမီးတဦးကို တွေ့ရပြီးတဲ့နောက်မှာ ဗီယက်နမ်မှာလည်း အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ဇီကာဗိုင်းရပ်စ်ရှိသူ မိခင်လောင်းတဦးကိုတွေ့ရှိပြီးတဲ့နောက် လာမယ့် ၆ လအတွင်း ရန်ကုန်မှာနေထိုင်ကြတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်မဆောင်ခင် ဆေးစစ်ချက်ရယူဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက သောကြာနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

ဇီကာရောဂါတွေ့ရတဲ့ အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူဟာ ရန်ကုန်မှာ နေထိုင်နေတာ ၂ နှစ်ရှိနေပါပြီ။ သူဟာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်တုန်းက နိုင်ငံခြားခရီးထွက်စဉ်မှာ ရောဂါကူးစက်ခံခဲ့ရတယ်လို့ ယူဆကြောင်း ဒေါက်တာ စိုးလွင်ငြိမ်းက ဆက်ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်တွေကို စတင်မှာဖြစ်ကြောင်းနဲ့ လူနာရှိတဲ့မြို့က လူ ၃၀ ကျော်ကိုလည်း ဆေးစစ်ထားပါတယ်။

ဗီယက်နမ်မှာလည်း Microcephaly လို့ခေါ်တဲ့ ပုံမှန်အရွယ်အစားထက် ဦးခေါင်းသေးငယ်တဲ့ကလေးတွေကို မွေးဖွား စေတဲ့ ဇီကာဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရတာ ဖြစ်ဖွယ်ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာ ပါတယ်။ လူနာကလေးဟာ လေးလသာရှိသေးပြီး မိခင်က သူ့ကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ဇီကာဗိုင်းရပ် ကူးစက်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံအတွင်းမှာ ဇီကာဗိုင်းရပ်စ်ရရှိကြောင်း သတင်းပေးပို့သူ ၉ ဦး ရှိခဲ့ကြောင်းနဲ့ မကြာခင်ရက်တွေအတွင်း နောက်ထပ် အရေ အတွက် ပိုများလာနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးဌာန အမှုဆောင် ညွှန်ကြားရေးမှူး Tran Dac Phu က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဒီလအစောပိုင်းမှာပဲ ဗီယက်နမ်အစိုးရက ဇီကာဗိုင်းရပ်စ်ရဲ့ အန္တရာယ် အဆင့်သတ်မှတ်ချက်ကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး မိခင်လောင်းတွေကို တိုးပြီး စောင့်ကြည့်ခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ခရီးသည်အမျိုးသမီး၏ ရွှေဆွဲကြိုးအား လုယက်ယူဆောင်သွားသူ အငှားယာဉ်မောင်းကို ဖမ်းဆီးရမိ

ခရီးသည်အမျိုးသမီး၏ ရွှေဆွဲကြိုးအား လုယက်ယူဆောင်သွားသူ အငှားယာဉ်မောင်းကို အချိန်တိုအတွင်း ဖမ်းဆီးရမိ
ရန်ကုန် အောက်တိုဘာ ၃ဝ

ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ အသက်(၃၁)နှစ်ရှိ အမျိုးသမီးသည် အောက်တိုဘာ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် နာရေးကူညီမှု အသင်းသို့သွားရန်အတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၄၆) လမ်းဆုံတွင် ကယ်ဒီးနားအမျိုးအစား အငှားယာဉ်ကို ငှားရမ်း စီးနင်းလာခဲ့ကြောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၅)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ ဆီဆိုင်တွင် ဆီဝင်ဖြည့်ပြီး ဆက်လက် မောင်းနှင်လာစဉ် အထက(၄)ကျောင်းရှေ့အရောက် ယာဉ်အား လမ်းဘေးတွင် ရပ်တန့်ခဲ့ကြောင်း၊ ယာဉ်မောင်းမှ နောက်ခန်း သို့ ရောက် လာပြီး အဆိုပါအမျိုးသမီး၏ လည်ပင်းကိုညှစ်ကာ လည်ပင်းတွင်ဆွဲထားသော အလေးချိန် ငါးမူးသားခန့်ရှိ ရွှေဆွဲကြိုးကို လုယူပြီး ယာဉ်ပေါ်မှဆင်းခိုင်းကာ ယာဉ် ကို မောင်းနှင် ထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက(ပ)၁၈ဝ၉/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ သည်။

အမှုမှ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းထောက်လှမ်းဖော် ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ မောင်းနှင်သည့်ယာဉ်မှာ AA---- TOYOTA CALDINA ယာဉ်ဖြစ်ကြောင်း သိရှိခဲ့ပြီး ပြစ်မှု ကျူးလွန်သူ ယာဉ်မောင်း ဆံရှည်(ခ)ကိုကိုမောင်(၃၅)နှစ် မြောက် ဥက္ကလာပမြို့နယ်နေ သူအား အောက် တိုဘာ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၂ဝ) ရပ်ကွပ် ဗိုလ်တေဇလမ်း ရေခဲစက်မှတ်တိုင်ကားဂိတ်၌ ယာဉ်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါအမှုအား ၄င်းမှ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး သက်သေခံရွှေဆွဲကြိုးအား ပေါင်နှံ ထားရှိ သည့် မြောက်ဥက္ကလာပမြို့နယ်ရှိ အပေါင်ဆိုင်မှ ပြန်လည် သိမ်းဆည်းနိုင် ခဲ့ကာ ¤င်းအား အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(ကြေးမုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ငွေကျပ်သိန်းပေါင်း ၇ သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတွေထည့်သွင်းထားတဲ့ ပီနံအိတ်တွေကို အောက်တိုဘာလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် တွင် ဖမ်းဆီးရမိစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မှာ ငွေကျပ်သိန်း ၇ သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ကွမ်းလုံကြိုးတံတားအနီးမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ သယ်ဆောင်လာသူ အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ တာဖြစ်ပြီး ကွမ်းလုံမြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့က ရဲမှူးကြီးအောင်မြတ်မိုးက အတည်ပြုပြောပါတယ်။

ဘိန်းဖြူမှုန့် ၂၉၈.၈ ကီလိုနဲ့ ဘိန်းညိုမှုန့် ၂၀၀ ကီလို ကို ပီနံအိတ် ၃၃ အိတ်နဲ့ ထုတ်ပိုးပြီး သယ်ယူလာ တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကွမ်းလုံမြို့နယ် နားသီးကျေးရွာကနေ လောက်ကိုင်ဘက်ကို သယ်ယူဖို့ဖြစ်တယ်လို့ စစ်ဆေးချက် တွေအရ သိထားရပြီး လက်ရှိမှာတော့ သယ်ဆောင်လာသူတွေ ကို မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ငခူရ မွတ်ဆလင်မ် ရွာမှာ သေနတ်သံတွေ ထွက်ပေါ် လာပြီး မီးလောင်မှု ဖြစ်

 မောင်တော မြို့နယ်ထဲ ကင်းလှည့်နေတဲ့ အစိုးရ စစ်သားတွေ။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ငခူရ ဆိုတဲ့ မွတ်ဆလင်မ် ကျေးရွာမှာ အောက်တိုဘာ ၃ဝ ရက် ညဦးပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ပြီး သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှုးကတော့ ငခူရ မှာ ရှိတဲ့ ပလီ ဝတ်ကျောင်းဘေးက အိမ် မီးရှို့ ခံရတာကနေ စတင် လောင်ကျွမ်း ခဲ့တာလို့ ပြောပြီး ရှို့မီး လက်သည်ဟာ ဘင်္ဂါလီ တွေဖြစ်ကြောင်း အကြမ်းဖျင်း သိထား ရတယ်လို့ ဆိုပေမယ့် အတည်ပြု နိုင်ခြင်းတော့ မရှိပါဘူး။

သေနတ်သံတွေ ဘာ့ကြောင့် ထွက် လာရသလဲ ဆိုတာလည်း အာဏာပိုင်တွေက တစုံတရာ ပြောဆို နိုင်ခြင်း မရှိပါဘူး။

မောင်တောမြို့နယ် အတွင်း တည်ငြိမ်မှုတွေ ရရှိနေပြီ ဖြစ်တယ်လို့ ဒေသခံ အာဏာပိုင်တွေ ဘက်က အစောပိုင်းတုန်းက ပြောဆို ထားမှုတွေ ရှိခဲ့ပေမယ့် အခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက် လာပြန်တဲ့ အတွက် လက်ရှိ အနေအထားဟာ စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက အစိုးရ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီးတဲ့ နောက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် နေကြတဲ့ အစိုးရ လုံးခြုံရေး တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ ရွာသားတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ် နှိပ်စက်တာ၊ မုဒိန်းကျင့်တာ၊ မီးရှို့တာတွေ ကျုးလွန် နေတယ် ဆိုတဲ့ စွပ်စွဲမှု တွေ ထွက်နေတဲ့ အပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောနေကြပြီး လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း တောင်းဆို နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

အတိုင်ခံရတဲ့ NLDအမတ်တွေကို အရေးယူထား

တိုင်ကြားခံထားရတဲ့ အမတ်တွေထဲမှာ နိုင်ငံတဝှမ်း လွှတ်တော်သုံးရပ်စလုံးက အမတ်တွေပါဝင်
တိုင်ကြားခံထားရတဲ့ NLD အမတ် အယောက် ၄၀ကို အရေးယူထားပြီး နောက်ထပ် အမတ် ၂၀ ထပ်မံ တိုင်ကြားခံရတယ်လို့ NLD တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

တိုင်ကြားခံထားရတဲ့ အမတ်တွေထဲမှာ နိုင်ငံတဝှမ်း လွှတ်တော်သုံးရပ်စလုံးက အမတ်တွေပါဝင်ပြီး အများစုက ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့က ဖြစ်ပါတယ်။

တိုင်ကြားခံရတဲ့ ကိစ္စတွေမှာ ပါတီတွင်း အလုပ်အမှုဆောင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအကြား ညှိနှိုင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် ပါတီတွင်းက တိုင်ကြားမှု အများစု အပါအဝင် ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က တိုင်ကြားမှုတွေလည်း ပါဝင်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ တိုင်ကြားခံရတဲ့အထဲမှာ အများစုက သက်ဆိုင်ရာ မြို့နယ်တွေမှာ ရုံးထိုင် ဆောင်ရွက်မှုမရှိတာ၊ ပါတီတာဝန်နဲ့ ကင်းကွာပြီး အုပ်ချုပ်ရေးပိုင်းမှာ သွားရောက် ပတ်သက်တာတွေ ကြောင့် ဖြစ်ပါတယ်။

အရေးယူတဲ့အထဲမှာ စာနဲ့ခေါ်ယူ သတိပေးခံရတဲ့အမတ်တွေဟာ အဆင့်မြင့်တာဝန် ထမ်းဆောင်ခွင့် ၆လ ဆိုင်းငံ့ခံရမှာ ဖြစ်ပါတယ်။

တခြားအမတ်တွေကိုတော့ ခေါ်ယူ သတိပေး ဆွေးနွေးတာမျိုး လုပ်ခဲ့ပြီး ပါတီက ထုတ်ပယ်ရတဲ့အထိ အရေးယူရမယ့် အခြေအနေတော့ မရှိသေးဘူးလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ပါတီကို တိုင်ကြားတဲ့ စာတွေနဲ့ ပတ်သက်ပြီး ပါတီတွင်း ဆောင်ရွက်ချက်နဲ့ မပတ်သက်တဲ့ အမှုတွေမှာ တရားစီရင်ရေးက ဆုံးဖြတ်ချက်တွေကို လေ့လာပြီးမှ အရေးယူဆောင်ရွက်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဒေါ်စု ဂျပန်ခရီး အင်္ဂါနေ့ စမည်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်ဂျပန်နိုင်ငံခြားရေးဝန်ကြီး နှင့် အတူကျင်းပသည့် သတင်းစာရှင်းလင်းပွဲ (မေလ ၃ ရက် ၂၀၁၆)
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ် နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် သွားရောက်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံ ကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၅ ရက်ကြာ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိသလို၊ ဂျပန်ဧကရာဇ် Akihito ကြင်ယာတော် Michiko တို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာပဲ ဂျပန်ဝန်ကြီးချုပ်ရုံး အတွင်းဝန်ချုပ် Yoshihide Suga က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီး ဒီခရီးစဉ်ကနေ ဂျပန်-မြန်မာ နှစ်နိုင်ငံကြား သမိုင်းကြောင်းအရ ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးတွေကို ပိုမို နက်ရှိုင်းစေလိမ့်မယ် လို့လည်း ပြောပါတယ်။

ဒါဟာ ဧပြီလ မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ်တက်လာခဲ့ပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ဂျပန်ခရီးစဉ် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်က NLD ဥက္ကဌ အနေနဲ့ ဂျပန်ကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ကလည်း မေလထဲမှာ မြန်မာနိုင်ငံကို လာရောက် ခဲ့ပြီး မြန်မာနိုင်ငံမှာ စီးပွါးရေး ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီရေး အကောင်ထည်ဖေါ်ဖို့ ၂ နိုင်ငံ လက်တွဲ လုပ်ဆောင်ရွက်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ မဟာမိတ်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တောင်ကိုရီယားအရှုပ်တော်ပုံ အကြီးတန်းအစိုးရအရာရှိတွေ နှုတ်ထွက်

တောင်ကိုရီးယားသမ္မတ Park Geun-hye က သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိ သူအများအပြား နှုတ်ထွက်စာတင်ထားတာကို ဒီကနေ့ လက်ခံ
နိုင်ငံရေးအရှုပ်တော်ပုံတခုနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye က သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိ သူအများအပြား နှုတ်ထွက်စာတင်ထားတာကို ဒီကနေ့ လက်ခံလိုက်ပါတယ်။

သမ္မတရဲ့ အမှုဆောင် အရာရှိချုပ်၊ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး၊ နိုင်ငံရေးဆိုင်ရာဌာန၊ အရပ်ဘက်ရေးရာဌာနနဲ့ လူထုဆက်ဆံ ရေးဌာနတွေက အကြီးတန်း အတွင်းဝန်တွေရဲ့ နှုတ်ထွက်လွှာတွေကို သမ္မတ Park Geun-hye က လက်ခံလိုက်ပြီလို့ သမ္မတရုံး ပြောခွင့်ရတဦးက ပြောပါတယ်။

သမ္မတ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရှုပ်တော်ပုံမှာ အဓိကပတ်သက်နေတဲ့ အမျိုးသမီးဟာလည်း ဒီကနေ့မှာပဲ ဂျာမနီကနေ တောင်ကိုရီးယားကို ပြန်သွားပါပြီ။

Choi Soon-sil ဟာ ဒီကနေ့မနက်အစောပိုင်းက ဆိုးလ်မြို့တော်ကို ပြန်ရောက်လာပြီး စုံစမ်းစစ်ဆေးမှုမှာ စိတ်လိုလက်ရ ပါဝင်မှာ ဖြစ်ပြီးတော့ အချက်အလက်တွေနဲ့အညီ ထွက်ဆိုမှာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။

အရေးကြီးတဲ့ နိုင်ငံ့ရေးရာကိစ္စတွေမှာ သမ္မတ Park Geun-hye က Choi ကို ၀င်စွက်ဖက်ခွင့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တောင်ကိုရီးယားမှာ အစိုးရအကြံပေးတွေဖြုတ်

သမ္မတက မစ္စချွိုင်း ကြိုးဆွဲရာ ကရတဲ့ အသွင် ဆန္ဒပြခဲ့ကြ
တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးက သူ့ရဲ့ အကြီးတန်းအကြံပေးတွေကို လူအပြောင်းအလဲ ပြန်လုပ်လိုက်ပါတယ်။

အထုတ်ခံလိုက်ရတဲ့ အကြံပေးတွေထဲမှာ သမ္မတကို လှည့်စားနေတယ်လို့ နာမည်ထွက်နေတဲ့ ချွိုင် စွန်းစီဆိုတဲ့ အမျိုးသမီးနဲ့ နီးစပ်သူတွေလည်း ပါဝင်နေပါတယ်။

သမ္မတ မစ္စ ပတ်က အကြံပေး ၁၀ယောက်ကို ဖြုတ်ဖို့ အမိန့်ပေးခဲ့ပြီး မစ္စချွိုင်ကို သူ့ရဲ့မိန့်ခွန်းတွေ ပြင်ခွင့်ပေးခဲ့တယ်လို့ ဝန်ခံလိုက်တာ ဖြစ်ပါတယ်။

အခုလို ဝန်ခံလိုက်အပြီးမှာ ဆိုးလ်မြို့ခံတွေက သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပြီး သမ္မတကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မစ္စချွိုင်းကတော့ အစိုးရနဲ့ ဆက်စပ်ပြီး ဘယ်လို လာဘ်ငွေမျိုးမှ မယူထားဘူးလို့ ငြင်းဆိုထားပါတယ်။

မစ္စ ချွိုင်းရဲ့ ဖခင် ချွိုင်တေမင်းဟာ လူထူးလူဆန်း ဘာသာရေးခေါင်းဆောင် တယောက်ဖြစ်ပြီး သူသေဆုံးတဲ့ ၁၉၉၄ခုနှစ် အထိ သမ္မတ မစ္စ ပတ်ကို စောင့်ရှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အစိုးရအလုပ် အတွေ့အကြုံမရှိတဲ့ မစ္စချွိုင်းကို နောက်ကြောင်းလုံခြုံရေး မစစ်ဆေးပဲ နိုင်ငံအကြံပေးအဖြစ် တောင်ကိုရီးယားသမ္မတက ခန့်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို အရှုပ်အထွေး ဖြစ်ပေါ်ခဲ့တဲ့ အတွက် ရုရှား ဇာဘုရင်ခေတ်က တော်လှန်ရေး မဖြစ်ခင် ကရင်မလင်နန်းတော်ကို ချယ်လှယ်ခဲ့တဲ့ ရပ်စ်ပျူတင်နဲ့ခိုင်းနှိုင်းပြီး မစ္စချွိုင်းကို ကိုရီးယား ရပ်စ်ပျူတင်လို့ ခိုင်းနှိုင်း ခေါ်ဝေါ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

အီတလီ အလယ်ပိုင်း လအနည်းငယ် အတွင်း ငလျင်ကြီး လေးကြိမ် တွေ့ကြုံ

 စိန့် ဘင်နာဒစ်ခ် အထိမ်းအမှတ် ၁၄ ရာစု လက်ရာ ရှေး ဘုရားကျောင်း ပျက်စီး။
အီတလီနိုင်ငံ အလယ်ပိုင်းမှာ ဩဂုတ်လက စလို့ လေးကြိမ်မြောက် လှုပ်ခတ်ခဲ့တဲ့ ငလျင် ဒဏ်ကို ခံခဲ့ရ ပြီးတဲ့နောက် သိန်းနဲ့ချီတဲ့ လူတွေဟာ အခက်အခဲ ဒုက္ခတွေ ရင်ဆိုင် ကြရင်းသား ရှည်လျားတဲ့ ညတာကို ကြိုးစား ကျော်ဖြတ် နေကြရပါတယ်။

ငလျင်ဒဏ်ကြောင့် အထောက်အပံ့ အကူအညီတွေ လိုအပ်နေတဲ့ လူ အရေအတွက် ဆယ်ဆ မက မြင့်တက် လာတယ်လို့ မားခေး ဒေသ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ငလျင် အသေးစားတွေကြောင့် နေအိမ်တွေ ဆက်လက် ပြိုကျ နေရဆဲ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတဲ့ မြို့တွေထဲက တစ်မြို့ဖြစ်တဲ့ နောချာ မြို့က မြို့ခံတွေက သူတို့ အဲဒီ့မြို့မှာ ဆက်မနေရဲ လောက်အောင် ကြောက်ရွံ့ ထိတ်လန့် နေရတယ်လို့ ဆိုပါတယ်။

လူတချို့ မြို့ကို စွန့်ခွာ ထွက်သွားခဲ့ကြပြီး၊ ကျန်ရစ်သူတွေ ထဲက တချို့ကတော့ လာရောက် ကူညီသူတွေ စီစဉ်ပေးတဲ့ ယာယီ စခန်း နေရာတွေမှာ နေနေကြသူတွေ ရှိသလို ကိုယ့် မော်တော်ယာဉ် ကားတွေထဲမှာပဲ အိပ်စက် နေကြသူတွေလည်း ရှိပါတယ်။

ဥရောပတလွှား အလေးအမြတ် ထားကြရတဲ့ ခရစ်ယာန် သူတော်စင် စိန့် ဘင်နာဒစ်ခ် အထိမ်းအမှတ် ၁၄ ရာစု လက်ရာ ရှေး ဘုရားကျောင်းလည်း နောချာမြို့ ငလျင်ထဲ ပါသွား ခဲ့ရပါတယ်။

ငလျင်ကြောင့် ပျက်စီး ခဲ့ရသမျှ တွေ ပြန်လည် တည်ဆောက် ပေးမယ်လို့ အီတလီ ဝန်ကြီးချုပ် မက်ထေးအို ရန်ဇီက ကတိပြု ပြောဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဗုံးခွဲရန်ကြံစည်မှု ဆော်ဒီ ဖော်ထုတ်

Saudi Arbia နိုင်ငံ Fahad ကစားကွင်းတွင် ပရိတ်သတ်များကိုတွေ့ရစဉ်
၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ခြေစစ်ပွဲကို ဗုံးခွဲတိုက်ခိုက်မယ့် အစီအစဉ်ကို ဖော်ထုတ် တားဆီးလိုက်ကြောင်းနဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ မသင်္ကာရသူတွေကို ဖမ်းဆီးလိုက်နိုင်ကြောင်း ဆော်ဒီအာရေးဗီးယားက ပြောပါတယ်။

Jeddah မြို့ Al-Jawhara အားကစားကွင်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပဖို့ရှိတဲ့ ဆော်ဒီအာရေးဗီးယားနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အားကစားရုံအပြင်မှာ ကားဗုံးထောင် တိုက်ခိုက်ဖို့ လူတစုက စီစဉ်ခဲ့ကြောင်း ဆော်ဒီ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဒီအားကစားကွင်းဟာ လူပေါင်း ၆၂,၀၀၀ ဆံ့တဲ့ကွင်း ဖြစ်ပါတယ်။

တိုက်ခိုက်မှု မဖြစ်ပွားခင် တရက်အလိုမှာ ပါကစ္စတန်နိုင်ငံသား ၂ ဦး၊ ဆီးရီးယားနဲ့ ဆူဒန်နိုင်ငံသား တဦးစီ၊ စုစုပေါင်း နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ IS အဖွဲ့နဲ့ ဆက်နွယ်မှု ရှိမရှိဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

အလားတူပဲ IS အဖွဲ့ရဲ့ ညွန်ကြားချက်အရ Shaqraa ခရိုင်အတွင်းက ရဲအရာရှိတွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ ဆော်ဒီနိုင်ငံသား ၄ ဦးကိုလည်း တိုက်ခိုက်မှု မဖြစ်ပွားခင် ဖမ်းဆီးလိုက်ကြောင်း ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဓါတုစစ်ပွဲ ဆင်နွဲဖို့ IS အစီအစဉ်ရှိခဲ့

ဓါတုလက်နက်ကာ masks
ပြီးခဲ့တဲ့ သီတင်းပတ်ထဲ IS စစ်သွေးကြွတွေရဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက် သတ္တုတွင်းကို မီးရှို့ဖျက်ဆီးမှုဟာ သူတို့ရဲ့ ဓါတုစစ်ပွဲ ဆင်နွှဲဖို့ အစီစဉ်ရဲ့ ကနဦး ခြေလှမ်းတရပ်ဖြစ်တယ်လို့ ရှုမြင်ကြပြီး၊ ဒါဟာ သူတို့အဖွဲ့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ အီရတ်နိုင်ငံ Mosul မြို့ကို အီရတ်နဲ့ Kurd တပ်ဖွဲ့တွေ ပြန်လည်မသိမ်းပိုက်နိုင်အောင် လုပ်တာအဖြစ် စစ်ရေးကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

IS စစ်သွေးကြွတွေဟာ မနှစ်က Tikrit မြို့ ကျမသွားအောင် အီရတ်တပ်တွေနဲ့ ရှီယာပြည်သူ့စစ်တွေကိုခုခံကာကွယ်စဉ်က ကလိုရင်း ထည့်ထားတဲ့ လက်လုပ် ဖေါက်ခွဲရေး ပစ္စည်း IED တွေ ရာနဲ့ချီ သုံးခဲ့တာဖြစ်ပြီး အခု ဒီ့ထက် အရေအတွက် ပိုများများ သုံးလာ နိုင်တယ်လို့ သတိပေးချက်တွေလည်း ထွက်ပေါ်နေတာပါ။ အခုလို ကလိုရင်းပါတဲ့ IED တွေ သုံးခဲ့တာကြောင့်လည်း Tikrit ကို ပြန်ရတဲ့အခါ ရှီယာ ပြည်သူ့စစ်တွေက ဒီစစ်သွေးကြွတွေကို ရက်ရက်စက်စက် လက်တုန့်ပြန်ခဲ့ကြတာလို့ စောင့်ကြည့်သူတချို့က ပြောပါတယ်။

Mosul မြို့နဲ့ ၁၈ မိုင်လောက်အကွာမှာ Mishraq ဆာလ်ဖာဒိုင်အောက်ဆိုက် ထုတ်တဲ့ ဓါတုစက်ရုံရှိနေတာမို့ အိုင်အက်စ် တွေက Mosul ကိုကာကွယ်ဖို့ အသဲအသန် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့က အကြံပေး Hamish de Bretton-Gordon ကပြောပါတယ်။

ဒီအကြမ်းဖက် အဖွဲ့ရဲ့ ဓါတုလက်နက်အစီအစဉ်ကို ကိုင်တွယ်တဲ့ သိပ္ပံပညာရှင်တွေဟာ တချိန်က အာဏာရှင် Saddam Hussein အတွက် အလုပ်လုပ်ခဲ့သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း တိုက်ခိုက်ရာမှာ သူတို့ သုံးခဲ့တဲ့ မော်တာကျည်ဆံတွေမှာ ဖြည့်တဲ့ ကလိုရင်း တွေ သူတို့ဆီမှာ မခန့်မှန်း နိုင်လောက်အောင် အများကြီး ရှိနေတယ်လို့လည်း ပြောပါတယ်။

IS စစ်သွေးကြွတွေဟာ Mosul မှာ mustard အဆိပ်ဓါတ်ငွေ့တွေ ထုတ်လုပ်နေမယ်လို့ ဗြိတိသျှ စစ်ဖက်အရာရှိဟောင်းက သံသယ ရှိနေသလို ဒီလို ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုအတွက် မဟာမိတ်တပ်ဖွဲ့တွေဘက်က သေသေချာချာ ပြင်ဆင်မထားမှာကိုလည်း စိုးရိမ်နေတာပါ။ ပြီးခဲ့တဲ့နှစ် ပြင်သစ်နိုင်ငံ ပါရီမြို့က လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ရတဲ့ အတိုက်ခိုက် ခံရမှုမှာ ဒီလို အဆိပ်ဓါတ်ငွေ့ တွေ သုံးထားမှာကို ပြင်သစ်ထောက်လှန်းရေးတွေက စိုးရိမ်တဲ့အတွက် အဆိပ်ဖြေဆေးတွေ သုံးခွင့် ပြင်သစ် အာဏာပိုင်တွေက ပေးခဲ့တာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြောက်ဦး လင်းမြွေတောင်ဘုရားအနီး ကားလမ်းမဘေးတွင် လူသေအလောင်းတွေ့ရှိ

ဓာတ်ပုံ facebook /ရွှေရအောင်(တောင်ကုတ်)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လင်းမြွေတောင်ဘုရားအနီး အဝေးပြေးလမ်းမဘေး မိုင်တိုင်အမှတ် ၁၂၄ ( ၃ ဖာလုံ/ ၄ ဖာလုံ) ကြား ရေမြောင်းထဲတွင် ယနေ့ နံနက် ၉ နာရီခန့်က လူသေအလောင်းတစ်လောင်းတွေရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးနေသည့်အလောင်းကို ယနေ့ နံနက် ၉ နာရီခန့်တွင်တွေ့ရှိခြင်း ဖြစ်ပြီး ကားတိုက်ခံရသည်ဟု ယူဆရကြောင်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးဌေးအောင်မှ နိရဉ္စရာသို့ပြောသည်။

“ကျွန်တော်တို့ စုံစမ်း စစ်ဆေးနေဆဲပါ။ သေးဆုံးသူက ဘယ်သူဆိုတာလည်းမသိရသေးဘူး။ ပေါင်ရိုးနှစ်ချောင်း ကျိုးနေတယ်။ လက်ကောက်ဝတ်တွေရောပဲ။ ကားတိုက်သွားတယ်လို့ ယူဆရတယ်။ ခုတော့ မြောက်ဦးမြို့ ဆေးရုံကို ပို့ဆောင်ပြီး သက်ဆိုင်ရာ ဆရာဝန်တွေက စစ်ဆေးဆဲပါ” ဟုဆက်ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ဆောင်ရွက်ရန်စီစဉ်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဌေးအောင်မှ နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

ဓာတ်ပုံ facebook /ရွှေရအောင်(တောင်ကုတ်)
https://www.facebook.com/Narinjara-151742128171206/?hc_ref=SEARCH

မိုင်းလားကို ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါး

တရုတ်-မြန်မာနယ်စပ်မှ တရုတ်ပြည်ဂိတ်ဝင်ဝကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
မိုင်းလားအထူးဒေသ ၄ ဧရိယာမှာ အစိုးရတပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကြား စစ်ရေးတင်းမာနေတာကြောင့် မိုင်းလား မြို့အတွင်း လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ မရှိသလောက် နည်းပါးသွားတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ က ပြောပါတယ်။

အရင်က မိုင်းလားမြို့ပေါ်ကို နေ့စဉ် နိုင်ငံခြားဧည့်အဝင်အထွက် ရာနဲ့ချီရှိပေမယ့် ဒီရက်ပိုင်းအတွင်း ဧည့်သည်မရှိသလောက်ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း ရွှေတြိဂံဇုန် ဥက္ကဌဦးစိုးရွှေက ပြောပါတယ်။

" ကျနော်တို့ ရာဂဏန်းတွေ ရှိပါတယ်။ ရာဂဏန်းတွေ ရှိတယ်ဆိုတာက လာတဲ့သူက လာတယ်။ သွားတဲ့သူက သွားတယ်။ ဒါတွေကတော့ ။ အခု သိသလောက်တော့ မြို့ထဲမှာတော့ နည်းနည်း လူရှဲသွားတာပေါ့။ မိုင်းလားကတော့ ရှဲသွားတာပေါ့။ ဒီလိုကြားတယ်ဆိုတော့ ဘယ်ဝင်တော့မလဲ။ တရုတ်ဘက်ကလည်း ဘယ်အဝင်ခံတော့မလဲ။ မြို့ထဲမှာတော့ ခြောက်ကပ်သွားတယ်။" လို့ ပြောပါတယ်။

မိုင်းလားအထူးဒေသ(၄) ဧရိယာဖြစ်တဲ့ မိုင်းလားနဲ့မိုင်းမမြို့တွေကို ထိုင်း၊ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံသား တွေ လာရောက်လည်ပတ်တာများပြီး ဒေသတွင်း တရုတ်အစားအစာ၊ လူသုံးကုန်ပစ္စည်းတွေ ရောင်းဝယ်တာတွေ ရှိသလို ကာစီနို လောင်းကစားဝိုင်းတွေကို လာရောက်ကြသူတွေ များတယ်လို့ ပြောပါတယ်။

မိုင်းလားဒေသကို EP လို့ခေါ်တဲ့ ၁၃ ညအိပ် ၁၄ ရက် နေထိုင်ခွင့် ပါမစ်နဲ့ လာရောက်လည်ပတ်ကြ သူတွေရှိသလို ဗီဇာနဲ့ လာရောက်လည်ပတ်တဲ့ ဥရောပ ဧည့်သည်တွေလည်း ရှိတယ်လို့ သိရပါတယ်။

အစိုးရတပ်မတော်က မိုင်းလားအထူးဒေသ(၄) မှာ တပ်စွဲထားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ် မတော် UWSA တပ်တွေကို ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ညွန်ကြားထားပြီး စစ်ရေးတင်းမာတဲ့ အခြေ အနေတွေအရ ကျိုင်းတုံ-မိုင်းလား လမ်းကိုလည်း အခုလ ၂၃ ရက်နေ့က စတင်ပြီး ဖြတ်သန်း သွားလာ ခွင့်ပိတ်ထားပါတယ်။

စစ်ရေးတင်းမာမှုတွေကြောင့် လက်ရှိ မိုင်းလားဒေသကို ရောက်ရှိနေတဲ့ နိုင်ငံခြားဧည့်သည်တွေ ပြန်လည် ထွက်ခွာရာမှာ အစိုးရဘက်က စစ်ဆေးမှုတွေရှိနေ ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မန္တလေးတိုင်းက စီမံကိန်း ၃ ခုကို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထား

ပြင်ဦးလွင် - မန္တလေးလမ်းသစ်စီမံကိန်းကို တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ပြုပေးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စီမံကိန်း ၃ ခု ဟာ ပြန်လည်စိစစ်ဖို့ လိုအပ်တာကြောင့် ယာယီဆိုင်းငံ့ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ် စီမံကိန်း၊ ဧရာဝတီမြစ်နဲ့ ဒုဌာဝတီမြစ်ဆုံရာမှာ တည်ဆောက်မယ့် စက်သုံးဆီ သိုလှောင်ရုံ စီမံကိန်း နဲ့ တောင်သမန်သစ္စာစီမံကိန်းတွေကို ဆိုင်းငံ့ခိုင်းထားတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောပါတယ်။

"နံပါတ် ၁ စီမံကိန်းကတော့ ပြင်ဦးလွင် - မန္တလေး ဖြတ်လမ်းဆိုပြီးတော့ ပုသိမ်ကြီးဘက်ကနေ ဖြတ်ပြီး ဆောက် နေတာ ရှိပါတယ်၊ နောက်တစ်ခု ကတော့ ဧရာဝတီနဲ့ ဒုဌာဝတီမြစ်ဆုံတဲ့နေရာမှာ ဆီသိုလှောင် ကန်တွေရယ်၊ ဆိပ်ကမ်းရယ် တည်ဆောက်မယ့် လုပ်ငန်းပါ၊ နောက်တစ်ခု ဆိုင်းငံ့တာကတော့ တောင်သမန်သစ္စာပါ၊ ဒီတောင်သမန်အင်းထဲမှာ ဧက ၁၀၀ နီးပါးထဲမှာ သူက Mini City လိုမျိုးလောက် အိမ်ရာပေါ့။ " လို့ ပြောတာဖြစ်ပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ်စီမံကိန်းဟာ သစ်တောကြိုးဝိုင်း ၂ ခုကို ဖြတ်ပြီး တည်ဆောက်ရမှာ ဖြစ်တာ ကြောင့် သစ်ပင်ပေါင်း ၇ သောင်းကျော်ကို ခုတ်လှဲပစ်ရမှာ ဖြစ်တဲ့အတွက် သစ်တော ၀န်ကြီးဌာနက ဆိုင်းငံ့ခိုင်းထားသလို ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးကလည်း အဲဒီလမ်းဟာ ၀န်ကြီး ဌာနက အသိအမှတ်မပြုတဲ့လမ်းဖြစ်တယ်လို့ ပြောထားကြောင်းလည်း ဦးဇာနည်အောင် က ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ ဒုဌာဝတီမြစ်ဆုံရာမှာ တည်ဆောက်မယ့် စက်သုံးဆီသိုလှောင်ရုံ စီမံကိန်းကိုလည်း အင်ဂျင်နီယာ ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိ/မရှိ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ထားတာ ရှိ/မရှိ တွေကို စိစစ်နေတာကြောင့် ဆိုင်းငံ့ခိုင်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တောင်သမန်ကျေးရွာအနီးမှာ တည်ဆောက်မယ့် တောင်သမန်သစ္စာ စီမံကိန်းဟာ တည်ဆောက်မယ့် ပုံစံတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စနစ်တွေ စနစ်တကျ ရှိမနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ်စီမံကိန်းကို Axion ကုမ္ပဏီ၊ စက်သုံးဆီသိုလှောင်ရုံ စီမံကိန်းကို အများပိုင် စက်သုံးဆီဖွံ့ဖြိုးရေး ကုမ္ပဏီနဲ့ တောင်သမန်သစ္စာ စီမံကိန်းကို တောင်သမန်သစ္စာ ကုမ္ပဏီတို့က လုပ်ပိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

အစိုးရအကူးအပြောင်းကာလဖြစ်တဲ့ ပြီးခဲ့တဲ့ မတ်လမှာ အရင်အစိုးရက လုပ်ပိုင်ခွင့်ချပေးလိုက်တဲ့ စီမံကိန်း လုပ်ငန်းတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့ က ပြန်လည်စိစစ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ