တောင်ကြီးမြို့၌ မီးပုံးပျံ(ညမီးကြီး)အတွက် ယမ်းပိုင်းဆိုင်ရာ ပြုလုပ်စဉ် မီးလောင်မှုဖြစ်ပွား


တောင်ကြီး စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင် ယနေ့ ည ၈း၄၅ နာရီခန့်က မီးပုံးပျံ(ညမီးကြီး)အတွက် ယမ်းပိုင်း ဆိုင်ရာများဖြစ်သည့် မီးရှုး၊ မီးပန်းများပြုလုပ်ရန်အတွက် ယမ်းထောင်းရာမှ မီးကူးစက်လောင်ကျွမ်းကြောင်း သိရှိရသည်။


အဆိုပါမီးလောင်ရာသို့ တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ်(၁)စီး မီးသတ် တပ်ဖွဲ့ဝင် သန္ဓေ(၁၁)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၅)ဦးနှင့် ပြည်သူများ ၀ိုင်းဝန်း မီးငြိမ်းသတ်ရာ ည ၉း၀၀ နာရီတွင် မီးငြိမ်းခဲ့ပြီး လူတစ်ဦးမှာ မီးဟတ်သဖြင့် အနည်းငယ် ထိခိုက် ဒဏ်ရာ ရရှိ၍ ဆေးရုံသို့ ပို့ထားကြောင်း ကနဦး သတင်းရရှိသည်။

ခရိုင်( ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဝ တပ်ဖွဲ့ အနေဖြင့် သံလွင်အရေးတွင် တရုတ်ဘက်မလိုက်ရန် စိုင်းလိတ် တိုက်တွန်း


စက်တင်ဘာလ ၃၀ ရက် ၂၀၁၆

အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် UWSA ၀ အနေဖြင့် သံလွင်မြစ် ရေကာတာ နှင့်လျှပ်စစ်စီမံကိန်း အရေးတွင် တရုတ်ဘက်မလိုက်ဘဲ ပြည်ထောင်စု သားများနှင့် အတူလက်တွဲ ဆောင် ရွက်ရန် CSSU သျှမ်းပြည်ညီညွတ်ရေး ကော်မတီမှ ကော်မတီဝင် စိုင်းလိတ်က တိုက်တွန်းလိုက်သည်။

သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် စီမံကိန်း အားလက်ခံရန် UWSA အား တရုတ်ဘက်မှ ဖိအားပေး မှု များတွင် UWSA အနေဖြင့် ပါဝင်ခြင်းမရှိဘဲ အောက်ခြေလူထု အဖွဲ့အစည်းများနှင့် လူထုဆန္ဒကို ဆန့်ကျင် မှုမပြုပဲ ပြည်ထောင်စုတိုင်းရင်းသားများနှင့် အတူလက်တွဲဆောင်ရွက်ရန် စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်သည့် နောင်ဖှရေကာတာ စီမံကိန်းနှင့် ပတ်သက်သော ရှမ်းအင်အားစုများ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားကြောင်း သိရသည်။

“ UWSA က တရုတ်နဲ့ပတ်သက်လို့ Buffer Zoneဆိုတဲ့ နယ်ခြားဒေသဖြစ်တယ်။ တရုတ်အတွက် ကိုကြည့်ပြီးတော့ မှ ပြည်ထောင်စုကြီးအတွက် ရှေးရှုတဲ့ လုပ်ငန်းမျိုးကို မလုပ်ဘူး။ တရုတ်အစိုးရ အလိုကျ သာလိုက်လုပ်မယ်ဆိုရင် ပြည်ထောင်စုဖွားအချင်းချင်းကြားထဲမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်စေနိုင်တယ်” ဟု ပြောသည်။

သျှမ်းပြည်နယ်အတွင်း သံလွင်စီမံကိန်းများအပါဝင် မြစ်ငယ် ( ဒုဌ၀တီမြစ် ) ပေါ်ရှိစီမံကိန်းများအား ဒေသခံ များမှ ကန့်ကွက်မှုများရှိနေသော်လည်း UWSA ၀ တပ်ဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် အစိုးရတာဝန်ရှိသူများ ၂၀၁၄ ခုနစ်က တွေ့ဆုံစဉ် သံလွင်မြစ်ပေါ်မှ ရေအားလျှပ်စစ် ထုတ်ယူခွင့်နှင့် သီပေါအနီးတွင် လျှပ်စစ်ဓါတ် အားထုတ်ယူခွင့်ပေးရန် ၀ တပ်ဖွဲ့မှ တင်ပြခဲ့သည်ဟု Eleven Media ၏ သတင်းတပုဒ်တွင် ဖော်ပြခဲ့ဖူးသည်။

သံလွင်မြစ်ပေါ်စီမံကိန်းများနှင့် မြစ်ငယ်မြစ်ပေါ်ရှိစီမံကိန်းများမှာ တရုတ်ရင်းနှီးမြှပ်နှံမှုဖြင့် တည်ဆောက်မည့် စီမံကိန်းများဖြစ်ပြီး ပဋိပက္ခနှင့် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများတွင် တည်ရှိသည်။

ပြည်ထောင်စုအရေးကိစ္စများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားသင့်ကြောင်း UWSAဒေသတွင် လူထုအခြေ ပြုအဖွဲ့အစည်းများမရှိသည့်အတွက် UWSA အနေဖြင့် လူထုအခြေပြုအဖွဲ့အစည်း အနေဖြင့်လည်း ကောင်း၊ ပြည်သူလူထု အနေဖြင့်လည်းကောင်းပါဝင်သင့်ပါဝင်ထိုက်သည့်အတွက် ရှမ်းအင်အားစုများအနေဖြင့် ကမ်းလှမ်းရခြင်းဖြစ်သည်ဟုလည်း စိုင်းလိတ်က ဆိုသည်။

စိုင်းလိတ်က “ အခုငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀ မပါလို့မဖြစ်ဘူး။ ၀ က အင်မတန်အရေးကြီးတဲ့အခန်းကဏ္ဍမှာေ၇ာက်နေတာပေါ့။ သူတို့အနေနဲ့ သံလွင်ကိုရပ်စဲမယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စမှာ ဒီထက်မက ပိုပြီးတော့မှ နီးနီးကပ်ကပ်ပူးပေါင်းပါဝင်နိုင်တယ်ဆိုတဲ့ပုံမျိုး အလေးတင်လိုက် မယ်ဆိုရင်ပိုပြီးတော့မှ အကျိုးထိရောက်နိုင်တာပေါ့”ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် ရေကာတာ ၄ ခု တည်ဆောက်ရန် ယခင် စစ်အစိုးရလက်ထက်ကတည်းက သဘောတူခဲ့ကာ အားလုံးမှာ တရုတ်ရင်းနှီးမြှပ်နှံမှုများ ဖြင့် တည်ဆောက်မည်ဖြစ်ပြီး လျှပ်စစ် ၉၀ % မှာ တရုတ်သို့တင်ပို့မည်ဖြစ်ကာ ဒေသခံ သိန်းနှင့်ချီ နေရပ်စွန့်ခွာရဖွယ်ရှိနေသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
 

BRICS နဲ့ ပူးတွဲညီလာခံကနေ မြန်မာအတွက် ရလဒ်ကောင်းတွေ မျှော်လင့်

BRICS အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခေါင်းဆောင်များ။ ( ဇူလိုင်-၂၀၁၅)
အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ အောက်တိုဘာလထဲ ကျင်းပမယ့် BIMSTEC နဲ့ BRICS ပူးတွဲ ထိပ်သီးညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး- အဲဒီညီလာ ခံမှာ ဆွေးနွေးနိုင်လိမ့်မယ် လို့ မြန်မာ အစိုးရဘက်က မျှော်လင့်နေတာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အောက်တိုဘာလ ၁၅ နဲ့ ၁၆ ရက် အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာကျင်းပမယ့် ၈ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံကို BIMSTEC အဖွဲ့ဝင်နိုင်ငံ က ခေါင်းဆောင်တွေ တက်ရောက်ဖို့ ဖိတ်ကြား ထားတာကြောင့် အဲဒီညီလာခံ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက VOA မြန်မာပိုင်းကို ပြောပါတယ်။

" အိန္ဒိယ ဂိုအာမှာ ၁၅၊ ၁၆ မှာ BIMSTEC and BRICS ဆိုပြီးရှိပါတယ်။ Outreach Summit of the BIMSTEC and BRICS partners ဆိုပြီးတော့ပေါ့။ ခါတိုင်းကတော့ BIMSTEC ကတခု၊ BRICS ကတခု အဲ့နှစ်ခုကိုပေါင်းပြီးတော့မှ အခု Summit လုပ်တဲ့သဘောပါ။ အဲ့တာကို ဖိတ်ထားတာပါ။"

၎ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံကို ၂၀၁၂ ခုနှစ်တုန်းကလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမှာ လက်ခံ ကျင်းပခဲ့ပြီး၊ အခုတခါ ၈ ကြိမ် မြောက် ထပ်မံ ကျင်းပ တာဖြစ်ပါတယ်။

စီးပွားကုန်သွယ်မှုအတွက် ဖွဲ့ထားတဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နိုင်ငံတွေပါဝင်ပြီး၊ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ဖွဲ့ထားတဲ့ BIMSTEC ထဲမှာတော့ ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါနိုင်ငံတွေ ပါဝင်တာဖြစ်ပါတယ်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ BIMSTEC နိုင်ငံတွေအနေနဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးတွဲကျင်းပမယ့် ညီလာခံကနေ မြန်မာနိုင်ငံအတွက် ဘယ်လို ရလဒ်ကောင်းတွေ မျှော်လင့်နိုင်မလဲဆိုတာကိုတော့ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ရှင်းပြပါတယ်။

" မြန်မာကတော့ BIMSTEC မှာ တက်တက်ကြွကြွပါနေတယ်။ ဒီထဲမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဘက်စုံပူးပေါင်းဆောင်ရွက်မှုရှိတယ်။ များသောအာ့းဖြင့် မြန်မာနိုင်ငံကတော့ ကိုယ်အားသန်တဲ့ စိုက်ပျိုးရေးတို့ စွမ်းအင်တို့မှာ ပူးပေါင်းဆောင်ရွက်ပြီးတော့ ညှိနှိုင်းရေး တာဝန်ခံတဲ့ ကဏ္ဍတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်မှုတွေရှိပါတယ်။ "

၂၀၁၄ ခုနှစ်တုန်းကလည်း BIMSTEC ညီလာခံတခုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ BRICS နဲ့ BIMSTEC ပူးတွဲ ထိပ်သီးညီလာခံကို ထိပ်သီး မြန်မာခေါင်းဆောင်တဦး တက်ရောက်ခြင်းအတွက် အလားလာကောင်းတွေ မျှော်လင့်နိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှုကုန်သည်ကြီးများ အသင်းချုပ် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။

" ဒါတွေက စီးပွားရေးအရလည်း တကမ္ဘာလုံးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးနယ်ပယ်မှာ ကျယ်ပြန့်လာမယ်ဆိုတဲ့သဘောဆောင်ပါတယ်ခင်ဗျ။ ဒါတွေက စုဖွဲ့ထားတဲ့ စီးပွားရေး၊ နိုင်ငံရေး စုဖွဲ့ထားတဲ့အဖွဲ့တွေ ထိတွေ့တာကတော့ တိုင်းပြည်အတွက် အကျိုးရှိမှာပါခင်ဗျ။ အိန္ဒိယနဲ့ဆိုရင်လည်း ကျနော်တို့ လုပ်ငန်းဆောင်ရွက်မှုတွေ အများကြီးရှိတာပဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ ဆိုလည်း ဆောင်ရွက်မှုတွေ အများကြီးရှိတာပဲ။ နယ်စပ်ပေါ့။ အထူးသဖြင့် နယ်စပ်ကုန်သွယ်မှုတွေရှိတယ်။ ဒါတွေ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်တဲ့ အနေအထားတွေရှိပါတယ်။ "

BIMSTEC နိုင်ငံတွေကြား ညီလာခံတွေကျင်းပလေ့ ရှိပေမယ့် လက်တွေ့မှာ မြန်မာနိုင်ငံအတွက် ထိရောက်တဲ့ ရလဒ်ကောင်းတွေ ခုထိမမြင်ရ သေးဘူးလို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးခင်မောင်ညို (ဘောဂဗေဒ)က မြင်ပါတယ်။

" ကိုယ်သိသလောက်ကတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းမှာ အနောက်ဘက်ခြမ်းက ဘင်္ဂလားဒေ့ရှ် အိန္ဒိယ မြန်မာဆို ဘင်္ဂလားဒေ့ရှ် နဲ့လည်း ဘာမှ သိပ်ထွေထွေထူးထူး မရှိဘူး။ အိန္ဒိယနဲ့လည်း ဘာမှ ထွေထွေ ထူးထူး သိပ်မရှိဘူး။ သူတို့ကိုယ်တိုင်ကလည်း စိတ်ဝင်စားမှု သိပ်နည်းတယ်လို့ အဲ့သလို မှတ်မိတယ်။"

မြန်မာနိုင်ငံပါဝင်တဲ့ BIMSTEC အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ BRICS အဖွဲ့ကိုတော့ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၂% ရှိပြီး၊ စီးပွားကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၆ ထရီလီယံကျော် ရှိပါတယ်။ BRICS အဖွဲ့ဝင် နိုင်ငံတွေဟာ တချိန်မှာ ခိုင်မာတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတခု ထူထောင်နိုင်ဖို့ ရည်မှန်းထားကြပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်ရုံး မီးလောင်

ဓါတ်ပုံ- ပြည်တော်သာအုပ်ချုပ်ရေးရုံးအားမီးလောင်နေစဉ်
စက်တင်ဘာလ ၃၀ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးရုံးမီးလောင်သဖြင့် ပတ္တမြားအဆောင်ကျသွားခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၃၀ ရက် ည ၈ နာရီ မိနစ် ၄၀ အချိန်တွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးပေါက်ကွဲမီးလောင်မှုဖြစ်ပွါးခဲ့ပါသည်။


“ ဘာကြောင့်မီးလောင်တယ်ဆိုတာတော့ အတိအကျတော့မသိရသေးဘူး။ ထရန်စဖော် မာပေါက်ကွဲ တယ်လို့ပြောကြသလို မီးပုံးပျံအတွက် ယမ်းလုပ်တာကနေ ပေါက်ကွဲ တာလို့လဲပြော နေကြတယ်။ ဝုန်းခနဲပေါက်ကွဲသံကြီးနဲ့အတူ မီးလောင်တယ်။ အရမ်းမြန်တော့ ဘာမှမရလိုက်ကြဘူး။ ပတ္တမြားအဆောင်ေ တာ့ပြာကျသွားပြီ။ ” ဟု တောင်ကြီး မှ သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းယီ့ဖုန်းက သတင်းပေးပို့သည်။

မီးလောင်မှုအား မီးသတ်ကား ၆ စီးဖြင့်လာရောက်ငြိမ်းသတ် ရာ ဒေသ စံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ တွင် မီးကောင်းစွာငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုးနှင့် သေကြေဒဏ်ရာ ရမှုကိုတော့မသိရသေးပေ။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
 

တပ်မတော်က ကုန်စည်ကားတွေကို ပိတ်ထား

မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ် ဒွန်ဘန်ရွာမှာ ရပ်ထားတဲ့ ကုန်တင်ကားကြီးများကို စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်က တနိုင်းဘက်သွားမယ့် ကုန်ကားအစီး ၃၀ ကျော်ကို အခုလ ၂၇ ရက်နေ့ကစပြီး သွားလာခွင့်ပိတ်ပင်ထားပါတယ်။

အဲဒီကုန်တင်ကားတွေဟာ အခြေခံစားသောက်ကုန်တွေပါတဲ့ ကားတွေဖြစ်တဲ့အကြောင်း အဲဒီနယ်မြေမှာ ကုန်စည်စီးဆင်းမှုတွေကို အခက်အခဲဖြစ်စေတယ်လို့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလုပ်အမှုဆောင် ဦးဝင်းဘို ကပြောပါတယ်။

ဒီကနေ့ ညနေ သုံးနာရီအထိ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ပြီး ကုန်ကားတွေဟာ ဒွန်ဘန်ရွာလယ် ဈေးဆိုင်တန်းတွေရှေ့မှာ ရပ်နားထားရတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့က ကုန်ကားတွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

တုံမဏီ၊ ဒလူး၊ ဝမ်းပလာ စတဲ့ မှော်ရွာတွေနဲ့ ထိစပ်နေတဲ့ တနိုင်းဒေသဘက်မှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ က လှုပ်ရှားနေတာဖြစ်ပါတယ်။

မြစ်ကြီးနားဘက်ကနေ အခြေခံစားကုန် ဆန်၊ ဆီ၊ ကုန်ခြောက်မျိုးစုံနဲ့ စက်သုံးဆီတွေကို ကုန်တင်ကားကြီးတွေနဲ့ တင်ပို့နေတာဖြစ်ပြီး တနိုင်းဒေသက ပြည်သူတွေနဲ့ ရွှေမှော်၊ ပယင်းမှော် လုပ်ကိုင်သူတွေဟာလည်း အဲဒီလမ်းကြောင်းကိုပဲ အဓိက သယ်ယူနေရတာဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ မိုးကောင်း-ဖားကန့်၊ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ဗန်းမော်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို စတဲ့ လမ်းကြောင်းတွေကို လုံခြုံရေးအခြေအနေအရ နှစ်ဖက်တပ်တွေက မကြာခဏပိတ်ထားလေ့ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

စဥ့်ကိုင်မြို့နယ်က တောင်သူ ၉ ဦး တရားစွဲခံရ

မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ခန်လူးကျေးရွာမှာ အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့က ခတ်ထားတဲ့ခြံစည်းရိုးတွေကို စက်တင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်။ Photo: Hset Paing Toe/RFA
မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ခန်လူးကျေးရွာမှာ ကျေးရွာပိုင်မြေနေရာကို ခြံစည်းရိုးဝင်ခတ်တဲ့ အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) ကို တားမြစ်ခဲ့တဲ့ ကျေးရွာသား ၉ ဦးကို ပိုင်နက်ကျူး လွန်မှု ပုဒ်မ ၄၄၇ နဲ့ မနေ့က အမှုဖွင့်လိုက်ပါတယ်။

လက်ရှိအချိန်မှာတော့ ခြံစည်းရိုးခတ်တာကို ရပ်နားလိုက်ပြီး တားမြစ်သူ ၉ ဦး တရားစွဲခံထားရတယ်လိုက တရားစွဲဆိုခံရတဲ့ တောင်သူ ဦးစိုးဆွေ ကပြောပါတယ်။

အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က ခန်လူးကျေးရွာသား ၂၄ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၇၀ လောက်ကို သီးနှံလျော်ကြေးပေးပြီး သိမ်းယူထားတာ ဖြစ်ပါတယ်။

သိမ်းဆည်းစဉ်ကတည်းက ပိုလျှံနေတဲ့ မြေဧက ၅၀ လောက်မှာ မူလတောင်သူတွေက ဆက်လက်လုပ်ကိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လက အဲဒီပိုလျှံမြေတွေကို စရဖအဖွဲ့က ခြံစည်းရိုးခတ်တာတွေ စတင်လုပ်ဆောင်လာခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခန်လူးကျေးရွာနဲ့ ထိစပ်နေတဲ့ လက်ပံချိုင့်ကျေးရွာ၊ တဘက်ဆွဲ၊ စကားအင်း စတဲ့ကျေးရွာတွေမှာလည်း အမှတ်(၃၀၂၇) အမြောက်တပ် က လယ်ယာမြေဧက ၂၀၀၀ နီးပါးကို လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ တချိန်တည်း သိမ်းဆည်းခဲ့ပါတယ်။ အဲဒီအခြေစိုက်တပ်က ပိုလျှံမြေအားလုံးမှာ တောင်သူတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မူးယစ်တွေကို သတ်ပစ်ချင်လို့ ဒူတာတေးဆို

ဂျာမနီ အာဏာရှင် ဟစ်တလာ
ဖိလစ်ပိုင် အနာဂတ် မျိုးဆက်တွေကို ကာကွယ် စောင့်ရှောက်ဖို့ နိုင်ငံက မူးယစ်ဆေး စွဲနေသူ ၃ သန်း ကို သတ်ပစ်ချင်တယ်လို့ ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေးက ပြောကြား လိုက်ပါတယ်။

ဒူတာတေးက သူ့ရဲ့ မူးယစ်ဆေး နှိမ်နင်းရေး တိုက်ပွဲကို နာဇီ ဂျာမနီ ခေတ်က အာဏာရှင် ဟစ်တလာရဲ့ ဂျူးမျိုးတုံး သတ်ဖြတ်မှုနဲ့ နှိုင်းယှဉ် ပြောခဲ့ပါတယ်။

ဒီလို ပြောကြားမှု အတွက် အမေရိကန် က ဂျူး အုပ်စုတွေက ပြစ်တင် ရှုတ်ချ ခဲ့ကြပါတယ်။

ဒူတာတေး အာဏာရပြီး ၃ လ အတွင်း မူးယစ်ဆေးစွဲသူ လူ သုံးထောင်ကျော် ပစ်ခတ် သတ်ဖြတ် ခံနေရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဂြိုဟ်တုနဲ့ ဥက္ကာခဲတိုက်ပြီး ခရီးဆုံး

ရိုဆက်တာ ဂြိုဟ်တုနဲ့ ဥက္ကာခဲတိုက်
ရိုဆက်တာ ဂြိုဟ်တုနဲ့ ဥက္ကာခဲ တိုက်ပြီး အာကာသ သမိုင်းဝင် ခရီးစဉ် အဆုံးသတ် ခဲ့ပါတယ်။

ဒီဥက္ကာခဲကို ရိုဆက်တာက ၂ နှစ်ကြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်း ရောက်လာတာနဲ့ ဥရောပ အာကာသ အေဂျင်စီမှာ ရှိတဲ့သူတွေ အားလုံး ပျော်ရွှင်စွာ လက်ခုပ်တွေ တီးကြပြီး မျက်ရည်တွေလည်း ကျကြပါတယ်။

ရိုဆက်တာ ဂြိုဟ်တု ဘက်ထရီတွေ အားဖြည့်ဖို့က နေနဲ့ အလှမ်းဝေးနေလို့ ပီ ၆၇ ဥက္ကာခဲနဲ့ တိုက်ပြီး ဂြိုဟ်တု ခရီးစဉ် အဆုံးသတ်ဖို့ အေဂျင်စီက ဆုံးဖြတ်ခဲ့တာပါ။

တိုက်မိမိချင်း ဂြိုဟ်တုက အလင်းထုတ်လွှင့်မှုတွေ ရပ်ဆိုင်းသွားပေမယ့် နောက်ဆုံး အချက်ပြဖို့က နောက်ထပ် မိနစ် ၄ဝ ကြာပါတယ်။

အဲဒီနေရာဟာ ကမ္ဘာက မိုင် သန်း ၄ဝဝ ကျော် ဝေးပြီး ဂြိုဟ်တုဟာ ဆယ်နှစ်ကျော် အတွင်း မိုင် သန်း ၅ဝဝဝ ကျော် ခရီးနှင်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး NLD အစိုးရ ဦးစားပေးဆောင်ရွက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားစဉ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်တက်လာခဲ့တဲ့ ၆ လတာကာလ အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံပါလီမန်များ ညီလာခံ ဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရခိုင်အရေးကိစ္စ အပါအ၀င် တခြားစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကြိုးပမ်းနေပြီး ၊ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း အပြုသဘောဆောင် ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အစိုးရသစ်လက်ထက်မှာ တိုးတက်မှုတွေရှိလာပေမယ့်လည်း တိုင်းရင်းသား မဟာမိတ်တွေကိုလည်း လက်တွဲဆွေးနွေးသင့်တယ်လို့ တိုင်းရင်းသားခေါင်းဆောင် တဦးက ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

၃၇ ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို နေပြည်တော်မှာ ဒီကနေ့ စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အစိုးရသစ်တက်လာချိန်ကစတင်ပြီး ၆ လတာအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဦးစားပေး လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

"ကျမတို့ အစိုးရသစ်ရဲ့ ပထမဦးစားပေးလုပ်ငန်းစဉ်ကတော့ ကျမတို့ လူ့အဖွဲ့အစည်းတခုလုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးအကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နဲ့ သဟဇာတဖြစ်ရေးကို ဖော်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာပဲ စစ်မှန်တဲ့ ဒီမိုကရက်စတစ် ဖယ်ဒရယ် ပြည်ထောင်စုထူထောင်ဖို့ ခြေလှမ်း တရပ်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ကျမတို့ နိုင်ငံ လွတ်လပ်ရေးရချိန်ကစလို့ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို နိဂုံးချုပ် အဆုံးသတ်နိုင်ဖို့ဖို့ ယခင်အစိုးရက စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျမတို့အနေနဲ့ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ပြီး ကျမတို့ ပြည်သူအားလုံး နှစ်ပေါင်း များစွာ မျှော်လင့်တောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ကြဉ်းပေးဖို့ ရည်မှန်းထားပါတယ်။"

NLD အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ အပေါ် ထောက်ခံတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကပြောပါတယ်။ NLD အစိုးရသစ်လက်ထက်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်မှုတွေရှိလာပေမယ့် မဟာမိတ်တွေနဲ့ အခုထက် ပိုပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

" အားရကျေနပ်မှုရှိတယ်လို့တော့ ဘယ်သူမှ ပြောလို့ရမှာမဟုတ်ပါဘူး။ ဘယ်အစိုးရပဲလုပ်လုပ် ပြောလို့ရမှာမဟုတ်ပါဘူး။ သို့သော်လည်းပဲ အရင်ထက်စာရင်တော့ အခုပိုပြီးတော့ တိုးတက်မှုရှိပါတယ်။ ညီလာခံမှာ လက်မှတ်မထိုးရသေးတဲ့သူတွေ ပထမဆုံးတက်ခွင့်ပေးတာ စုံစုံညီညီ တက်လာတာတို့က ကောင်းပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ ပြောချင်တာက ဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ပေါ့နော်။ ကူညီချင်တဲ့သူတွေရော ကူညီနိုင်မယ့် သူတွေရော ပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေရော ပူးပေါင်းဆောင်ရွက်နိုင်မယ့် သူတွေရော ဝန်းရံမယ့်သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ အားလုံးက ကျနော် သိသလောက်က ဘာကူညီရမလဲ။ ဘယ်လို ဝန်းရံရမလဲဆိုတာ မသိတဲ့အချက်ပဲ။ ကျနော်ထင်တယ် မဟာမိတ်တွေကို အထိုက်လျောက်တော့ လက်တွဲဆွေးနွေးရင် ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်။"

ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အတူ NLD အစိုးရသစ်အတွက် နောက်ထပ် စိန်ခေါ်မှုတခု ကတော့ ရခိုင်ပြည်နယ်က မတူညီတဲ့လူမှုအသိုင်းအ၀ိုင်း ၂ ခုကြားက တဘက်နဲ့တဘက် တင်းမာနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း တဘက် နဲ့ တဘက် အဆင်ပြေပြေ နဲ့ သဟဇာတဖြစ်ဖို့ NLD အစိုးရက ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။

"ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့ အသိုင်းအ၀ိုင်းတွေအကြားမှာ သဟဇာတဖြစ်မှု နဲ့ နားလည်မှုတွေဆောင်ကြဉ်းပေးနိုင်ဖို့ကိုလည်း ကျမတို့ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အခြေအနေဟာ ရှုပ်ထွေးနက်နဲပါတယ်။ ကျမတို့နိုင်ငံရဲ့ နယ်နိမိတ်ကိုကျော်ပြီး အာဆီယံဒေသ ၊ ပြင်ပကမ္ဘာရဲ့ စိုးရိမ်ပူပန်စရာ ကိစ္စတခုဖြစ်လာနေပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဘက်ပေါင်းစုံကနေ သုံးသပ်ဖြေရှင်းနိုင်တဲ့နေရာမှာ ကျမတို့ကို ကူညီနိုင်ဖို့အတွက် ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။"

မြန်မာနိုင်ငံအနေနဲ့ တချိန်က အရှေ့တောင်အာရှ ဒေသမှာ ထိပ်တန်းရောက်ခဲ့ပေမဲ့၊ စစ်အစိုးရတွေ လက်အောက်မှာ နိမ့်ကျတဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရပြီး၊ အခုအခါ အရပ်သားစစ်စစ် အစိုးရက တိုင်းပြည်ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေ သလို၊ ဒေသတွင်း နိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ အကူအညီတွေပေးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးထားပြောကြား သွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အစိုးရသစ်ဖြစ် လာချိန်က စတင်ပြီး NLD အစိုးရသစ် အပေါ်မှာ ပြည်သူလူထု ရဲ့ မျှော်လင့်ချက် ကလည်း အတော်လေးကို ကြီးကြီးမားမားရှိနေခဲ့တာဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့အပေါ်မှာ မြန်မာနိုင်ငံရေးအကဲခတ် ဦးစည်သူအောင်မြင့်က အခုလိုသုံးသပ်ပါတယ်။

"အခုဆိုရင် ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲလို့ပဲပြောပါစို့ တကယ်ကို ညီလာခံ အစစ်ကြီးကတော့ မစနိုင်သေးဘူးပေါ့။ အဲ့တာကြီးကို သူတို့စပြီးတော့ ကျင်းပလိုက်နိုင်ပြီ ဒီကျင်းပပြီးကတည်းက လွတ်လပ်ရေးရပြီးကတည်းက သမိုင်းမှာ မတွေ့ရဘူးတဲ့ အခင်းအကျင်းတွေ အကုန်လုံး ဒီမှာ လာပြီးတော့မှ တပ်မတော်ရော တောတွင်းက လက်နက်ကိုင်တွေရော ပြည်သူလူထု က ရွေးကောက် တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေရော အကုန်လုံး ဒီမှာ ဆုံပြီးတော့မှ ပြောဆိုညှိနှိုင်းတဲ့ စကားဝိုင်းကြီးကို စပြီးတော့ တည်လိုက်နိုင်ပြီ ဆိုတာကလည်း ဒါ တိုးတက်မှုပဲ ပြီးတော့မှ ရခိုင်ကိစ္စဆိုရင်လည်း ကျနော့်တဦးချင်းအမြင်ကတော့ တိုးတက်မှုတွေ အများကြီးရှိတယ်လို့မြင်တယ်။ ဒါပေမဲ့ ဒီပြဿနာတွေက နှစ်ပေါင်းများစွာ ရှိလာတဲ့ပြဿနာတွေ ဖြစ်တဲ့အခါကျတော့ အခုမှ တိုးတက်မှုဆိုတာက စရုံပဲ စရသေးတဲ့အခါကျတော့ ရှေ့ကို အများကြီး သွားရလိမ့်ဦးမယ်လို့ ကျနော်မြင်ပါတယ်။"

အာဆီယံ ပါလီမန်များညီလာခံကိုတော့ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့က စတင်ပြီး အောက်တိုဘာလ ၃ ရက်နေ့အထိ နေပြည်တော်မှာ ၄ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

 ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဇီကာအန္တရာယ် သတိထားနယ်မြေထဲ မြန်မာကို ကန် ထည့်သွင်း

အမေရိကန်လွှတ်တော်ရှေ့ Zika တိုက်ဖျက်ရေး တိုက်တွန်း ဆန္ဒပြနေသူတဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၆)
အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDCက ဇီကာဗိုင်းရပ် ကူးစက်ခံနိုင်ရတဲ့ အန္တရာယ်ရှိတဲ့အတွက် နှိုးဆော်ချက်ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှ နိုင်ငံပေါင်း၁၁ နိုင်ငံမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။မြန်မာနိုင်ငံအနေနဲ့ ချင်းမိုင်လို နယ်စပ်ဒေသမျိုးမှာ ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိဖူးတာကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှုတွေ ရောဂါပိုးတွေ့ရှိပြီးနိုင်ငံတွေကနေ ပြန်လာတဲ့သူတွေဆီကနေ ကူးစက်နိုင်တဲ့အတွက် ဇီကာဗိုင်းရပ် ကာကွယ်နှိမ်နှင်းရေးတွေကို ဦးစားပေးလုပ်နေတယ်လို့ ပြည်သူ့ကျန်းမရေးဦးစီးဌာနက ပြောပါတယ်။အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးသွားမှာပါ။

ဇီကာရောဂါ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့အတွက် အမေရိကန် ရောဂါ ထိန်းချုပ်ရေးဌာန CDCက နှိုးဆော်ချက် ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှ နိုင်ငံ၁၁ နိုင်ငံအထဲ မြန်မာနိုင်ငံ ပါဝင်လာပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့ အလားအလာရှိတဲ့ မြန်မာနိုင်ငံမှာ ခရီးသွားတွေအတွက်ဘယ်အတိုင်းအတာအထိ အန္တရာယ်ရှိနိုင်သလဲဆိုတာ မသိနိုင်ပေမဲ့လည်း ရောဂါကူးစက်မှု အသစ်တွေ ဖြစ်ပေါ်နေတဲ့ တခြားဒေသတွေထက်တော့ လျော့ပါးနိုင်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါသေးတယ်။

မြန်မာအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ရောဂါပိုး ကာကွယ်နှိမ်နှင်းရေးတွေကိုဦးစားပေး ဆောင်ရွက်နေတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းကပြောပါတယ်။

" ရောဂါပိုးသယ်ဆောင်တဲ့ ခြင်က ရှိနေတယ်။ နောက် နယ်စပ်ဘက်မှာ ချင်းမိုင်ဘက် မှာလည်းပဲ ရောဂါပိုးက ရှိတယ်ဆိုတော့ ဒီ Cross Borders တွေမှာ လည်းပဲ ရောဂါပိုး ဝင်ရောက်နိုင်တဲ့ အနေအထားရှိတယ်။ နောက် Affected countries တွေကနေပြီးတော့ ပြန်လာတဲ့ ခရီးသည်တွေက ရှိနေတယ်ဆိုတော့ Risks Countries အနေနဲ့ကတော့ ရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဇီကာဗိုင်းရပ်စ် ကာကွယ်နှိမ်နှင်းရေးတွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာ။"

ဇီကာဗိုင်းရပ်စ်ကူးစက်ခံတဲ့ အဓိကလက္ခဏာတွေဟာ ဖျားတာ၊ အရေပြားမှာ အနီစက်ထွက်တာ၊ မျက်စိနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့အဆစ်တွေ နာကျင်တာဖြစ်တတ်ကြောင်းနဲ့ ရောဂါဖြစ်ပွားပြီးနောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဦးနှောက်သေးငယ်တဲ့ ကလေးငယ်တွေမွေးဖွား လာနိုင်ကြောင်း ကျန်းမာရေးနဲ့အားကစား ၀န်ကြီးဌာနက နေ့စဉ်ထုတ် အစိုးရပိုင်သတင်းစာတွေက တဆင့် သတိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရရဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာပဲ ဇီကာဗိုင်းရပ်စ်ပိုး ရှိတယ်လို့ သံသရရှိသူ ငါးဆယ်ဦးကို စစ်ဆေးခဲ့ပေမဲ့လည်း အခုချိန်ထိတော့ ရောဂါပိုး ရှိသူ မတွေ့ရှိသေးဖူးလို့ ဒေါက်တာ စိုးလွင်ငြိမ်းက ပြောပါတယ်။

" မွေးတဲ့ကလေးတွေမှာလည်း ဒီလို ဦးခေါင်းသေးတဲ့ကလေးတွေ မွေးလာခဲ့လို့ရှိရင် ကျနော်တို့ဆီ ချက်ခြင်းသတင်းပို့တယ်။ ပို့ပြီး ဒီဟာကိုလည်းပဲ ကျနော်တို့ စစ်ဆေးတာပေါ့နော်။ အခုဆိုရင် ကျနော်တို့က သံသယလူနာ ငါးဆယ်လောက် စစ်သွားပြီးပြီ။ လောလောဆယ် သံသယလူနာမရှိဘူး။"

ဒါပေမဲ့လည်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့က ဒေါက်တာမြင့်ဦးကတော့ မြန်မာနိုင်ငံအနေနဲ့ ဇီကာရာဂါ ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်နေတာမှန်ပေမဲ့ လုံလုံလောက်လောက် တားဆီးနိုင်ဖို့ကတော့ မလွယ်သေးဘူးလို့ မြင်ပါတယ်။

" CDC ဆိုတာ တကမ္ဘာလုံးနဲ့လည်း ဆိုင်တယ်။ ရောဂါတားဆီးရေးနဲ့ ရှာဖွေရေး ကာကွယ်ထိန်းသိမ်းရေး ဗဟိုဌာနဆိုတာ။ အဲ့တော့ မြန်မာပြည်ကို သူတို့ Alert လုပ်ထားတယ်ပေါ့။ အဲ့တော့ မြန်မာပြည်မှာ လုပ်တာတွေကတော့ သူရဲ့ ဥစ္စာဓနနဲ့ နိုင်သလောက် သူက လုပ်ရတာ။ ဆိုတော့ ၁၀၀% ပြည့်တော့ မကာကွယ်နိုင်ဘူးလို့ ကျနော်က ယုံကြည်တယ်။"

ခြင်ကိုက်ရာက အဓိက ကူးစက်လေ့ရှိတဲ့ ဇီကာဗိုင်းရပ်စ် အန္တရာယ်နဲ့ ပတ်သက်ပြီး ခရီးသွားတွေ သတိထားဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC က နှိုးဆော်ချက် ထုတ်ပြန်လိုက်တဲ့ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံအပြင်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အရှေ့တိမောနဲ့ မော်လ်ဒိုက် နိုင်ငံတွေ ပါဝင်ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဇီကာရောဂါဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီး၊ နိုင်ငံတော်တော်များများမှာ မကြာခဏ ဖြစ်ပွားလေ့ ရှိတတ်ကြောင်းလည်း CDC ကပြောပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများက ဒေသခံတွေ အနေနဲ့ ရောဂါကူးစက်မှုဒဏ် ခံနိုင်ရည် ရှိကောင်းရှိနေနိုင်ပေမဲ့၊ နိုင်ငံခြားက ခရီးသွားတွေ အနေနဲ့ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိချင်မှ ရှိနိုင်တဲ့အတွက် သတိထားဖို့ လိုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကောင်းစံ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဇီကာနှင့် ဦးခေါင်းသေး ကလေးငယ်မွေးဖွားမှု ဆက်စပ်မှုရှိကြောင်း ထိုင်း မွေးကင်းစကလေး နှစ်ဦးက အတည်ပြု

ကိုယ်ဝန်ဆောင် မိခင်၊ ကလေးငယ်နှင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ဆက်စပ်မှုအား ပုံဖော်ထားစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဘန်ကောက်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံတွင် ဦးခေါင်းသေးငယ်သည့် ကလေးငယ် မွေးဖွားမှု နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ယင်းက အရှေ့တောင်အာရှတွင် ဇီကာဗိုင်းရပ်စ်နှင့် ဦးခေါင်းသေး ကလေးငယ် မွေးဖွားမှု ဆက်စပ်နေခြင်းအား ထိုင်းနိုင်ငံက အတည်ပြု ပြသလိုက်ရာရောက်ကြောင်း သိရသည်။

“ကျွန်တော်တို့မှာ မွေးကင်းစ ဦးခေါင်းသေး ကလေးငယ် သုံးဦးရှိနေပြီး နှစ်ဦးက ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်” ဟု ထိုင်းနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဋ္ဌာန အကြံပေး ပရာဆတ် သုန်ချရွန်က သတင်းထောက်များကို ပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာ Khaosod ၌ ဖော်ပြထားသည်။

“တတိယ မွေးကင်းစ ကလေးမှာတော့ လက်ရှိအချိန်ထိ ဗိုင်းရပ်စ် ကူးစက်တဲ့ အခြေအနေ မရှိသေးပါဘူး၊ မမွေးဖွားသေးတဲ့ ကလေးငယ်တွေမှာတော့ ဦးခေါင်းသေးကလေးငယ် ဖြစ်နိုင်ခြေ သံသယရှိနေဆဲပါပဲ” ဟု ပရာဆတ်က ပြောသည်။

ထို့ပြင် ကလေး မမွေးဖွားရသေးသည့် မိခင်များအား ကြည့်ရှုစောင့်ရှောက်ရန်နှင့် ၎င်းအား ဇီကာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်ရန် အဖွဲ့တစ်ခုအား တည်ထောင်ရန် ပရာဆတ်က ပြောကြားခဲ့သည်။

ယခု ဖြစ်ရပ်သည် အရှေကတောင်အာရှတွင် ပထမဆုံး ဇီကာနှင့် ဆက်စပ်သည့် ဦးခေါင်းသေး ကလေးငယ် မွေးဖွားခြင်း ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

ပါကစ္စတန်တောင်ပိုင်းရှိ မိဘမဲ့ဂေဟာတွင် မီးလောင်ကျွမ်းမှုကြောင့် ကလေး ၅ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ


    အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

    ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Mirpur Khas ခရိုင်ရှိ မိဘမဲ့ဂေဟာ တစ်ခုတွင် မီးလောင်ကျွမ်းခဲ့ရာ ကလေးငယ် ၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက စက်တင်ဘာလ ၃၀ ရက်က သတင်း တင်ပြထားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်၊ Mirpur Khas ခရိုင်၊ Liaquat မြို့ရှိ ပုဂ္ဂလိက မိဘမဲ့ဂေဟာဖြစ်သည့် Pakistan Sweet Homes ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ် ဖြစ်နေပြီး တာဝန်ရှိသူများ၏ အဆိုအရ ဆားကစ် လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပြီး အခြားသူများ၏ ပြောကြားချက်မှာမူ ကလေးငယ် တစ်ဦးက ခြင်ဆေးခွေအပေါ်သို့ ရေမွှေးဖြန်းလိုက်သည့်အတွက် မီးလောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

မီးသတ်သမားများနှင့် ကယ်ဆယ်ရေး အဖွဲ့များသည် အခင်းဖြစ်ပွားသည့် နေရာသို့ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသည့် ကလေးငယ်များအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် အခန်းအတွင်း ကလေးငယ် ၁၁ ဦး ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား ထပ်မံ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ရက္ခိုင်မတော်မှ ဖမ်းခံထားရသူ ထွန်းထွန်းနိုင်ကို စစ်တွေရဲမှ ၁၇ (၁) ဖြင့် အမှုဖွင့်


နိရဉ္စရာ၊ စက်တင်ဘာ ၃၀

ရက္ခိုင့်တပ်မတော် AA မှ လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုထွန်းထွန်းနိုင်အား စက်တင်ဘာလ ၂၈ ရက်နေ့က ရဲတပ်ဖွဲ့သို့ လွဲပြောင်းပြီးနောက် မတရားအသင်း ပုဒ်မ ၁၇ (၁) တရားစွဲဆို အမှုဖွင့်ထားကြောင်း စစ်တွေအမှတ် (၁) မြို့မရဲစခန်းမှူး ရန်နိုင်လတ်က ပြောသည်။

“ ဟုတ်ပါတယ်။ ရဲစခန်းမှာ အရေးယူထားပါတယ်။ ထွန်းထွန်းနိုင်ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ထားပါတယ်။ တပ်မတော် စရဖမှ ဗိုလ်ကြီး တစ်ဦးကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျွန်တော်တို့ စခန်းကို လွဲပြောင်း ခဲ့တာ ဖြစ်ပါတယ်” ဟု စခန်းမှူက ပြောကြားသည်။

ယခုအခါ ထွန်းထွန်းနိုင်အား ရမန်ယူပြီး စစ်ဆေးနေကြောင်း စခန်းမှူးက ဆက်လက် ပြောဆိုသည်။

ထွန်းထွန်းနိုင် ကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် လက်နက် ခဲယမ်းများနှင့် အတူ မြန်မာစစ်တပ်မှ ဖမ်းမိသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးမိပြီးနောက် မြောက်ဦး မြတန်ဆောင်း ဆရာတော်နှင့် သူ၏ အစ်မနှစ်ဦး ဖြစ်ကြသည့် ဒေါ်ဦးသန်းယဉ်(ကျီရာပြင်ရွာ)၊ ဒေါ်သန်းသန်းအေး(မင်းဂံ၊စစ်တွေ)တို့ မှ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံ၍လည်းကောင်း၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံပြီးလည်းကောင်း ထွန်းထွန်းနိုင်အား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းမိခဲ့သော်လည်း တည်ဆဲဥပဒေများနှင့် အညီ အရေးယူရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြသည်။

ထိုသို့တောင်းဆိုခဲ့ပြီး သုံးရက်ခန့် အကြာတွင် ထွန်းထွန်းနိုင်အား စစ်တပ်မှ ရဲလက်သို့ လွဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူ ထွန်းထွန်းနိုင် အသက် (၃၅) နှစ်ရှိပြီး (ဘ) ဦးအောင်ကျော်သာ၊ (မိ)ဒေါ်လှစိန်ဖြူတို့၏ သားဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်က မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာတွင်နေထိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ခိုင်ခိုင်စံ( စစ်တွေ)
Narinjara
https://www.facebook.com/Narinjara

ဂျာနယ်ဆောင်းပါးရှင်ကို အမိန့်ချ

တနင်္သာရီတိုင်းမ်ဂျာနယ်မှာ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးရေးခဲ့တဲ့ ကိုအောင်လွင် ကို တွေ့ရစဉ်။ Photo: Aung Lwin Facebook
တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် တနင်္သာရီတိုင်းမ် အပတ်စဉ်ဂျာနယ် မှာ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးဟာ သတ္တုတူးဖေါ်တဲ့ Delco ကုမ္ပဏီအကြောင်း ရေးသားတယ်ဆိုပြီး ဆောင်းပါးရှင် ကိုအောင်လွင်ကို ရေဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်လ သို့မဟုတ် ဒဏ်ငွေ ၃သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

သူအနေ့နဲ့ ကုမ္ပဏီတစ်ခုကိုပဲ ရည်ရွယ်ရေးသားတာ မဟုတ်တာကြောင့် ခရိုင်ကို အယူခံတက်သွားမယ်လို့ တရားစွဲခံရသူ ဆောင်းပါးရှင် ကိုအောင်လွင် က ပြောပါတယ်။

ဒီဆောင်းပါးရှင် ကိုအောင်လွင်ကို စွဲဆိုတဲ့အမှုကို ရေဖြူမြို့နယ်တရားရုံးမှာ ၁၂ ကြိမ် စစ်ဆေးမေးမြန်းပြီး အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

"ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးကို တနင်္သာရီတိုင်းမ် အပတ်စဉ်ထုတ် ဂျာနယ်မှာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆောင်းပါးထဲမှာ သဘာဝပတ်ဝန်းကျင် မသန့်ရှင်းတော့တာ၊ သတ္တုတွင်းတစ်ခုက ထွက်လာတဲ့ရေဆိုးတွေကြောင့် ခံစားရတာတွေကို ဖော်ပြထားတာဖြစ်ပါတယ်။

Delco ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကတည်းက ခဲမဖြူ၊ အဖြိုက်နက်နဲ့ တခြားသတ္တုတွေကို ကံပေါက်ကျေးရွာမှာ တူးဖော်နေတာဖြစ်ပြီး ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦး ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဲဒီကုမ္ပဏီရဲ့ စွန့်ပစ်နုန်းရေကန်ကျိုးပေါက်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ကံပေါက်ကျေးရွာက နေအိမ် ၅၀နီးပါး ပျက်စီးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပြောကြားခဲ့သည့် မိန့်ခွန်းဘာသာပြန်ဆိုချက်


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ
(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း(မြန်မာဘာသာပြန်ဆိုချက်)

(၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ၊ နေပြည်တော်)

လေးစားအပ်ပါသော အာဆီယံပါလီမန်များ ညီလာခံဥက္ကဌ၊ အာဆီယံပါလီမန်အသီးသီးမှ ဥက္ကဌ များ၊ ပါလီမန်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ဧည့်သည်တော်များရှင့်-

ဒီကနေ့ (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ အဖွင့်မိန့်ခွန်း ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးဥပကာရ အထူးပင်တင်ရှိကြောင်း ပြောကြားလိုပါတယ်။ ယခုနှစ် အာဆီယံပါလီမန်များညီလာခံကို ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း လက်ထက်မှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရရှိတဲ့အတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်မိ ပါတယ်။

ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ လူကြီးမင်းများ အားလုံး၊ ဒီညီလာခံကို ထောက်ခံ ကြောင်း ပြောကြားခဲ့ကြတဲ့အာဆီယံခေါင်းဆောင်များအားလုံးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

လွှတ်တော်မရှိဘဲ နှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ လွှတ်တော် ပြန်လည် ပေါ်ပေါက်လာပြီး နောက်ပိုင်းကစလို့ အာဆီယံပါလီမန်များ ညီလာခံကို တက်ရောက်ပါဝင်ခဲ့တာ အခုဆိုရင် (၆) ကြိမ် ပြည့်မြောက်ခဲ့ပါပြီ။ ကျွန်မတို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ပါလီမန် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။ အဲဒီကာလတုန်းက မြန်မာနိုင်ငံဟာ အာရှမှာ ပါလီမန် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစောဆုံးနိုင်ငံတွေအထဲမှာ ပါခဲ့ပါတယ်။ ဒါပေမယ့် မြန်မြန် ပြေးနိုင်တိုင်း ပြေးပွဲမှာ အမြဲအနိုင်မရနိုင်၊ ခွန်အားကြီးမားတိုင်းလည်း တိုက်ပွဲမှာ အမြဲအနိုင်မရတတ် ဆိုသလိုပဲ ကျွန်မတို့ဟာ ဖြစ်ရပ်ဆိုးတွေနဲ့ကြုံတွေ့ပြီး ပါလီမန် ဒီမိုကရေစီစနစ်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း အမျိုးမျိုးသော အားထုတ်မှုတွေနဲ့ မလျော့သော ဇွဲလုံ့လတို့ကြောင့် ကျွန်မတို့ဟာ ပြည်သူ့ လိုလားချက်ဆန္ဒကို ထင်ဟပ်စေတဲ့ ပါလီမန်ဒီမိုကရေစီ လမ်းကြောင်းအပေါ်ကို တစ်ဖန်ပြန်ပြီး ခြေချ လျောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလွှတ်တော်ဟာ အားမာန်အပြည့်နဲ့တက်တက်ကြွကြွရှိမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။

အာဆီယံ ပါလီမန်များ ညီလာခံရဲ့ ယခုနှစ်ဆောင်ပုဒ်ကတော့“အာဆီယံအသိုက်အဝန်း တိုးတက် ထွန်းကားရေး-အာဆီယံပါလီမန်များညီလာခံက တက်ကြွလှုပ်ရှားပေး”ပဲ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များအနေနဲ့ ဒ်ီဆောင်ပုဒ်ထက်သာလွန်ပြီး ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်ကြမယ်ဆိုတာ ယုံကြည်ထားပါတယ်။ ကျွန်မရဲ့အတွေ့အကြုံအရ ကမ္ဘာတစ်ဝှမ်းက လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပါတီတွေ၊ အယူအဆတွေ မတူကွဲပြားနေတဲ့ကြားမှာ အံ့အားသင့်ဖွယ်ရာ ကောင်း လောက်တဲ့ စိတ်ဓါတ်နဲ့ တက်တက်ကြွကြွ ညီညီညွတ်ညွတ် လုပ်ကိုင်တတ်ကြပါတယ်။ ဒီလို တက်ကြွတဲ့ စိတ်ဓာတ်ဟာလည်း မဲဆန္ဒရှင်ပြည်သူတွေက သူတို့ကို အပ်နှင်းလိုက်တဲ့ ကြီးလေးတဲ့တာဝန် ဝတ္တရားတွေ ကို အလေးအမြတ်ထားမှု၊ ဒီတာဝန်တွေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အကောင်းမွန်ဆုံး ထမ်းရွက်သွား မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေကြောင့်ပဲ ဖြစ်မှာပါ။

အာဆီယံအဖွဲ့ကြီးဟာ စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူလူထုကိုရှေးရှုဖို့၊ လူထုဗဟိုပြု အသိုက် အဝန်းတစ်ခု ဖြစ်လာဖို့ လမ်းစဉ်ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်နေတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။ စည်းမျဉ်း အခြေပြုပြီး လူထုကို အလေးထားတဲ့ လူထုဗဟိုပြု အဖွဲ့အစည်း တစ်ရပ်ဖြစ်စေရန် ရည်ရွယ်ချက်များနဲ့ အာဆီယံအဖွဲ့ကြီးကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စည်းမျဉ်းအခြေပြုဆိုတာဟာ အထူးသဖြင့် ဥပဒေပြု လွှတ်တော်အမတ်များအတွက် လွန်စွာပဲ အရေးကြီးပါတယ်။ ဥပဒေပြုသူတွေဟာ ဥပဒေကို ချိုးဖေါက်သူ တွေဖြစ်နေလို့ မရပါဘူး။ လွှတ်တော်တစ်ရပ်လုံး အနေနဲ့ရော သူတို့ ကိုယ်တိုင်ကိုယ်ကျပါ ဥပဒေစည်းမျဉ်း တွေနဲ့ လုပ်ထုံးလုပ်နည်းတွေ အပြင် ဒီမိုကရက်တစ်အစိုးရရဲ့ ဥပဒေပြုမဏ္ဍိုင်ကို အမှန်တကယ် ကိုယ်စားပြု နေတဲ့ ဥပဒေတွေကိုပါ သိရှိနားလည်နေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စည်းမျဉ်းအခြေပြုပြီး လူထုကို အလေးထားတဲ့ လူထုဗဟိုပြု မူဘောင်များကို အကောင်းဆုံး အကောင်အထည်ဖော်ပေးနိုင်တဲ့ နိုင်ငံတော် အဆင့် အဖွဲ့အစည်းဟာ လွှတ်တော်ပဲ ဖြစ်ပါတယ်။

အာဆီယံရဲ့ လူထုဗဟိုပြုတဲ့ ဒီလမ်းစဉ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အကောင်းဆုံး ပုံဖော်နေတာက လွှတ်တော်ဆိုတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း AIPA နဲ့ အာဆီယံအကြား မိတ်ဖက် ဖြစ်တည်မှုဟာ နှစ်ပေါင်းများစွာ တန်ဖိုးကြီးကြီး၊ သိက္ခာရှိရှိ၊ လက်တွေ့ကျကျနဲ့ အခိုင်အမာ တည်ရှိလာခဲ့ တာပဲ ဖြစ်ပါတယ်။ ဥပဒေပြုလွှတ်တော်တွေရဲ့ စိစစ်ကြီးကြပ်မှု၊ ထောက်ခံပံ့ပိုးမှုတွေကြောင့် အာဆီယံ နိုင်ငံတွေဟာ အာဆီယံရဲ့သဘောတူစာချုပ်တွေကို အတည်ပြုနိုင်ခဲ့ကြပြီး၊ သက်ဆိုင်တဲ့ ဥပဒေတွေကို အချိန်မီပြဌာန်းပေးနိုင်ခဲ့တဲ့အတွက် အာဆီယံရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို တရားဥပဒေစိုးမိုးရေး အောက်မှာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မကြာသေးခင်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာအာဆီယံခေါင်းဆောင်တွေနဲ့ AIPA ကိုယ်စားလှယ်တွေ အကြား ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ရရှိခဲ့တဲ့အတွက်အားတက်ခဲ့ရပါတယ်။ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နဲ့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေ ပြည့်ဝဖို့ ဦးတည်ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကျွန်မတို့အကြားမှာ ဒီနှစ်တွေ့ဆုံဆွေးနွေးမှုလိုပဲ နောင်လာမယ့် နှစ်ပေါင်းများစွာအထိ ဆက်လက်ဆွေးနွေးသွားကြဖို့ မျှော်လင့် ထားပါတယ်။

AIPA အဖွဲ့ကြီးဟာ အာဆီယံဒေသအတွင်းမှာ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေ မြှင့်တင်ဖို့၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးတို့ကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်နေတာ သိရှိရတဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ AIPA အဖွဲ့ကြီးရဲ့ရည်မှန်းချက်တွေဟာ ခရီး ရှည်လျားပြီး စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံအတွင်းက ဦးစားပေးလုပ်ငန်းစဉ်တွေနဲ့ ထပ်တူ ထပ်မျှ တူညီနေတာကို သတိပြုမိကြမယ် ထင်ပါတယ်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ကျွန်မတို့ အနိုင်ရရှိပြီးတဲ့နောက် ယခုနှစ်၊ မတ်လကုန်မှာ အစိုးရသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်မတို့ အစိုးရသစ် တာဝန်ထမ်းဆောင် ခဲ့တာ ၆ လတိတိ ပြည့်မြောက်ခဲ့ပါပြီ။ အခွင့်သင့်ခိုက်မှာ ကျွန်မတို့ အစိုးရ ကြိုးပမ်းဆောင်ရွက်နေတဲ့ အဓိကလုပ်ငန်းစဉ်အချို့ကို အကျဉ်းချုံးပြီးတင်ပြလိုပါတယ်။

ကျွန်မတို့ အစိုးရသစ်ရဲ့ ပထမဦးစားပေးလုပ်ငန်းစဉ်ကတော့ ကျွန်မတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ ရှိတဲ့ အစိတ်အပိုင်းအားလုံးအကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ သဟဇာတဖြစ်ရေးကို ဖော် ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာပဲ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ခြေလှမ်း တစ်ရပ်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကို နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။ ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်ကစလို့ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားခဲ့ရတဲ့ပဋိပက္ခတွေကို နိဂုံးချုပ် အဆုံးသတ်နိုင်ဖို့ ယခင်အစိုးရ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်မတို့အနေနဲ့ ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင်ပြီး ကျွန်မတို့ ပြည်သူအားလုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ကြဉ်းပေးဖို့ ရည်မှန်းထားပါတယ်။

ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုပေါင်း များစွာ ရှိနေတဲ့အပြင် ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်တည် လာခဲ့တဲ့ ယုံကြည်မှု ပြိုကွဲခဲ့တာတွေကြောင့်ရှေ့ခရီးမှာ ရှုပ်ထွေးလှတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ယုံမှား သံသယ မရှိပါဘူး။ ဒါပေမယ့်လည်း ပူးပေါင်းဆောင်ရွက်လိုစိတ်၊ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေး လိုစိတ်တွေနဲ့ ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် ကျွန်မတို့ ပြည်သူအားလုံးအတွက် ငြိမ်းချမ်း လုံခြုံပြီး သာယာဝပြောတဲ့ အနာဂတ်ဆိုတဲ့ ဘုံရည်မှန်းချက်ကို လက်တွေ့ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည် ထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြားမှာ သဟဇာတဖြစ်မှုနဲ့ နားလည်မှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ကိုလည်း ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ရခိုင်ပြည်နယ် အခြေ အနေဟာ ရှုပ်ထွေးနက်နဲပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး အာဆီယံဒေသနဲ့ ပြင်ပ ကမ္ဘာရဲ့ အာရုံစိုက်စရာ၊ စိုးရိမ်ပူပန်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာနေပါတယ်။ ကျွန်မတို့အစိုးရသစ် စတင် ဖွဲ့စည်းချိန်က စတင်ပြီးတော့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ရခိုင် ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု သေချာခိုင်မာစေဖို့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို စနစ်တကျ စိစစ်ကြပ်မတ်နိုင်ဖို့၊ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ ကျွန်မကိုယ်တိုင် ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ “ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ”ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ ဒီ စိန်ခေါ်မှုတွေကို ဘက်ပေါင်းစုံ လေ့လာသုံးသပ်ဖြေရှင်းရာမှာ ကျွန်မတို့ကို ကူညီပံ့ပိုးနိုင်ဖို့အတွက် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုအကြား နားလည်မှုတွေ၊ သဟဇာတဖြစ်မှုတွေနဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်အောင် ကျွန်မတို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအသိုင်းအဝိုင်း နှစ်ခုအကြားမှာ အမုန်းတရားတွေ၊ သည်းမခံနိုင်မှုတွေနဲ့ အစွန်းရောက်မှုတွေကို ဆန့်ကျင်လိုစိတ်တွေ အခိုင်အမာ ဖြစ်ပေါ်လာအောင်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်မှာဒေသတွင်းနိုင်ငံတွေ၊အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးကြဖို့ ကျွန်မအနေနဲ့တောင်းဆိုလိုပါတယ်။ နေ့ချင်းညချင်း အားလုံးကောင်းအောင်၊ ဘက်စုံ တိုးတက် အောင် ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်ပေမယ့် ရခိုင်ပြည်နယ်နဲ့ပြည်တွင်းက ပဋိပက္ခကူးစက်ခံ နယ်မြေဒေသ တွေမှာကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရယူဆောင်ကြဉ်းပေးနိုင်ဖို့အတွက် မဆုတ်နစ်တဲ့ ဇွဲလုံ့လနဲ့ ကြိုးပမ်းသွားဖို့ ကျွန်မတို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံသားအားလုံး ကောင်းကျိုးဖြစ်ထွန်းစေဖို့ရေရှည်တည်တံ့တဲ့ စီးပွားရေး တိုးတက်မှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ကံကြမ္မာ မျက်နှာသာ ပေးမှုကြောင့်ကျွန်မတို့နိုင်ငံမှာ သဘာဝ သယံဇာတအရင်းအမြစ်မျိုးစုံ ပေါများကြွယ်ဝသလို လေ့လာ စူးစမ်းသင်ယူလိုစိတ်ရှိတဲ့ လူငယ်တွေရှိနေပါတယ်။ ပြီးတော့နိုင်ငံတည်နေရာကလည်း ကမ္ဘာ့ အကြီးမားဆုံး ဈေးကွက်ကြီးတွေကြားမှာ တည်ရှိနေပါတယ်။ သမိုင်းရဲ့ အကြောင်းတရားတွေကြောင့် ကျွန်မတို့နိုင်ငံဟာ စီးပွားရေးအလားအလာကောင်းတွေကို ဘယ်ခေတ် ဘယ်အခါကမှ အကျိုးရှိရှိ ဖော် ဆောင်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ဒီကနေ့ ဒီအချိန်မှာတော့ ကျွန်မတို့အစိုးရနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှု၊ ဒေသတွင်းက မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်မယ့် ကြုံထောင့်ကြုံခဲ အခွင့်အလမ်းကြီးတစ်ခု ရရှိနေပြီဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ အမြောက်အများ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် တွန်းအားပေးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး စီးပွားရေးမူဝါဒအသစ်ကိုလည်း ထုတ်ပြန်ထားပါတယ်။ အဆွေတော်တို့ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ အောင်မြင်ဖြစ်ထွန်းနေတဲ့နည်းလမ်းတွေကိုလည်း ကျွန်မတို့ လေ့လာသင်ယူ နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်မတို့ အာဆီယံ ဒေသကြီး တစ်ခုလုံးရဲ့ တိုးတက်မှုကို အထောက်အကူ ဖြစ်စေပြီး အာဆီယံအသိုက်အဝန်းရဲ့ အနာဂတ် အောင်မြင်မှုကို အားဖြည့်ပေးနိုင်မယ် လို့ ကျွန်မအနေနဲ့ ယုံကြည်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ တက်ကြွပြီး တာဝန်ယူမှုရှိတဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ မျှော်မှန်း ထားတဲ့ ကျွန်မတို့နိုင်ငံဟာ နိုင်ငံတကာရေးရာကိစ္စရပ်တွေမှာ တာဝန်သိစိတ်အပြည့်နဲ့ ပါဝင် ဆောင်ရွက် နေပါတယ်။ မကြာသေးခင်ကဘဲ ကျွန်မတို့မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု အလုံးစုံပိတ်ပင်တားဆီးရေးစာချုပ်UN Nuclear Comprehensive Test Ban Treatyကို အတည်ပြုပါဝင်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အငြင်းပွားမှုဖျန်ဖြေရေးလုပ်ငန်းစဉ်ဆိုင်ရာ အာဆီယံပဋိညာဉ်စာတမ်းရဲ့ နောက်ဆက်တွဲစာချုပ်Protocol to the ASENA Charter on Dispute Settlement Mechanisms ၊ အာဆီယံ၏ကင်းလွတ်ခွင့်နှင့် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် ASEAN Agreement on Privileges and Immunities နဲ့အာဆီယံ လူကုန်ကူးမှု တိုက်ဖျက်ရေး သဘောတူညီချက် ASEAN convention Against Trafficking in Person တွေမှာလည်း အတည်ပြု ပါဝင်နိုင်ရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို အပြီးသတ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်မတို့ အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးပိုင်း တို့အကြား အပြုသဘောနဲ့ တက်တက်ကြွကြ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေဟာ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။

ကျွန်မတို့အခုလို အားကြိုးမာန်တက် ကြိုးပမ်း ဆောင်ရွက်နေတဲ့အချိန်မှာ အာဆီယံဒေသတွင်း နိုင်ငံတွေ ဆီက စိတ်ရင်းစေတနာကောင်းနဲ့ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုတွေဟာ ကျွန်မတို့အတွက် ကြီးမားတဲ့ ခွန်အားတွေ၊ အားပေးမှုတွေဖြစ်လာစေမှာပါ။

ဒီကနေ့ ဒီအချိန်မှာ ကျွန်မတို့ကမ္ဘာကြီးဟာ ဘယ်တုန်းကမှ မဖြစ်ထွန်းခဲ့ဖူးတဲ့ ဆက်သွယ်မှု အချိတ် အဆက်တွေ ဖြစ်ပေါ်တိုးတက်လာခဲ့ပြီး ဘယ်လိုနိုင်ငံမှ၊ ဘယ်လိုပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ ထီးတည်း ရပ်တည်နိုင်မှာ မဟုတ်သလို၊ ထီးတည်း ရပ်တည်ဖို့လည်းမသင့်တော့ပါဘူး။ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေကို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ အကောင် အထည်ဖော်ဖို့၊ ရင်ဆိုင်ကျော်လွှားဖို့ မဖြစ်နိုင်ပါဘူး။ ပူးပေါင်းဆောင်ရွက်မှုဆိုရာမှာလည်း အစိုးရရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးတွေအားလုံးအချင်းချင်း တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိရှိ ပူးပေါင်းမှုမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် AIPA ဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒီညီလာခံကြီးရဲ့ လာမယ့်နေ့ရက်တွေမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေရဲ့ ကျယ်ပြန့်မှုကို ကြည့်ရင် AIPA ရဲ့ အရေးမှုကို အထင်အရှား ပြဆိုနေပါတယ်။ ဒီညီလာခံကြီးမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေ ထဲမှာ ဆိုက်ဘာလုံခြုံရေးမြှင့်တင်ရေးကိစ္စ၊ ပင်လယ်ထွက် သဘာဝသယံဇာတများ ကာကွယ်ရေးကိစ္စ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်များ လျော့ပါးသက်သာစေဖို့ ဆောင်ရွက်ရေး ကိစ္စ၊ အသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပံ့ပိုးရေးကိစ္စနဲ့ ဇီကာ ဗိုင်းရပ်စ်ပိုး ကာကွယ်ရေး ကိစ္စတွေ ပါဝင်နေပါတယ်။ ဒီကိစ္စတွေအားလုံးဟာ ကျွန်မတို့ရဲ့ ပြည်သူတွေကို တိုက်ရိုက် သက် ရောက်စေမယ့် ကိစ္စတွေဖြစ်ပြီး ထိရောက်တိုးတက်မှုရှိတဲ့ ဖြေရှင်းချက်တွေရှာဖွေ ဖေါ်ထုတ်နိုင်ဖို့ အတွက် ဒီမိုကရေစီပေါင်းစည်းမှုစိတ်ဓါတ်နဲ့ အတူတစ်ကွလက်တွဲပူးပေါင်း ဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်မတိုင်မီ ကျွန်မအနေနဲ့ ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက် ခဲ့စဉ်မှာ ပြောခဲ့တဲ့ အပိတ်စကားလေးကို ထပ်မံပြီး ပြောချင်ပါတယ်။

ပဋိပက္ခတွေ၊ ဝိဝါဒကွဲလွဲမှုတွေ ဖြစ်ထွန်းရာမြေအဖြစ် ကျွန်မတို့မြန်မာနိုင်ငံကို လူသိများ ကြပါတယ်။ လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှုနဲ့ မသိနားမလည်မှုတွေဟာ လူ့သဘာဝကိုသာမက လူ့အဖွဲ့အစည်း တစ်ခုလုံးကိုပါ ဘယ်လို ဘယ်ပုံ ဖေါက်ပြန်ပျက်စီးစေတယ်ဆိုတာကို ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးပါပြီ။ ဒါကြောင့် ဒီကနေ့ အားလုံးကို ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင် တာကတော့ ဒေါသတရား၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်ခြင်း တရားတွေနဲ့ ကြုံတွေ့ရတိုင်း သူတို့နဲ့ ဆန့်ကျင်ဘက်က ရပ်တည်ပေးကြပါ၊ ကရုဏာတရား၊ အကြင်နာ မေတ္တာတရားနဲ့ တစ်ပါးသူရဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် လမ်းကြောင်းကိုသာ ရှာဖွေလျှောက်လှမ်းကြပါ ဆိုတာပဲ ဖြစ်ပါတယ်။

ကျွန်မတို့ အာဆီယံအဖွဲ့အစည်းကြီးရဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်ချက်တွေဟာ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အရင်းတည်ပြီးတော့ ပေးဆပ်ခြင်းကို ရယူခြင်းထက် အမှန်တစ်ကယ် တန်ဖိုး ထားတဲ့ အသိုက်အဝန်းတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေ၊ အခြား အသိုက်အဝန်းတွေက စံနမူနာပြု အတုယူရတဲ့ စံပြအဖွဲ့အစည်းတစ်ခုအဖြစ်မြင်တွေ့ချင်ပါတယ်။ ပြည်သူ့ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ရခြင်း၊ ပြည်သူတွေအတွက် ကမ္ဘာကြီးရဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ပြီး မားမားမတ်မတ်ရပ်တည်ပေးရခြင်း၊ ကိုယ်စားလှယ်သက်တမ်းကုန်ဆုံးတဲ့အခါမှာ ကျွန်မ တို့ ပြည်သူများ အတွက်ရော ကျွန်မတို့ ကိုယ်တိုင်အတွက်ပါ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားများကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ ပြောနိုင်ခြင်းလောက် ဂုဏ်ယူစရာကောင်းတာ ဘာမှမရှိဘူး ဆိုတာကို ကျွန်မအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို သတိပေးပြောကြားလိုပါတယ်။

ဒီကနေ့ ဖွင့်လှစ်တဲ့ (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကြီးအောင်မြင်ပါစေကြောင်း၊ အဆွေတော်တို့ အားလုံးလည်း နေပြည်တော်မှာ အကျိုးရှိတဲ့ ပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။
Myanmar State Counsellor Office
https://www.facebook.com/state.counsellor

ရခိုင်ပြည်နယ်အရေး အိမ်နီးခြင်းနိုင်ငံတွေ ကူညီကြဖို့ တိုက်တွန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၃ဝ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ၃၇ ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်။ Photo: Win Naung Toe/RFA
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေက အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးကြဖိုနဲ့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အပြင် ပဋိပက္ခကူးစက်ခံရတဲ့ နယ်မြေဒေသတွေမှာ ကောင်းမွန်တဲ့ အပြောင်းအ လဲတွေ ရယူနိုင်အောင် ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာ ၁ မှာ ကျင်းပတဲ့ အာဆီယံပါလီမန်များ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရှင်းပြစဉ် ရခိုင်ပြည်နယ်အရေးဟာ မြန်မာနိုင်ငံတင်မက ဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စဖြစ်တာကြောင့် ကူညီကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

"ဒီအသိုင်းအ၀ိုင်း ၂ ခုကြားမှာ အမုန်းတရားတွေ၊ သည်းမခံနိုင်မှုတွေနဲ့ အစွန်းရောက်မှုတွေကို ဆန့်ကျင်လိုစိတ်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့ အချိန်မှာ ဒေသတွင်းနိုင်ငံတွေ အိမ်နီးခြင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီ မှုတွေပေးကြဖို့ ကျမအနေနဲ့ တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပြည်တွင်းက ပဋိပက္ခကူးစက်ခံ နယ်မြေဒေသတွေမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရယူပေးနိုင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို အစောဆုံးကျင့်သုံးခဲ့ပေမယ့် ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ပါလီမန် ဒီမိုကရေစီစနစ်ကို ဆုံးရှုံးခဲ့ရကြောင်း ပြောပါတယ်။ အခုဆိုရင် ပါလီမန်ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ လက်ရှိလွှတ်တော်ကို တက်ကြွတဲ့ လွှတ်တော်ဖြစ်အောင် ကြိုးပမ်းနေကြောင်း ပြောပါတယ်။

ဒါ့အပြင် ဥပဒေပြုသူ လွှတ်တော်အမတ်များဟာ ဥပဒေချိုးဖေါက်သူတွေဖြစ်လို့ မရသလို ဒီမိုကရစ်တစ်စနစ်ရဲ့ ဥပဒေမဏ္ဍိုင်ကိုလည်း အမှန်တကယ် ကိုယ်စားပြုပေးရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီနှစ် အာဆီယံပါလီမန်များ ညီလာခံဆောင်ပုဒ်က "အာဆီယံအသိုက်အ၀န်း တိုးတက်ထွန်းကားရေး အာဆီယံပါလီမန်များ ညီလာခံက တက်ကြွလှုပ်ရှားပေး" ဖြစ်ပါတယ်။

ဒီညီလာခံဟာ ဒီကနေ့ကနေ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါ တယ်။ ဆွေးနွေးမယ့် ခေါင်းစဉ်တွေက ဒေသတွင်းမှာ အားလုံးရင်ဆိုင်နေရတဲ့ အွန်လိုင်းရာဇ၀တ်မှု၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲနေမှု၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာရေး စတဲ့ကိစ္စရပ်တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

လူထုကို အလေးထား၊ ကိုယ်စားပြုသည့် လွှတ်တော်များ ဖြစ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား


    နေပြည်တော်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

    (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ MICC (1), Jade Hall  ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ ဦးထင်ကျော် က သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ ဆောင်ပုဒ် အဖြစ် “အာဆီယံ အသိုက်အဝန်း တိုးတက် ထွန်းကားရေး အာဆီယံ ပါလီမန်များ ညီလာခံက တက်ကြွလှုပ်ရှားပေး” ဟု ရွေးချယ်ခဲ့ခြင်းကို မှတ်သားရပါကြောင်း၊ နိုင်ငံရေးအရ စည်းလုံးမှုရှိပြီး စီးပွားရေးအရ ပေါင်းစည်း၍ လူမှုရေးအရ တာဝန်ယူမှုရှိသည့် အာဆီယံ ဒေသအဖြစ် အကောင်အထည်ဖော်ရန် ကြိုးပမ်းအားထုတ် မှုများမှာ အရှိန်အဟုန်မြှင့်တင်ခြင်းဖြင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်မှုတွင် တိုးတက်မှုကောင်းများ ရရှိနေကြောင်း ပြောခဲ့သည်။

ထို့ပြင် သဝဏ်လွှာတွင် အာဆီယံအစိုးရများနှင့် ပါလီမန်များအား အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂ဝ၂၅ အကောင်အထည်ဖော်မှုတွင် အတူတကွ လက်တွဲဆောင်ရွက်ကြရန် သမ္မတ ဦးထင်ကျော် က တိုက်တွန်း ပြောကြားခဲ့သည်။


 ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

 (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)



ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံ (AIPA) ဖွင့်ပွဲတွင် လူထုကို ဗဟိုပြုပြီး လူထုကို အလေးထားသည့် စည်းမျဉ်း အခြေပြု လွှတ်တော်များ ဖြစ်ရန် ပြောကြားခဲ့သည်။

“လူထုကို အလေးထားတဲ့ လူထု ဗဟိုပြု အဖွဲ့ အစည်းတစ်ရပ် ဖြစ်စေရန် အာဆီယံ အဖွဲ့ ကြီးကို ဖွဲ့ စည်းထားတာ ဖြစ်ပါတယ်၊ စည်းမျဉ်း အခြေပြုဆိုတာဟာ အထူးသဖြင့် ဥပဒေပြု အမတ်များ အတွက် လွန်စွာပဲ အရေးကြီးပါတယ်၊ ဥပဒေ ပြုသူတွေဟာ ဥပဒေကို ချိုးဖောက်သူတွေ ဖြစ်နေလို့ မရပါဘူး၊ လွှတ်တော် တစ်ရပ်လုံး အနေနဲ့ ရော သူတို့ ကိုယ်တိုင်ကိုယ်ကျပါ ဥပဒေ စည်းမျဉ်းတွေနဲ့ လုပ်ထုံး လုပ်နည်းတွေ အပြင် ဒီမိုကရက်တစ် အစိုးရရဲ့ ဥပဒေပြု မဏ္ဍိုင်ကို အမှန် တကယ် ကိုယ်စား ပြုနေတဲ့ ဥပဒေတွေကိုပါ သိရှိ နားလည်နေရမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် စည်းမျဉ်း အခြေပြုပြီး လူထုကို အလေးထားတဲ့ လူထု အခြေပြု မူဘောင်များကို အကောင်းဆုံး အကောင်အထည်ဖော်ပေးနိုင်တဲ့ နိုင်ငံတော် အဆင့် အဖွဲ့ အစည်းဟာ လွှတ်တော်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

 “ဒီနေ့ အခမ်းအနားကို ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များ အနေနဲ့  ဒီဆောင်ပုဒ် (ယခုနှစ် AIPA ဆောင်ပုဒ်) ထက် သာလွန်ပြီး ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက် ကြမယ်ဆိုတာ ယုံကြည်ထားပါတယ်” ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် AIPA ၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းကလည်း အမှာ စကား ပြောကြားခဲ့သည်။

AIPA အစည်းအဝေးများကို ယနေ့မှ စ၍ အောက်တိုဘာလ ၃ ရက်အထိ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

စားသောက်ဆိုင် များ၏ ငွေရှင်းပြေစာ များတွင် ကုန်သွယ် လုပ်ငန်းခွန် ကပ်ရန်မလိုက်နာသည့် စားသောက်ဆိုင်စာရင်းကြေညာမည်


    ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

    ရန်ကုန်တိုင်း ဒေသကြီးအတွင်း စားသောက်ဆိုင် များ၏ ငွေရှင်းပြေစာ များတွင် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်ရန် ညွှန်ကြားထား သော်လည်း မလိုက်နာဘဲ လေးကြိမ်နှင့် အထက် ဒဏ်ကြေး ပေးဆောင် ရသည့် စားသောက်ဆိုင် များ စာရင်းကို ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ယခု ဘဏ္ဍာနှစ်အစ ဧပြီလမှ စက်တင်ဘာ လလယ်အထိ ငါးလကျော် ကာလအတွင်း အခွန်ပြေစာ အမှတ်တံဆိပ် မကပ်သည့် စားသောက်ဆိုင် ၂ဝ၆ ဆိုင်မှ ဒဏ်ကြေး ငွေကျပ် ၃၁ သန်း ရရှိထားပြီး အကြိမ်ကြိမ် ဒဏ်ရိုက် ခံရသော စားသောက်ဆိုင် များသည် ကျသင့် ကုန်သွယ် လုပ်ငန်းခွန် အတိုင်း တံဆိပ်ခေါင်း အပြည့်အဝ မကပ်ခြင်းနှင့် ငွေရှင်းပြေစာ တွင် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံထား သော်လည်း အခွန်တံဆိပ် လုံးဝ မကပ်ခြင်းများ ကြောင့် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ငွေရှင်းပြေစာတွင် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်ရန် ပျက်ကွက်သည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်း များကို ယခုဘဏ္ဍာနှစ် ကစ၍ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၃၂ အရ တရားစွဲဆိုမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်မည် ဖြစ်ကာ ယင်းသို့ တရားစွဲဆို နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို စောင့်ဆိုင်း နေကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် အခွန်တံဆိပ် မကပ်သည့် စားသောက်ဆိုင် ၂၆၄ ဆိုင်ကို ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ကြေးငွေ ငွေကျပ် သိန်း ၇၂ဝ ကျော် ရရှိခဲ့ကြောင်း၊ အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရန် တစ်ကြိမ် ပျက်ကွက် ပါက ငွေကျပ် နှစ်သိန်း၊ နှစ်ကြိမ် ပျက်ကွက် ပါက ငွေကျပ် ငါးသိန်း၊ သုံးကြိမ် ပျက်ကွက် ပါက ငွေကျပ် ခုနစ်သိန်းနှင့် သုံးကြိမ်နှင့် အထက် ပျက်ကွက်ပါက ငွေကျပ် ၁ဝ သိန်းအထိ ဒဏ်ရိုက်ရန် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေတွင် ပြဋ္ဌာန်း ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ရွှေတိဂုံစေတီတော်တွင် မောင်းသူမဲ့ယာဉ် Drone မောင်းနှင်သူများကို အရေးယူတော့မည်


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော် တွင် မောင်းသူမဲ့လေယာဉ်ငယ်(Drone)နှင့် အဝေး ထိန်းယာဉ်ငယ်များပျံသန်းပါက ပစ္စည်းကို သိမ်းဆည်းမည့်အပြင် မောင်းနှင်သူကိုလည်း အရေးယူသွားမည်ဖြစ် ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

 ရွှေတိဂုံစေတီတော်တွင် Drone များမပျံသန်းရန် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ စတင်ထုတ်ပြန်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ မောင်းနှင်သူကို အရေးယူခြင်းမရှိဘဲ Drone များကိုသာ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကာ အောက်တိုလမှစတင်၍ အရေးယူမှုများပါပြုလုပ်တော့မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်ကပြောသည်။
“တားမြစ်တာကတော့ ဘုရားပေါ်ကပျံလို့ပျက်ကျရင် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှာစိုးလို့ပါ။ စီးပွားဖြစ် ဓာတ်ပုံရိုက်တာတွေ လုပ်မှာစိုးလို့တားတယ်။ ဒါပေမယ့် တားထားလည်း ပျံသန်းမှုတွေက ရှိနေတော့ အခုအရေးယူမှု အပိုင်းကို လုပ်တော့ပါမယ်။”ဟု ဦးသောင်းထိုက်ကပြောသည်။

၂၀၁၅ စက်တင်ဘာလမှစတင်၍ ၂၀၁၆ စက်တင်ဘာလထိ ပျံသန်းမှုများကို အသိပညာပေးမှုများလည်း ဆောင် ရွက်ခဲ့ပြီး မောင်းနှင်သူများ တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များလည်း ပါဝင်ကြောင်း သိရသည်။

 ရွှေတိဂုံစေတီတော်တွင် Drone ပျံသန်းမှုကို တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ဒေသန္တရအမိန့်အရ ရာ ဇသတ်ကြီးပုဒ်မ(၁၈၈)ဖြင့်အရေးယူမည်ဖြစ်ကာ ငွေဒဏ် ၂၀၀ ကျပ်၊ ထောင်ဒဏ် တစ် လမှ အမြင့်ဆုံး ခြောက် လ အထိ ချမှတ်နိုင်သည့်အပြင် ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့်လည်း အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Drone ပျံသန်းမှုနှင့်သက်ဆိုင်သည့် ဥပဒေပေါ်ပေါက်ရေးအတွက်လည်းလုပ်ဆောင်နေကာ ဥပဒေပေါ်ထွက် လာမည်ဆိုပါက ရွှေတိဂုံစေတီတော်တွင် ပျံသန်းမှုကို ထိန်းချုပ်ရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ဥပဒေအရာရှိ ဦးစန်းမြင့်အောင်ကပြောသည်။

ပုဂံဘုရားတွင် Drone ပျံသန်းခွင့်အတွက် ခွင့်ပြုမိန့်တင်ပြီးပျံသန်းမှု များရှိနေခြင်းကြောင့် ရွှေတိဂုံစေတီတော် တွင်လည်း Drone ပျံသန်းခွင့်ကို ခွင့်ပြုချက်ဖြင့်ပျံသန်းခွင့်ပေးရန် Drone ဝါသနာရှင်များက မျှော်လင့်နေကြ သည်။လက်ရှိ ရွှေတိဂုံစေတီတော်ဂေါပကမှ ယာယီသိမ်းဆည်းထားသည့် Drone ရှစ် စင်းကိုလည်း ဥပဒေပေါ်ပေါက် လာပါက ဥပဒေအရပြန်လည်ပေးအပ်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

ကျောက်ဆည်နည်းပညာ တက္ကသိုလ်တွင် အဖြေလွှာ စာရွက်အချို့ မီးရှို့ဖျက်ဆီးခံရ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် စက်တင်ဘာ ၃၀ ရက်၊ နံနက် ငါး နာရီဝန်းကျင်တွင် ယခုနှစ်ဖြေဆိုထားသည့် အဖြေလွှာစာရွက်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီဌာနရုံးမှ သိရှိရသည်။

အဆိုပါမီးလောင်မှုတွင် ကျောင်းဆောင်အားမီးစွဲလောင်ခြင်းမရှိခဲ့သော်လည်း အဖြေလွှာအချို့ မီးလောင်ပျက်စီး ခဲ့ပြီး နံနက် ငါး နာရီ ၅၀ မိနစ်တွင် မီးလုံးဝညှိမ်းသတ်နိုင်ခဲ့ကာ တရားခံကို အမူဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
"မြို့နယ်မှူးကိုတာဝန်ပေးထားတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ သွားပြီးစစ်ဆေးနေပါတယ်။ ပြန်လာမှ အဖြေ သိရမှာပါ။ မီးရှို့ခံရတာ နံနက်ပိုင်းပါ။ လတ်တလောအရ ခန့်မှန်းခြေနဲ့ ပြောတာဆိုတော့ ကျောင်းထဲမှာဖြစ်တဲ့ အတွက် ကျောင်းသားလို့ယူဆတာပါ။"ဟု ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇင်ထွန်းကပြောသည်။

 ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ အဖြေလွှာအချို့ မီးရှို့ဖျက်ဆီးခံရမူနှင့် ပတ်သက်၍ ကျောင်းလုံခြုံရေး တာဝန်ခံ ဦးတင်ထူးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရန်သာ ပြန် လည်ဖြေကြားခဲ့ပြီး အဖြေလွှာအရေအတွက် မည်မျှဆုံးရှုံးသွားသည်ကို မသိရသေးပေ။ မီးလောင်ကျွမ်းမူကြောင့် အဖြေလွှာအချို့ဆုံးရှုံးခဲ့ပြီး တန်ဖိုးခုနှစ်ထောင်ကျပ်ဖြစ်ကာ ကျောက်ဆည်မြို့မ ရဲစခန်းတွင် (ပ) ၆၃၇/ ၂၀၁၆၊ ပြစ်မူပုဒ်မ(၄၃၆)ဖြင့် အမူဖွင့်အရေးယူဆောင်ရွက်နေကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မြန်မာစစ်တပ်အတွင်း မြောက် ကိုးရီးယားနဲ့ ဆက်သွယ်သူတွေ ရှိနိုင်သေးဟု ကန် ပြောကြား

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဗိုလ်ရှုခံအခမ်းအနားကို နေပြည်တော်မှာပြုလုပ်စဉ်။ Photo: Myo Thant Khaing/RFA
မြန်မာတပ်မတော်အတွင်းက လူတချို့နဲ့ မြောက်ကိုးရီးယားနိုင်ငံအကြား စစ်ရေးအဆက်အသွယ်တွေ ဆက်လက် ရှိနေနိုင်တယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ စက်တင်ဘာလ ၁၄ ရက်နေ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်က အရင်မြန်မာအစိုးရလက်ထက်မှာ မြောက်ကိုးရီးယားနဲ့ ဆက်သွယ်ခဲ့တဲ့ လူဟောင်းလက်ကျန် တချို့ဟာ အခုလည်း ဆက်လက်လှုပ်ရှားနေတယ်လို့ အမေရိကန်ပြည်ထောင်စုက ယူဆကြောင်းနဲ့ အဲဒီ လူတွေကို ရှာဖွေဖယ်ရှားဖို့ အထူးအရေးကြီးကြောင်း ပြောဆိုခဲ့တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရပ်ဆဲလ် Daniel Russel က ဗုဒ္ဓဟူးနေ့ ကျင်းပတဲ့ အထက် လွှတ်တော် ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရကို နိုင်ငံတကာ ပိတ်ဆို့မှုတွေပြုလုပ်ခဲ့စဉ်က ကာကွယ်ရေးပစ္စည်းတွေကို မြောက်ကိုရီးယားက ဝယ်ယူခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အနေနဲ့ မိမိတို့ အမေရိကန်ပြည်ထောင်စုနဲ့ ပုံမှန်ဆက်ဆံမှု ထူထောင်လိုတယ်ဆိုရင် မြောက်ကိုရီးယားကို အဆက်ဖြတ်ဖို့အတွက် အဲဒီလူဟောင်းလက်ကျန်တွေကို ရှင်းပြစ်ဖို့ လိုတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရပ်ဆယ်လ် က ကြားနာပွဲမှာ ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter အက်ခ်ျတွန် ကာတာက အမေရိ ကန်ပြည်ထောင်စုဟာ အာရှဒေသအတွင်း တရုတ်ပြည်ရဲ့ အင်အားချဲ့ထွင်မှုကို ချိန်ခွင်လျှာမျှဖို့ အတွက် မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်ခဲ့ကြောင်း မနေ့က ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

ထပ်မံရရှိတဲ့ နောက်ဆုံးသတင်းတစ်ပုဒ်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ အလုပ်သမားရေး ရာ အထူးကိုယ်စားလှယ် Sarah Fox ဟာ မြန်မာနဲ့ ကမ္ဘောဒီးယားကို အောက်တိုဘာ ၅ ရက်နေ့အတွင်း သွားရောက်မှာဖြစ်ပါတယ်။ အဲဒီ အထူးကိုယ်စားလှယ် Sarah Fox ဟာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဒိန်းမတ်၊ ဥရောပနိုင်ငံများအဖွဲ့နဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး ပိုမိုမြင့်မားရေး အစပျိုးဖို့အတွက် မြန်မာအစိုးရတာဝန်ရှိသူတွေ အလုပ်သမားအဖွဲ့အစည်းတွေ လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မယ်ဟောင်ဆောင်က မြန်မာ ဒုက္ခသည်တွေ ပြန်ပို့ရေး စီစဉ်နေ

ထိုင်း - မြန်မာ နယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းကို တွေ့ရစဉ်။ Photo: Wai Mar Tun/RFA
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ကို ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အတွက် ထိုင်းနဲ့မြန်မာအာဏာပိုင်တွေက စာရင်းပြုစုနေကြတယ်လို့ မနေ့ကကျင်းပတဲ့ TBC- ထိုင်း-မြန်မာ နယ်ခြားကော် မတီ အစည်းအဝေးကနေထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့်ထွက်ပြေးကြရပြီး မယ်ဟောင်ဆောင်က ယာယီစခန်းတွေမှာ နေထိုင်နေကြတဲ့ မြန်မာ ဒုက္ခသည်တွေအရေးကိုလည်း ထိုင်း အမှတ် ၇ ခြေလျင်တပ် အထူးတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ထိုင်း TBC အဖွဲ့နဲ့ မြန်မာတာဝန်ရှိသူတွေ ဆွေးနွေးကြပါတယ်။

ခိုလှုံရေးစခန်းတွေပြင်ဆင်ပြီး သက်ဆိုင်ရာနေရပ်ကို ပြန်ပို့ဖို့နိုင်အတွက် ဒုက္ခသည်အရေအတွက်နဲ့ ဘာတိုင်းရင်းသားတွေ ဖြစ်တယ်ဆိုတာ သတင်းအချက်အလက် စုဆောင်းနိုင်ဖို့ အချိန်လိုတယ်လို့ မြန်မာ ဘက်က ပြောကြားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သံလွင်မြစ်ကြောင်းမှာတွေ့ရတဲ့ ကျွန်းဖောင်တွေ ကိစ္စကိုတော့ မဆွေးနွေးဘူးလို့ The Nation သတင်းမှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

စလင်းမြို့ ဆုံကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ လူနေအိမ်(၃)လုံး မီးလောင် ဆုံးရှုံး


စလင်း စက်တင်ဘာ ၂၉

မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မုန့်ဟင်းခါးကျွန်းကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ တွင် စက်တင်ဘာလ(၂၉)ရက် နေ့၊ မွန်လွှဲ(၂)နာရီအချိန်က မီးလောင်မှုဖြစ်ပွား ခဲ့ရာ လူနေအိမ်(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။


ဖြစ်စဉ်မှာ အဆိုပါ မီးလောင်မှုအား စတင်ဖြစ်ပွားသည့် နေအိမ်၌ နေထိုင် သူများ မရှိခိုက် မွန်လွှဲ(၂)နာရီ အချိန်တွင် မီးစတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း ဘေးဝန် ကျင်ရှိ လူနေအိမ်(၂)လုံးပါး မီးကူးစက်လောင်ကျွမ်းခံရ ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ အကြောင်းကြားချက်အရ စလင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဆင်ဖြူကျွန်း မီးသတ် ဦးစီးဌာနတို့မှ မီးသတ်ယာဉ်(၆)စီး၊ သန္ဓေမီးသတ် (၂၀)ဦး၊ အရန်မီးသတ် (၃၅)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အချိန်မီ ရောက်ရှိလာခဲ့သဖြင့် (၂)နာရီ (၁၅)မီနစ်တွင် မီးငြိမ်းသတ် နိုင် ခဲ့ကြောင်း၊မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်အား စုံစမ်း ဆဲဖြစ်ကြောင်းနှင့် လူနှင့် တိရစ္ဆာများ သေဆုံး မှုမရှိကြောင်း သိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ဘီးပေါက်၍ရပ်ထားသည့်ယာဉ်အား ကုန်တင်ယာဉ်က နောက်မှဝင်တိုက်


ရေတာရှည် စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့တောင်ဘက် သုံးမိုင်ခန့်အကွာ ညောင်ကြပ်ကျေးရွာအနီး ရန်ကုန် - မ္တလေးကားလမ်း၌ စက်တင်ဘာ ၂၉ ရက် နံနက် ၆ နာရီခန့်က ဘီးပေါက်၍ ရပ်ထားသည့် ယာဉ်အား လမ်းကြောင်းတူ မှ မောင်းနှင်လာသော ကုန်တင်ယာဉ်ကဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ မ္တလေးဘက်သို့ မျိုးကျော်သူ (၃၂နှစ်) ဘုတလင်မြို့နယ် နေသူ မောင်းနှင်လာသော6D/------ဖူဆို ၁ဝ ဘီးယာဉ်သည် ရန်ကုန်-မ္တလေး ကားလမ်းမိုင်တိုင် ၂ဝ၇/၄ နှင့် ၅ အကြား တွင် နောက်ယာဘက်အတွင်း ဘီးပေါက် ၍ ယာဉ်အားရပ်တန့်ထားစဉ် လမ်း ကြောင်းတူမှ အောင်အောင်(၂၇နှစ်)မောင်းနှင်လာသော3J/--------ခြောက် ဘီး ကုန်တင်ယာဉ်က ရပ်တန့်ထားသည့် ယာဉ်၏နောက်ပိုင်းကို ဝင်ရောက်တိုက်မိ ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ခြောက်ဘီး ယာဉ်မောင်း အောင်အောင်(၂၇နှစ်)သည် ရရှိသော ဒဏ်ရာများဖြင့်နေရာ ၌ သေဆုံးသွားခဲ့ပြီး မြို့လှနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

အလုပ်သမားရေး ကန်ကိုယ်စားလှယ် မြန်မာပြည်သွားမည်

အလုပ်သမားရေး ကန်ကိုယ်စားလှယ် Sarah Fox (Marcel Crozet/ILO)
အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာ အလုပ်သမားရေးဆိုင်ရာ အထူးကိုယ်စားလှယ် Sarah Fox ဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ချိန်မှာ မစ္စ Sarah Fox ဟာ အစိုးရတာဝန်ရှိသူတွေ၊ စီးပွါးရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ တခြား အရပ်ဖက် လူမှုလူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အတူ ဒုတိယအကြိမ်မြောက် အလုပ်သမားဥပဒေ ပြုပြင်ရေးနဲ့ ဌာနဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး ဖိုရမ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီဖိုရမ်ဟာ မြန်မာနိုင်ငံမှာ အခြေခံ အလုပ်သမား ရပိုင်ခွင့်တွေရှိလာစေဖို့နဲ့ ဒီရပိုင်ခွင့်တွေ အကြောင်းး ပိုမို သိရှိလာကြစေဖို့ ကနဦး လုပ်ဆောင်တဲ့ အစီစဉ် တခုလည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို မြန်မာ၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်နဲ့ ဒိန်းမတ်နိုင်ငံနဲ့ အီးယူ ဥရောပ သမဂ္ဂအပြင် ILO နိုင်ငံတကာအလုပ်သမား အဖွဲ့အစည်း တို့ပါ ပါဝင်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အလုပ်သမား အဆင့်အတန်း ခေတ်မှီစေဖို့နဲ့ နိုင်ငံတကာ အလုပ်သမားအဆင့်အတန်းနဲ့ အညီ တိုးတက်လာစေဖို့အပြင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ လူမှုလူ့အဖွဲ့အစည်းတို့ကြား ခိုင်မာတဲ့ ညှိနှိုင်း ပြောဆိုမှုတွေ ကျင့်သုံးလာစေရေး အတွက် အထောက်အကူပေးဖို့ ရည်ရွယ် ကျင်းပတာလည်း ဖြစ်ပါတယ်။

မစ္စ Fox ဟာ မြန်မာနိုင်ငံ အပြင် ကမ္ဘောဒီးယား နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

Yale တက္ကသိုလ်နဲ့ Harvard ဥပဒေ ကျောင်းဆင်း တဦး ဖြစ်တဲ့ မစ္စ Fox ဟာ ILO မှာ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျောက်ဆည်မြို့မှ မိဘအုပ်ထိန်းသူများမသိဘဲ ထွက်ခွါလာသူ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ် (၃)ဦး မြောက်ဥက္ကလာပမှာ တွေ့ ရှိ

ကျောက်ဆည်မြို့မှ မိဘအုပ်ထိန်းသူများမသိဘဲ ထွက်ခွါလာသူ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ် (၃)ဦးအား စောင့်ရှောက်၍ မိဘများထံ ပြန်လည်အပ်နှံ
ရန်ကုန်၊စက်တင်ဘာ ၃၀

၂၉.၉.၂၀၁၆ရက်နေ့ ၁၄၀၀အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်ဖြစ်သူ ဒေါ်ချိုချိုစန်းသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ မြို့နယ်မီးသတ်ရုံးရှေ့ လမ်းမပေါ်တွင် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ် (၃)ဦးအားတွေ့ရှိသဖြင့် မေးမြန်းရာ ၎င်းတို့သည် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ မိဘအုပ်ထိန်းသူများမသိဘဲ ရန်ကုန်မြို့သို့ ထွက်ခွါလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ၎င်းမှ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးသို့ခေါ်ဆောင်ကာ အပ်နှံပေးခဲ့ပါသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများက ထပ်မံမေးမြန်းခဲ့ရာ ၎င်းတို့(၃)ဦးသည် ကျောင်းသူများဖြစ်ကြောင်း၊ ၎င်းတို့သည် မိဘအုပ်ထိန်း သူများအား ကျောင်းသွားမည်ဟုဆိုကာ နေအိမ်များမှထွက်ခွါလာခဲ့ပြီး ၂၈.၉.၂၀၁၆ ရက်နေ့ နံနက်တွင် ကျောက်ဆည်မြို့မှ မန္တလေးမြို့သို့ လည်းကောင်း၊ ယင်းနေ့ညတွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့လည်းကောင်း မော်တော်ယာဉ်ဖြင့် လိုက်ပါလာခဲ့ရာ ၂၉.၉.၂၀၁၆ရက်နေ့ နံနက်တွင်
ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၌ ၎င်းတို့ နေထိုင်ရန်အတွက် နေအိမ်လိုက်လံငှားရမ်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အမျိုးသမီးငယ် (၃)ဦးနှင့်ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ရာ ၎င်းတို့ပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်း၌ လူပျောက်အမှတ်စဉ် (၈/၂၀၁၆)ဖြင့် ရေးဖွင့် စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရှိရပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် အတူလာရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်းသိရှိရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စောင့်ရှောက်ထားရှိခဲ့ပါသည်။

၃၀.၉.၂၀၁၆ ရက်နေ့ နံနက် (၀၆၃၀)အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ၎င်းအမျိုးသမီးငယ်(၃)ဦး၏ ဖခင်များမှ ကျောက်ဆည်မြို့မရဲစခန်း ဒုတိယစခန်းမှူး၊ ကျောက်ဆည်မြို့နယ်
အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ လာရောက်ခေါ်ဆောင်သဖြင့် မိဘများထံ စနစ်တကျပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

အမေရိကန် နျူကလီးယားလက်နက်တွေ ခေတ်နောက်ကျနေပြီ

အမေရိကန်ပြည်ထောင်စုက အကြီးမာဆုံး နျူကလီးယား စခန်းဖြစ်တဲ့ Kirtland လေတပ်စခန်း
အမေရိကန်ပြည်ထောင်စုက နျူကလီးယားစစ် ဟန့်တားရေးအတွက်လုပ်နေတာ ဆိုတဲ့ နျူကလီးယား လက်နက်အစီအစဉ် ကိုအဆင့်မြှင့်တင်ရေးအတွက် လာမယ့် ၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁၀၈ ဘီလျံတန် စီမံကိန်း ချမှတ်ထားပါတယ်။ ဒီစီမံကိန်းအတွက် ကာကွယ်ရေးဝန်ကြီး Ash Carter ဟာ New Mexico ပြည်နယ်ကိုသွားရောက် ဆွေးနွေးရာမှာ လိုက်ပါသွားခဲ့တဲ့ VOA သတင်းထောက် Carla Babb အကြီးမာဆုံး နျူကလီးယား စခန်းဖြစ်တဲ့ Kirtland လေတပ်စခန်းက ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

Kirtland လေတပ်စခန်းထဲက Sandia အမျိုးသားဓါတ်ခွဲခန်းကြီးထဲမှာ နျူကလီးယားလက်နက်လုပ် ပစ္စည်းကရိယာတွေ လည်ပတ်လှုပ်ရှားနေတာ ထုထောင်းနေတာ၊ ပေါက်ကွဲနေတာတွေအထိ တွေ့မြင်နေရပါတယ်။

“ဒါတွေအားလုံးဟာ အစုလိုက်အပြုံလိုက်ရှိနေတဲ့ အမေရိကန်စစ်တပ် နျူကလီးယားလက်နက်တွေကို ခေတ်မှီလာအောင်လုပ်ဆောင်နေတာတွေဖြစ်ပါတယ်။ ဒါဟာ သူတို့ကာကွယ်ရေးဝန်ကြီးဌာနအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်တယ်”လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က အခုလိုပြောပါတယ်။

နျူကလီးယားလုပ်ငန်းတွေဟာ အမေရိကန်လုံခြုံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်လို့ ပြောသွားတာပါ။

အခုအခါ အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်တွေကို နည်း ၃ နည်းနဲ့ ပစ်ခတ်နိုင်ပါတယ်။ တိုက်ခြင်းပစ်ပဲ့ထိန်းတပ် ဒုံးကျည်တွေနဲ့ မြေပြင်က ပစ်လွှတ်တဲ့နည်း ၊ နျူကလီးယားလက်နက်တွေကို ဗုံးကြဲလေယာဉ် ဒါမှမဟုတ် ဂျက်တိုက်လေယာဉ် တွေမှာ သယ်ဆောင်ပြီး ဝေဟင်က ပစ်ခတ်တဲ့နည်း၊ ရေငုတ်သဘောင်္တွေက သမုဒ္ဒရာထဲမှာ လှည့်လည်ရင်း ရေထဲက ပစ်ခတ်တဲ့နည်းတို့ပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီ ၃ နည်းစလုံးဟာ အခုအခါမှာ ခေတ်နောက်ကျသွားပြီဖြစ်တဲ့အတွက် ခေတ်မှီအောင်ပြန်လုပ်ဖို့လိုအပ်လာနေပါပြီ။ ဒီဓါတ်ခွဲခန်းတွေထဲမှာ အခုထုတ်လုပ်နေတဲ့ ဗုံးအသစ်တွေကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းကရှိလာတဲ့ပညာတွေကို ခေတ်သစ်ပစ္စည်းတွေတပ်ဆင်ပြီး ခေတ်မှီအောင်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်လောက်ကျမှ သုံးနိုင်တဲ့အဆင့်ကိုရောက်ရှိလာပါလိမ့်မယ်။

တိုက်ခြင်းပစ်ပဲ့ထိန်းတပ် ဒုံးကျည်စနစ်ကိုတော့ လုံးဝအသစ်အဆန်းဖြစ်လာအောင်ပြန် ပြင်ရမှာဖြစ်တယ်လို့ လုံခြုံရေးသိပ္ပံနဲ့ နည်းပညာဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း William Schneider ကအခုလိုပြောပါတယ်။

“ဒီဟာတွေက ဟိုတုန်းကတော့ အဆင့်အမြင့်ဆုံးဖြစ်ခဲ့တယ် floppy disks တွေ အခုရှေးဟောင်းပစ္စည်း ရောက်နေတဲ့ ကွန်ပြူတာတွေနဲ့ သုံးနေရစဲပါ။”

အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter ကတော့ အမေရိကန်ပြည်ထောင်စုဟာ နျူကလီးယားလုပ်ငန်းကို ပစ်ပယ်ထားခဲ့တာ နှစ်အတန်ကြာခဲ့ပြီလို့ ဆိုပါတယ်။

“ဒါတွေကို အစောပိုင်းကမလုပ်ခဲ့တာက ရှင်းရှင်းပြောရရင် လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး အီရတ်ပြဿနာ ၊ အာဖဂန် ပြဿနာတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။”

အမေရိကန်ပြည်ထောင်စုဟာ ဒီလို နှောင့်နှေးကြန့်ကြာနေတဲ့အတွက် တခြား နျူကလီးယားအင်အားကြီးနိုင်ငံတွေထက် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီလို့ ကျွမ်းကျင်သူတချို့ကဆိုပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း William Schneider က အခုလိုပြောတာပါ။

“ကျနော်တို့ရဲ့ နျူကလီးယားခေတ်မှီရေးအစီအစဉ်ဟာ ရရှားနဲ့ တရုတ်တို့ရဲ့ ခေတ်မှီရေးအစီအစဉ်ပြီးမြောက်လို့ နောက်အနှစ် ၂၀ ကြာမှပဲ ပြီးပြည့်စုံပါလိမ့်မယ်။”

တခြားကျွမ်းကျင်သူတွေက နျူကလီးယားခေတ်မှီရေးအစီအစဉ်ကို အခုပဲ လုပ်ရတော့မယ်။ မလုပ်ရင် အမေရိကန်ပြည်ထောင်စု နျူကလီးယားယန္တရားဟာ မထိရောက်ပဲ အားမထားလောက်အောင် ဖြစ်သွားလိမ့်မယ်လို့ ဆိုနေကြပါတယ်။ကြည်း၊ရေ၊ လေ ၃ နည်းစလုံးနဲ့ ပြင်ဆင်ထားတဲ့ နျူကလီးယား စစ်ဟန့်တားရေးဆိုတဲ့ ဒီအပိုင်းအားလုံးဟာ နောင်လာမယ့် ဆယ်စုနှစ်မှာ အသုံးပြုလို့ ရနိုင်တော့မှာမဟုတ်ဘူးလို့လည်းပြောနေကြကြောင်းပါ။

 ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဆီးရီးယားအရေး ကန်-ရုရှားဆွေးနွေးမှု ရပ်တန့်နိုင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
ဆီးရီးယား နိုင်ငံ Aleppo မြို့မှာ ရုရှားက လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်ပြီးလုပ်ဆောင်နေတာမို့ အမေရိကန်က ဆီးရီးယား အရေး ရုရှားနဲ့ သံတမန်နည်းလမ်းအရ ဆွေးနွေးပြောဆိုမှုတွေကို ဆိုင်းငံ့ရမယ့် အနေထားကို ရောက်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

ရုရှားက ဆက်ပြီး ဗုံးတွေ ကြဲနေတာဟာ ဆွေးနွေးမှုတွေ ကို အလေးအနက် မထားရာရောက်တာမို့ ဆက်ပြီး ဆွေးနွေးနေတာဟာ ကြောင်းကျိုး မဆီလျှော်ဘူးလို့လည်း ဝန်ကြီးကယ်ရီက ပြောပါတယ်။

Aleppo မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ ရုရှားက ကြုံးဝါးလိုက်ပြီး နာရီအတော်အကြာမှာ ဝါရှင်တန်က ကြာသပတေးနေ့ ဆွေးနွေးပွဲမှာ ဝန်ကြီး ကယ်ရီက ခုလို ပြောကြားလိုက်တာပါ။

"ကျွန်တော်တို့က တခြားနည်းလမ်း ဘာတွေ ရှိမလဲဆိုပြီး လိုက်ရှာနေချိန်မျိုးမှာ ဒါမျိုးတွေ ဖြစ်လာတတ်တာမို့ ဆီးရီးယား ပြည်သူတွေရဲ့ အနာဂါတ်နဲ့ ဒီလို အဖြစ်မျိုးတွေ အတွက် အထူးစိုးရိမ်တယ်"လို့လည်း ဝန်ကြီးကယ်ရီက ပြောပါတယ်။

ဆီးရီးယား နဲ့ Aleppo ကို လူသားချင်းစာနာမှု အကူညီတွေ ပေးခွင့်ပြုဖို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လေးစား လိုက်နာရေးအတွက် ဆီးရီးယားသမ္မတ Bashar al-Assad ကို ဖိအားပေးအောင် ရုရှားကို အမေရိကန်က တွန်းအားပေးနေတာ ဖြစ်ပါတယ်။

အခု အဲဒီလို မလုပ်ပဲ ဆီးရီးယားနဲ့ ရုရှား အစိုးရတို့က Aleppo မှာရှိတဲ့ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေ၊ ရေပေးဝေတဲ့ နေရာတွေနဲ့ တခြားအရေးပါတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာမို့ ရှက်စရာကောင်းတဲ့ နည်းဗျူဟာကို သုံးနေတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူပြောခွင့်ရ Josh Earnest က ပြောပါတယ်။

သမ္မတ Barack Obama ကလည်း ဆီးရီးယားအရေးအတွက် ပိုကောင်းတဲ့ နည်းလမ်းတွေ ရှာဖို့ သူ့ရဲ့ လုံခြုံရေးအဖွဲ့ကို ဖိအားတွေ ဆက်ပေး နေတာပါ။ ဆီးရီးယား အရေး ရုရှားနဲ့ ဆွေးနွေးမှုအပေါ် အားထားနေပေမယ့် ရလဒ်ကတော့ အတော့်ကို စိတ်ပျက်စရာကောင်း နေတယ် လို့လည်း ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရန်ကုန်မြို့သစ်စီမံကိန်းအား လွှတ်တော်မှ အတည်ပြုပြီးပါက တင်ဒါခေါ်သွားမည်


ရန်ကုန် စက်တင်ဘာ ၂၉

ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တစ်နှစ်အတွင်း စတင်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီး လွှတ်တော်မှ အတည်ပြုပြီးပါက တင်ဒါခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့အပြီးတွင် သတင်းမီဒီယာများအား ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
''အရင်တုန်းက ရန်ကုန်မြို့သစ်စီမံကိန်းမှာ ကုမ္ပဏီ သုံးခုကိုပဲ တင်ဒါခေါ်ပြီး ဒီသုံးခုကနေ မြို့သစ်ကြီးကို အကောင်အထည်ဖော်မယ့်ပုံစံရှိနေတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရင်ပုံစံနဲ့အကောင် အထည်မဖော်တော့ဘူး။ ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်း ဒေသကြီးအစိုးရက ကြီးကြပ်မယ်၊ ကွပ်ကဲမယ်၊ ကုမ္ပဏီ တွေကို တင်ဒါခေါ်ပြီး ယှဉ်ပြိုင်ခိုင်းမယ်။ အဲဒီလိုယှဉ်ပြိုင် တဲ့အခါမှာလည်း နဂိုကဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကုမ္ပဏီ သုံးခုကိုလည်း ပြန်ပြီးယှဉ်ပြိုင်ခိုင်းမယ်။ ပြီးတော့မှ ရွေးချယ်မယ်။

ဒါနည်းလမ်းကျတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ် လို့လည်း လွှတ်တော်ဘက်က သုံးသပ်ထားတယ်''ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်း ၂၄ ခုကို လွှတ်တော် သို့ပေးပို့ထားပြီး အဆိုပါစီမံကိန်းများအနက် စီမံကိန်း ၁၁ ခုကို ယခုနှစ်အတွင်းစတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းများတွင် ရန်ကုန်မြို့သစ်စီမံကိန်းလည်း တစ်ခုအပါအ ဝင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ဒါတွေက တစ်နှစ်အတွင်းမှာ အကောင်အထည်ဖော် ရပါလိမ့်မယ်။ လုပ်ဖို့လည်း လုပ်နေပါတယ်။ မြို့သစ်စီမံ ကိန်းမှာ ပါတာတွေကို အပိုင်းလိုက်အကောင် အထည်ဖော် ရပါမယ်။ အဲဒီလိုဖော်တဲ့အတွက် ဝန်ကြီးချုပ်အနေနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်။ ဝန်ကြီးချုပ်က ဆွေးနွေးပြီး အကြမ်းဖျင်းလျာ ထားပြီးပြီဆိုရင်တော့ လွှတ်တော် ကိုတင်ပြမယ်လို့ ပြောတယ်''ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တစ်နှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများတွင် ရန်ကုန်မြို့ သစ်စီမံကိန်း၊ မြို့ပတ်ရထားလမ်းစီမံကိန်း၊ ဘတ်စ်ကား လိုင်းအသစ်လုပ်မည့်စီမံကိန်း၊စက်မှုဇုန်စီမံကိန်း၊ ဆိပ်ကမ်း ရွှေ့ပြောင်းမည့်ကိစ္စများနှင့် ကျူးကျော်ကိစ္စများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ကြည့်မြင့်တိုင် တစ်ဖက်ကမ်း၊ တွံတေးနှင့် ဆိပ်ကြီးခနောင် တို မြို့နယ်များရှိ မြေဧက စုစုပေါင်း နှစ်သောင်းကျော် ပါဝင်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း အရ ရန်ကုန်မြို့တိုးချဲ့ရန် ဦးစားပေး(၁) ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ဦးစားပေး(၂) ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်) ၂၁၇၁၆ ဧက၊ ဦးစားပေး(၃) သန်လျင်မြို့ သစ် ၂၁၁၉၃ ဧက၊ ဦးစားပေး(၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ဦးစားပေး(၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ ဦးစားပေး(၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် ဦးစားပေး(၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧက လျာထားကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ - မင်းသစ်(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှားဈေးကွက်များ ပိုမိုသွက်လာ


ရန်ကုန် - စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းမှ စတင်၍ အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား ဈေးကွက်များအေးခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လမှစတင်၍အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား ဈေးကွက်များအနည်းငယ် ပိုမိုသွက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကွန်ဒိုတိုက်ခန်းဈေးကွက်၌လည်း BCC ကျပြီးဆောက် လုပ်ပြီး ကွန်ဒိုတိုက်ခန်းများ အရောင်းအဝယ်ဖြစ်လာ ကြောင်းနှင့် မြေကွက်များ အရောင်းအဝယ်သွက် လာကြောင်း၊ ဈေးနှုန်းအရ အချို့ငွေလိုသူများမှ ပေါက်ဈေး နှုန်းထက်လျှော့ပြီး ရောင်းချမှုများလည်းရှိလာကြောင်း၊ လုပ်ငန်းလုပ်ကိုင်လိုသူများမှလည်း ပေါက်ဈေးနှင့် နီးနီးစပ်စပ်ပေးဝယ်ရကြောင်း၊ ကွန်ဒိုတိုက်ခန်းကြိုပွိုင့်များမှာလည်း အရောင်းအဝယ်အေးနေပြီး ဝယ်ယူသူများ မှလည်း စိတ်ဝင်စားမှု တော်တော်နည်းပါးသွားကြောင်း၊ လက်ရှိရန်ကုန်မြို့အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ကွန်ဒိုတိုက်ခန်းများမှာ BCC ကျပြီးသားများသာဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေကြသည့် ဝါရင့်ပုဂ္ဂိုလ်များ၏ပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှ ဒု-ဥက္ကဋ္ဌဖြစ်သော ဦးအောင်ထွန်းက ''ကွန်ဒို တိုက်ခန်းကြိုပွိုင့်နဲ့ ပတ်သက်ပြီးပြောရရင်တော့ BCC ကျပြီးသားအခန်းတွေက မြေပိုင်ရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးရင် ပိုင်ဆိုင်မှုအရှုပ်အရှင်းဖြစ်စရာ မရှိပါဘူး။ ကြိုပွိုင့်အတွက်ကတော့ တိုက်မပြီးမှာတို့၊ တိုက် မပြီးအောင် ဆက်မဆောက်လုပ်နိုင်တာတို့၊ တစ်ခန်းကို နှစ်ဦး၊ သုံးဦးရောင်းချထားတာတို့  ဖြစ်တတ်တော့ အခန်း ဝယ်ယူသူက မသိရင် ပြဿနာဖြစ်တတ်ပါတယ်။ လုံးချင်း အငှားဈေးကွက်မှာတော့ ကုမ္ပဏီတချို့ဆိုရင် မြန်မာပလာ ဇာတို့၊ အခြားသော Office Tower တွေကိုပြောင်းရွှေ့ပြီး ငှားရမ်းတာတွေလည်းတွေ့ရပါတယ်။ ပြီးတော့ လုံးချင်း အငှားဈေးနှုန်းတွေကျပြန်တော့လည်း အရင်နှစ်တွေ ကထက်စာရင် ဈေးနှုန်းနည်းနည်းကျသွားပါတယ်။ လမ်းမတန်း မြေကွက်၊ လုံးချင်းနဲ့ မြေညီတိုက်ခန်းတွေ ကတော့ ဈေးကွက်နဲ့ နေရာအနေအထားပေါ်မူတည်ပြီး ဈေးကျတာတွေလည်းရှိသလို ဈေးနှုန်းမြင့်တာတွေလည်း ရှိပါတယ်။ ဈေးကွက်အနေအထားအရတော့ ရှေ့လျှောက် ဈေးနှုန်းမြင့်တက်လာနိုင်တာရှိသလို ဈေးကျနိုင်တဲ့နေရာ တွေလည်းရှိပါတယ်။ ဈေးနှုန်းမြင့်တက်ခြင်း၊ ကျခြင်းကတစ်ပိုင်း ပါ။ အိမ်ခြံမြေအရောင်းအဝယ်၊ အငှားလုပ်ငန်းတွေကတော့ ပိုမိုကောင်းမွန်သွက်လက်လာပါတယ်'' ဟု ရှင်းပြသည်။

လက်ရှိအနေအထားအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနည်းပါးနေသေးသော်လည်း ၂ဝ၁၇ ခုနှစ်နှစ်ဆန်းပိုင်း ဖြစ်သော အနာဂတ်ကာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များပိုမိုများပြားလာပါက အိမ်ခြံမြေလုပ်ငန်းများ ပိုမိုသွက်လက်လာနိုင်စရာအကြောင်းရှိကြောင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှ မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ဝင်ရောက်လာပါက ၎င်းတို့၏ ဝန်ထမ်းများ နေထိုင်ရေးအတွက်လည်းကောင်း၊ စက်ရုံ အလုပ်ရုံများ ဖွင့်လှစ်ရန်အတွက်လည်းကောင်း၊ ရုံးခန်း များဖွင့်လှစ်ရန်အတွက်လည်းကောင်း လုပ်ဆောင်မည်ဖြစ်သောကြောင့် အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား ဈေးကွက်များမှာပိုမိုသွက်လက်လာနိုင်စရာအကြောင်း ရှိနေကြောင်း အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေကြသည့် ဝါရင့်ပုဂ္ဂိုလ်များက ဆိုသည်။ ''ရန်ကုန်မြို့အပါအဝင် အိမ်ခြံမြေအရောင်းအဝယ်ကောင်းနေတဲ့ မြို့တွေထဲမှာ တောင်မှ နိုင်ငံခြားသားလုပ်ငန်းရှင်အများစု အကြိုက်ဆုံးက ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ နိုင်ငံခြားသားကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီးဆွေးနွေးတဲ့အခါမှာ သူတို့အများစုရဲ့ အမြင်က ရန်ကုန်မြို့ဟာ အလျင်အမြန် တိုးတက်ဖွံ့ ဖြိုးနိုင်တယ်လို့ လက်ခံနားလည်ထားကြပါတယ်။ အဲဒီနေရာမှာလည်း ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် အစိုးရနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး အိမ်ခြံမြေလာရောက်ရင်းနှီးမြှုပ်နှံမှုတွေက ကျွန်တော်တို့ လုပ်ငန်းလောကအပေါ် တိုက်ရိုက်ပတ်သက် မှုသိပ်မရှိပါဘူး။ အိမ်ခြံမြေကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ချင် တယ်ဆိုရင် ပုဂ္ဂလိက ကဏ္ဍကိုလည်း လုပ်ငန်းလုပ်ကိုင်ရ လွယ်ကူအောင် ထားပေးစေချင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးပြောရရင် တချို့တွေကမြေဝယ်၊ အိမ်ဝယ်ပြီး ရင်းနှီးမြှုပ်နှံရတာကြိုက်တဲ့ သူတွေရှိကြသလို တချို့တွေ ကတော့ ကွန်ဒိုတိုက်ခန်းဝယ်ယူပြီး ရင်းနှီးမြှုပ်နှံသူတွေ လည်းရှိပါတယ်။ မြေကွက်ရဲ့သဘောက တည်နေရာ၊ အကျယ်အဝန်း၊ အလှည့်၊ အိမ်နံပါတ်စတဲ့ အချက်တွေကို ဝယ်ယူသူကကြိုက်နှစ်သက်တယ်ဆိုရင် အဲဒီမြေကွက်ကို ဝယ်ယူသူကရောင်းချင်သူရဲ့ ဈေးနှုန်းအတိုင်းပေးဝယ်ကြ ရပါတယ်။ ကွန်ဒိုတိုက်ခန်းရဲ့သဘောသဘာဝကျတော့ ဝယ်ယူသူစိတ်ကြိုက် ရွေးချယ်ခွင့်ရှိပါတယ်'' ဟု ဦးအောင်ထွန်းက ဆိုသည်။

မကြာမီကာလတွင် ကွန်ဒိုမီနီယံနည်းဥပဒေ ထွက်လာတော့မည်ဖြစ်သောကြောင့် ကွန်ဒိုတိုက်ခန်းများ အတွက်အားသာချက်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားများအား ခွင့်ပြုထားသည့် အတိုင်းအတာတစ်ခုအထိ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ ရောင်းချပိုင်ခွင့်များကို ပေးထားမည် ဖြစ်ကြောင်း၊ ကွန်ဒိုမီနီယံနည်းဥပဒေထွက်ပေါ်လာလျှင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ပိုမိုများပြားလာမည်ဟု မျှော်လင့်ကြောင်း၊ ယခုလက်ရှိ ပြည်တွင်းဝယ်လိုအား လျော့နည်းခိုက် ပြည်ပငွေကြေးဖြင့် ဝယ်ယူမည့်သူများ ပိုမိုဝင်ရောက်လာနိုင်သောကြောင့် ကွန်ဒိုတိုက်ခန်း အရောင်းအဝယ်လုပ်ငန်းများမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာနိုင်စရာအကြောင်းရှိကြောင်း အိမ်ခြံမြေ လုပ်ငန်းများလုပ်ကိုင်နေကြသည့် ဝါရင့်ပုဂ္ဂိုလ်များ၏ပြောချက်အရ သိရသည်။

၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သော အနာဂတ်ကာလတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာနိုင်သောကြောင့် အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက်များ ပိုမိုကောင်းမွန်သွက်လက်လာနိုင် စရာရှိကြောင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်သည့် လုပ်ငန်းရှင်များကလည်း ရရှိသည့်အကျိုးအမြတ်ထဲမှ အိမ်ခြံမြေများဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် လာနိုင်စရာအကြောင်းရှိကြောင်း၊ အိမ်ခြံမြေအရောင်း အဝယ်ဈေးနှုန်းများမှာလည်း သင့်တင့်သည့် ဈေးနှုန်းအနေ အထားရှိနေမည်ဖြစ်သောကြောင့် အရောင်းအဝယ်များပိုမိုသွက်လက်လာနိုင်စရာအကြောင်းရှိကြောင်း အိမ်ခြံ မြေလုပ်ငန်းများလုပ်ကိုင်နေကြသည့် ဝါရင့်ပုဂ္ဂိုလ်များထံမှ စုံစမ်းသိရသည်။

(စိုးဝင်း-MLA)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ