ပြည်ကြီးတံခွန်မြို့နယ်၌ ရွှေတုံးအတုများ လိမ်လည်ရောင်းချထားသည့် တရုတ်နိုင်ငံသားများ ပြန်လည်ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၃၁
သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်နေ ဦးဝါဟင်း(၅၀)နှစ်၏ လက်ကိုင်ဖုန်းသို့ ကျိုးပိန်းဝှာ (၄၂)နှစ် ပတ်စ်ပို့အမှတ် G 46234421 (ဗီဇာအမှတ်- C 498934၊ Business ဗီဇာ၊ သက်တမ်း အေ ၀၅ မှ ဇူ ၁၄ ထိ)မှ တရုတ်ဘာသာစကားဖြင့် ၎င်း၏ရွှေကုမ္ပဏီလုပ်ငန်းပြီးဆုံး၍ တရုတ်ပြည်သို့ ပြန်မည်ဖြစ်၍ ရွှေတုံး(၅၀)ခန့် ရောင်းချလိုကြောင်းဆက်သွယ်လာခဲ့ရာ ကျွဲဆည်ကန်ကားဝင်း ဝင်ပေါက်အနီးသို့ ချိန်းဆိုတွေ့ဆုံခဲ့ရာတွင် ကျိုးပိန်းဝှာ ပါ(၃)ဦးအား တွေ့ဆုံမိပြီး ၎င်းတို့ထံမှ ရွှေတုံး(၅၀)တုံးအား ငွေကျပ်သိန်း(၆၀၀)ဖြင့် ဝယ်ယူရန်သဘောတူညီခဲ့ပြီး ဩဂုတ်လ(၂၉)ရက်နေ့တွင် ဝယ်ယူခဲ့သည်။
 မွန်းလွဲ ၁ နာရီအချိန်တွင် ရွှေတုံးများအား ထပ်မံစစ်ဆေးရာ ရွှေအတုများဖြစ်နေ သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၄၇၄/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၄၀၂)ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။ တိုင်ကြားချက်အရ စစ်ကိုင်းမြို့မရဲစခန်းနှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ကျိုးပိန်းဝှာ ပါ(၃)ဦးသည် Happy Hotel အခန်း(၂၉)တွင် တည်းခိုနေကြောင်း သတင်းရရှိ၍ ပြည်ကြီးတံခွန် မြို့နယ်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇော်အောင်နှင့် အဖွဲ့မှ သက်သေများနှင့်အတူ ဝင်ရောက် ဖမ်းဆီးခဲ့ရာ ၎င်းတို့ထံမှ မြန်မာငွေကျပ်(၆,၁၀၆,၀၀၀)ကျပ်၊ အမေရိကန်ဒေါ်လာ(၃၃၇)၊ တရုတ်ယွမ် (၅၂၂၅)၊ ထိုင်းဘတ်(၅၆၀)၊ ဟောင်ကောင်ဒေါ်လာ(၈၀)၊ မလေးရှားရင်းဂစ်(၅၁)၊ ရုရှားရူဘယ် (၁၅၀)၊ စင်ကာပူဒေါ်လာ(၁၂)၊ အာရေဗီးယားဒဟားမား(၅)တို့နှင့်အတူ လက်ကိုင်ဖုန်းတစ်လုံး၊ ရွှေတုံးအတု(၄၈)တုံး၊ ရွှေဖြတ်စ(၁)စ၊ ဖြတ်လွှ(၂)ချောင်းတို့နှင့်အတူ ပြန်လည်ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ - (Facebook)
သတင်း - ရဲဇာနည်
https://www.facebook.com/yezarnimedia
မူဆယ်မှာ ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်ဖိုး မူးယစ်ဆေးတွေ ဖမ်းမိ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ သြဂုတ်လ ၃၀ ရက်နေ့က ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မနေ့က စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီမူးယစ်ဆေးတွေဟာ တစ်ဖက်နိုင်ငံကနေ ၀င်လာတာဖြစ်ပြီး မြန်မာပြည်အတွင်းပိုင်းက မြို့ကြီးတွေကို ဖြန့်ဖြူးဖို့ သိုလှောင်ထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
"တဖက်နိုင်ငံကနေ ဝင်ရောက်လာပြီးတော့မှ မူဆယ်မှာတဆင့် သိုလှောင်ထားတယ်၊ ပြီးတော့မှ လားရှိုး၊ မန္တလေး၊ ရန်ကုန် အစရှိတဲ့ မြို့ကြီးတွေကို ဆက်လက်ဖြန့်ဖြူးတယ်လို့ ကျနော်တို့ ပဏမစစ်ဆေးချက်အရတော့ သိရှိထားတယ်"
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ရဲ့သတင်းပေးချက်အရ အခုလို ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စိတ်ကြွဆေးပြား အရေ အတွက် နှစ်သိန်းနီးပါးနဲ့ ဘိန်းဖြူ ၃၄ ဒဿမ ၇၃၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီ မူးယစ်ဆေးတွေ လက်ဝယ်ထားရှိမှုနဲ့ မူဆယ်မြို့ ကောင်းမုလွယ် ရပ်ကွက်မှာနေတဲ့ မြန်မာနိုင်ငံသား နိုင်ယိုးနဲ့ မစိန်နီထွေးကို ဖမ်းဆီးရမိထားပြီး မူဆယ်မြို့ တရုတ်ကွမ်ရင်မယ်တော်ကျောင်းမှာ ဘိန်းဖြူသိုလှောင်ထားတဲ့ သီလရှင်တစ်ဦးက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အမုန်းစကားတွေ လျော့ နည်းအောင် ကြိုးစားပေးဖို့ ကုလသမဂ္ဂ တိုက်တွန်း
မစ္စတာ ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့တို့ သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်က Kempinski ဟိုတယ် မှာ တွေ့ဆုံစဉ်။ Photo: သီတဂူဆရာတော်နှင့် သီတဂူသတင်းများ
ကုလသမဂ္ဂ အထွေထွေအတွင်းရေမှူးချုပ် မစ္စတာဘန်ကီမွန်းက ဘာသာမတူသူတွေအကြား အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျှော့နည်းအောင် ဘာသာရေးခေါင်းဆောင်တွေက ကြိုးစားကြဖို့ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့တို့ နေပြည်တော်က Kempinski ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံ စဉ် ပြောလိုက်တာဖြစ်တယ်လို့ ပွဲကိုတက်ရောက်ခဲ့တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ဗဟိုအဖွဲ့ဝင် ဦးကျော်ငြိမ်း က ပြောပါတယ်။
"မြန်မာနိုင်ငံကို ကမ္ဘာကစိတ်ဝင်စားပြီး စောင့်ကြည့်နေပါတယ်၊ အမုန်းစကားတွေ ခွဲခြားဆက်ဆံမှုတွေ ကိုတော့ ကျော်လွှားနိုင်ကြဖို့ ဝိုင်းဝန်းလုပ်ကြရမယ်၊ အဲ့ဒါတွေရှိနေတာကို လျော့နည်းအောင်လုပ်ကြရမယ်၊ အဲဒီ့အတွက်လည်း ဘာသာရေးခေါင်းဆောင်ပိုင်းအနေနဲ့ တာဝန်ရှိတဲ့လူတွေက လုပ်နိုင်ကြရမယ်"
မြန်မာပြည်ရဲ့ တိုးတက်မှုဖြစ်စဉ်မှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးတာကြောင့် အခုလိုတွေ့ဆုံတာဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။
တွေ့ဆုံပွဲကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ပြီး သီတဂူ ဆရာတော် အရှင်ဥာဏိဿရလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီပွဲကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ဘဟာအီ စတဲ့ ဘာသာပေါင်းစုံကိုယ်စားလှယ် ၂၅ ဦး ခန့် တက်ရောက်ခဲ့ကြပြီး ကိုယ်စားလှယ် ၁၀ ဦးခန့်က ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
အရက်မူးနေသည့်ဖခင်က သမီးအရင်းကို သားမယားပြုကျင့်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် စကားကုန်းအုပ်စု ယင်းခဲကျေးရွာတွင် ဖခင်အရင်းဖြစ်သူက အသက် ၁၃ နှစ်အရွယ် သမီးအရင်းကို သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့သည်။
၃၀.၈.၂၀၁၆ ရက်နေ့ ညနေ ၇း၃၀ နာရီခန့်အချိန်တွင် ရွာဘုန်းကြီးကျောင်းသို့ မြသပိတ်အလှူလှည့်ပြီး အိမ်သို့အပြန်တွင် ဖခင်ဖြစ်သူ ဦးကြည်ထွန်းမှာ အရက်မူးနေပြီး ဆူပူကြိမ်းမောင်းဆဲဆိုနေသဖြင့် မိခင်ဖြစ်သူမှ ထိုသို့ မပြောရန် တားဆီးရာတွင် ၎င်းအနီးရှိ တောခုတ်ဓါးအားယူပြီး မိခင်ဖြစ်သူအား လိုက်ခုတ်သဖြင့် မိခင်ဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး နာရီဝက်ခန့်အကြာတွင် 'နင့်အမေကို လိုက်ရှာရအောင်'ဟု ပြောသဖြင့် ဓါတ်မီးဖွင့်ပြီးလိုက်ရှာကြရာ အိမ်နောက်ဖေး ဆူးပုတ်ပင်အနီးရောက်ရှိချိန်တွင် ဦးကြည်လင်းမှ သမီးအား "လင်မယား အရာနေရအောင် "ဟု ပြောရာ သမီးဖြစ်သူ မ. . .မှ ငြင်းဆန်သောအခါ နားရင်းအားရိုက်လိုက်ပြီး မြေပေါ်သို့ လှဲကျသွားချိန်တွင် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ယင်းကြောင့် သမီးအရင်းအား အတင်းအဓမ္မ သားမယားပြုကျင့်ခဲ့သည့် ဦးကြည်ထွန်း အသက် (၄၁) နှစ်အား သမီးအရင်းဖြစ်သူ မ. . .မှ တိုင်တန်းရာ (ပ) ၂၂၈/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် ကသာမြို့မ ရဲစခန်းမှ ဖမ်းဆီးအမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည် ။
သီဟဆွေ (ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ထိပ်တန်း ဝန်ကြီးကို မြောက်ကိုရီးယား ကွပ်မျက်၊ တောင်ကိုရီးယား ပြော
ကင်ဂျုံအန်း အာဏာရ ပြီးနောက် သူ့အပေါ် သစ္စာမဲ့တယ်လို့ ယူဆရသူတွေကို အကြောင်းရှာ ကွပ်မျက်လာခဲ့။
မြောက်ကိုရီးယား နိုင်ငံမှာ ပါလီမန် အစည်းအဝေး တက်စဉ် ပျော့ခွေခွေ ထိုင်ခဲ့တဲ့ ထိပ်တန်း ဝန်ကြီး တစ်ယောက်ကို ပြီးခဲ့တဲ့ လထဲမှာ ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိ တွေက ပြောပါတယ်။
ကွပ်မျက် ခံရတဲ့ ကင်ယွန်ဂျင် ဆိုသူဟာ မြောက်ကိုရီးယားရဲ့ ပညာရေး ဌာနကို ကိုင်တွယ်ရတဲ့ ဒုတိယ ဝန်ကြီးချုပ် တစ်ဦး ဖြစ်တယ်လို့ တောင်ကိုရီးယား ဘက်က နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ ကင်ယွန်ဂျင် ဟာ အစည်းအဝေး တက်စဉ် ခုံပေါ်မှာ အိပ်ပျော်နေခဲ့တယ် လို့လည်း တချို့ သတင်းတွေက ဆိုပါတယ်။
အခုလို ကွပ်မျက်တဲ့ သတင်းကို တောင်ကိုရီးယား အရာရှိတွေ ဘယ်လို ရသလဲ ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ မြောက်ကိုရီးယား ဘက်က ကွပ်မျက်တဲ့ သတင်းတွေကို အရင်ကလည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ မေလ တုန်းကလည်း ကွပ်မျက် ခံရတယ်လို့ ယူဆ ရတဲ့ မြောက်ကိုရီးယား စစ်တပ် အကြီးအကဲ တစ်ယောက်ကို သိပ်မကြာခင်မှာ အခမ်းအနားတွေမှာ ပြန်တွေ့ ခဲ့ရပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားမှာ ကင်ဂျုံအန်း အာဏာရ လာပြီးနောက်ပိုင်း သူ့အပေါ် သစ္စာမခံသူလို့ သူယူဆပြီး ကွပ်မျက်ခဲ့တဲ့ ထိပ်တန်း အရာရှိတွေ အတော်များများ ရှိလာပြီလို့ ယူဆ ရပါတယ်။
BBC Burmese
http://www.bbc.com/burmese
မူဆယ်မြို့ ကွမ်ရင်မယ်တော်သီလရှင်ကျောင်းတွင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်ဖိုး ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိ
မြန်မာ-တရုတ်နှစ်နိုင်ငံမူးယစ်အဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်အရ မူဆယ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
သြဂုတ်-၃၁
သြဂုတ်လ (၃၀)ရက်နေ့ က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်ရှိ တိုက်တန်းလျားတစ်ခုတွင် စိတ်ကြွဆေးပြားများနှင့် စွမ်စော်ရပ်ကွက်ရှိ ကွမ်ရင်မယ်တော်သီလရှင်ကျောင်းတွင် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံမူးယစ်အဖွဲ့(BLO)၏ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူများအား နှစ်နိုင်ငံပူးပေါင်း၍ စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရေး သတင်းဖလှယ်ချက်အရ တရုတ်နိုင်ငံ ရွှေလီမူးယစ်တပ်ဖွဲ့ခွဲမှ ဖမ်းဆီးရမိထားသော မောင်နိုင်ယိုး(ခိုလုံလီရှော) ငှါးရမ်းနေထိုင်သည့် မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ တိုက်တန်းလျား၊ အခန်းအမှတ်(၁၁/၁၂)အား မူဆယ်မြို့ပေါ်လှုပ်ရှားအဖွဲ့မှ ရဲအုပ်ဇော်မင်းသိန်း ဦးစီးအဖွဲ့တို့သည် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ ၎င်းအခန်း၏၀ဲဘက်အခန်းအတွင်းမှ တရုတ်စာတန်းပါ ဓါတ်မြေသြဇာပီနံအိတ်ခွံအတွင်း ပလပ်စတစ်၊ မိုင်းကိုင်စက္ကူတို့ဖြင့်ထုပ်ပြီး အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၁)ထုပ်လျှင် (၁၉၀)ပြားစီပါ (၁၀)ထုပ်စီး (၅)ထုပ်ပါ အထုပ်ကြီး(၂၀)ထုပ်၊ စုစုပေါင်း ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀၀၀၀)ပြားအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ကောင်းမှုလွယ်ရပ်ကွက်နေ မစိန်နီထွေး(ခ)မအားဖန်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ မစိန်နီထွေး(ခ)မအားဖန် ကို နေအိမ်အတွင်းအသင့်တွေ့ရှိရသည်။ ၎င်းနေအိမ်အတွင်း မူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိရသော်လည်း မူးယစ်ဆေးဝါးရောင်းချရငွေဟု ယူဆရသည့် တရုတ်ယွမ်ငွေ(၇၅၀၀၀)နှင့် မြန်မာငွေ(၁၀)သိန်း၊ မြန်မာဖုန်း(၁)လုံးနှင့် တရုတ်ဖုန်း(၁)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ ကွမ်ရင်မယ်တော်သီလရှင်ကျောင်း(မြန်မာအခေါ်- ရွှေသမင်သီလရှင်ကျောင်း)ရှိ သီလရှင် ရန်ပေါင်းမေ၏ အခန်းအား ၀င်ရောက်ရှာဖွေရာ သူမအား နေအိမ်တွင်မတွေ့ရှိရဘဲ သူမအိပ်သည့်အခန်းအတွင်း အိပ်ယာအောက်ရှိ စက္ကူဂျပ်ဖာအတွင်းမှ အ၀ါရောင်တိပ်များဖြင့် ပတ်လျှက် အဖြူရောင်အခဲအသားပေါ်တွင် 202 စာတန်းတံဆိပ်ပါ ဘိန်းဖြူဘလောက်တုံး(၁)တုံးလျှင် အလေးချိန်(၃၅၀)ဂရမ်ခန့်စီရှိ ဘိန်းဖြူဘလောက်တုံး(၈၀)တုံးပါ (၁)ဖာနှင့် (၁၆)တုံးပါ(၁)ဖာ၊ စုစုပေါင်း ဘိန်းဖြူ ဘလောက်တုံး(၉၈)တုံး၊ အလေးချိန် ၃၄.၃ ကီလိုဂရမ်ခန့်၊ ဘိန်းဖြူမှုန့်(၃၆)ဂရမ်ခန့်၊ မြန်မာကျပ်ငွေ (၁၃.၄၅)သိန်း၊ တရုတ်ယွမ်ငွေ(၈၅၀၀၀)ယွမ် နှင့် ရွှေထည်ပစ္စည်းမျိုးစုံ(၁၁)မျိုး ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများပြန်လည်ရောင်းချရန်သိုလှောင်ထားသူများ (ရွှေလီမူးယစ်တပ်ဖွဲ့မှဖမ်းဆီးထားသူ) မောင်နိုင်ယိုး (ဘ) ဦးရှောက်မူ ၊ မစိန်နီထွေး(ခ)မအားဖန် ၊ ထွက်ပြေးတိမ်းရှောင်နေသူ သီလရှင် ရန်ပေါင်းမေ တို့(၃)ဦးအား မူးယစ်ဆေးဝါးဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
Nay Myo
https://www.facebook.com/nay.myo.796
အလုံပိတ်ခန်းများဖြင့် ရောင်းချသည့် တရားမ၀င် ကော်ဖီဆိုင် ၄ ဆိုင်အား မန္တလေးတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီး
မန္တလေး သြဂုတ် ၃၁
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်အတွင်း အလုံပိတ်ခန်းများ ဖြင့် တရားမ၀င် ကော်ဖီဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆိုင် ၄ ဆိုင်အား ယနေ့သြဂုတ် ၃၁ ရက်နံနက် ၉ နာရီကျော်ခန့်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးလိုက်ပြီး ဆိုင်ခန်းပိုင်ရှင်နှင့်မန်နေဂျာအသီး သီးတို့အား စည်ပင်အထူးတရားရုံးတွင် တရားစွဲဆို ထားကြောင်းသိရသည်။
“ကျောင်းသားလူငယ်တွေ လမ်းမှားမရောက်အောင်လို့ ကျွန်တော်တို့ဖမ်းဆီးနေရတာပါ၊ မနှစ်ကစပြီးဖမ်းခဲ့တာ ဒီနှစ်အတွက် down town ဧရိယာမှာ ဒါပထမဦးဆုံးဖမ်းလိုက်တာပါပဲ၊ နောက်ထပ်လည်း သတင်းပေးတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်လည်းစုံစမ်းပြီးဆက်ဖမ်းသွားမှာပါ၊ ခွင့်ပြုချက်မရှိဘဲနဲ့ ကော်မတီကတားမြစ်ထားတဲ့လုပ်ငန်းကိုလုပ်နေလို့ စည်ပင်ဥပဒေနဲ့အရေး ယူသွားမှာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး) မှ တပ်ဖွဲ့မှူးရဲမှူးငြိမ်းချမ်းအောင်က china.com myanmar သို့ပြောကြားသည်။
သတင်းအရ၀င်ရောက်ဖမ်းဆီးလိုက်သည့် Cupid ၊ Cafe 58 ၊ ဆုံနေကျ၊ ထူးခြား ဆိုင် ၄ ဆိုင်အနက် ထူးခြားနှင့် Cupid တို့မှာ တစ်ဦးတည်းပိုင်ဖြစ်ပြီး ၄င်းအား ချက်ချင်းဆိုသလို စည်ပင်အ ထူးတရားရုံး၌ တရားစွဲဆိုထားကြောင်း၊ Cafe 58 တွင် ပိုင်ရှင်ဖြစ်သူပြည်ပရောက်နေသဖြင့် မန်နေဂျာ ဖြစ်သူအား လတ်တလောတရားစွဲဆိုကာ ပိုင်ရှင်ဖြစ်သူအား ပြည်တွင်းသို့ပြန်လာရင်ခေါ်ယူထား ကြောင်း၊ ဆုံနေကျ ဆိုင်ပိုင်ရှင်နှင့်မန်နေဂျာတို့အား အလားတူ တရားစွဲဆိုထားကြောင်းသိရသည်။
၎င်းတို့အနေနှင့် စည်ပင်ဥပဒေပုဒ်မ ၁၁၈ အရ ငွေဒဏ် ၄ သောင်းမှ ၄ သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရ နိုင်ကြောင်းလည်း ရဲမှူးကဆိုသည်။
မန္တလေးမြို့တွင် ၂၀၁၅ ခုနှစ်လယ်ပိုင်းမှစတင်ကာ တရားမ၀င်အလုံပိတ်ခန်းများအား ပြည်သူ တိုင်ကြားချက်အပါအ၀င် စုံစမ်းသတင်းအရ၀င်ရောက်ဖမ်း ဆီးခဲ့ရာ ကန်တော်ကြီး ကန်ပတ်လမ်း နှင့်ရှမ်းလေးကျွန်းတို့တွင် ၂၀၁၅ ခုနှစ် ၇ လပိုင်းမှ ၂၀၁၆ ခုနှစ်အစောပိုင်းအထိ ၁၉ ဆိုင်၊ ရတနာပုံ တက္ကသိုလ် တောင်သမန်ကန်ပတ်လမ်းတစ်လျှောက် ၁၁ ဆိုင်တို့အား အမှုဖွင့်အရေးယူခဲ့ပြီး ယနေ့ဖမ်းဆီး အရေးယူမှုအပါအ၀င် စုစုပေါင်း ၃၄ ဆိုင် ၃၄ မှုရှိပြီဖြစ် ကြောင်းသိရသည်။
ဓာတ်ပုံ-မန္တလေးစည်ပင်ရဲတပ်ဖွဲ့
ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm
ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင် ပြန်လည်ရရှိရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ KNU ဥက္ကဋ္ဌ စာပို့
ရိုးရိုးလေးဟိုတယ်အား ခွင့်ပြုချက်မဲ့အခန်းတိုးချဲ့တည်ဆောက်ခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာနက လုပ်ငန်း လိုင်စင်ပိတ်သိမ်းခဲ့သည့်အတွက် လုပ်ငန်းလိုင်စင်ပြန်လည်ရရှိရန် ဝန်ကြီးဌာနသို့ ယခုလ ၃ဝ ရက်နေ့ ရက်စွဲဖြင့် ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌစောမူတူးစေးဖိုးက ညှိနှိုင်း အကြောင်းကြားစာပေး ပို့ထားကြောင်း သိရသည်။
 အဆိုပါပေးပို့သည့်စာတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီး ရိုးဆံတော်ရှင်ရင်ပြင်၌ ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းရှင်တစ် ဦးဖြစ်သော ဦးသိန်းနိုင်(ခ)ဦးနေ ထက်သိန်းနိုင်၏ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင်(ဟ-ဝ၇၅၈)(၁၃၅) ခန်း လုပ်ငန်းလိုင်စင်ကို ပြန်လည် ရယူလိုကြောင်း ညှိနှိုင်းဆောင်ရွက် ပေးပါရန် တင်ပြကြောင်း၊ ရိုးရိုးလေးဟိုတယ်ကို လိုင်စင်ခွင့်ပြုပေးသော အဆောင်အမှတ်(၁)မှ (၅) အထိ အမြင့်ပေ ၃ဝ ကို ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးတို့ကို ဝန်ကြီးဌာနမှလည်း စိစစ်ခွင့်ပြုပေးခဲ့သည်ကို သိရှိရကြောင်း၊ သို့ရာတွင် ရိုးရိုးလေးဟိုတယ်လုပ်ငန်း ရှင်အနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြု ချက်မရဘဲတိုးချဲ့ဆောက်လုပ်ခြင်းကို ပယ်ဖျက်နိုင်ခြင်းကို လက်ခံနိုင်ကြောင်း၊ သို့ရာတွင် ယခင်ရရှိ ထားသော ခွင့်ပြုချက်လိုင်စင်ကိုပါ မနစ်နာစေလိုကြောင်းသနားခံတင်ပြလာကြောင်း ဖော်ပြထားသည်။
ထို့ပြင်ရိုးရိုးလေးကုမ္ပဏီသည် KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်း မီးစိုင်းတောင်ကုမ္ပဏီနှင့်လည်း အကျိုးတူလုပ်ငန်းများ လုပ်ဆောင်နေသော ကုမ္ပဏီဖြစ်သည့်အပေါ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သောလူမှုရေး၊ကျန်းမာရေးတွင်လည်း ပံ့ပိုးဆောင်ရွက်နေသော ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း၊ဟိုတယ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဥပဒေမဲ့ပြုလုပ်ခြင်း၊ စည်းကမ်းနှင့်မညီညွတ်သောလုပ်ရပ်များကို ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ကြောင်း သိရှိရသည့်အပြင် ဟိုတယ်နှင့်ပတ်သက်၍လည်း မွန်ပြည်နယ်တွင် အခွန်ထမ်းအများ ဆုံးဆုကို ပထမရရှိခဲ့သည်ကို သိရှိ ရကြောင်း၊ သို့ဖြစ်ပါ၍ ကုမ္ပဏီအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုး ရှေးရှု၍ အဆိုပါ လိုင်စင် ဖျက်သိမ်းခြင်းကို ပြန်လည် သုံးသပ်ကာ သက်ဆိုင်ရာဝန်ကြီး ဌာနမှလုပ်ဆောင်ခွင့်ကို ပြန်လည် ခွင့်ပြုရန် လေးစားစွာညှိနှိုင်းတင်ပြ အပ်ပါသည်ဟူ၍ ဥက္ကဋ္ဌ စောမူတူး စေးဖိုးက လက်မှတ်ရေးထိုးတင်ပြ ထားသည်။
အစိုးရသစ် လက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ရိုးရိုးလေးဟိုတယ် နှင့် Tourbox ကုမ္ပဏီတို့ကို လိုင်စင်ပိတ်သိမ်းပြီးနောက် ကုမ္ပဏီသုံးခုကို ခေတ္တယာယီလိုင်စင်ပိတ်သိမ်း ထားကြောင်း သိရသည်။
နေထက်ဝေ
The Union Daily
https://www.facebook.com/uniondaily.net
၂၁ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
( သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပတဲ့၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းကို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်) Photo: Myo Thant Khaing/ RFA
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA ဟာ ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။
အစိုးရသစ်လက်ထက်မှာ NCA ကို လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာအောင် ကြိုးစားသွား မယ်လို့ အခုလို ပြောပါတယ်။
လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့အဖွဲ့တွေ ၀ိဝါဒကွဲပြားနေရင် ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ငြိမ်းချမ်းရေးဟာ ဒီကနေ့ ၂၁ ပင်လုံခန်းမထဲမှာ ရှိနေကြသူတွေအတွက်မဟုတ်ဘဲ ပြည်သူတွေ အားလုံးအတွက်ဖြစ်ကြောင်းလည်း ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်း က ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယုံကြည်ချက်၊ ခံယူချက် နဲ့ သဘောထားအမြင်တွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူလိုစိတ် အပေါ် အရင်းခံပြီး လုပ်ဆောင်နေတာဖြစ်ကြောင်းပြောပါတယ်။ စစ်ရဲ့အနိဌာရုံတွေကြောင့် ပေးဆပ်ရသူတွေဟာ တပ်မတော်သားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင် တိုင်းရင်းသားတွေ ဖြစ်ကြောင်း ဒါကြောင့် မိမိတို့လက်ထက်မှာ အဆုံးသတ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုတိယဥက္ကဌ ဦးအင်ဘန်လက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်လာတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရကို ဂုဏ်ပြုလိုတာကြောင့်ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ၂၁ ပင်လုံညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံရဲ့အဆက်ဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။
တိုင်းရင်းသားတွေ လက်နက်စွဲကိုင်တိုက်ပွဲဝင်နေကြတာဟာ အဲဒီအချိန်က ပင်လုံကတိ၊ စာချုပ်ကို လက်တွေ့အကောင်အထည်မဖော်ခဲ့တာကြောင့် ဖြစ်ကြောင်းပြောပါတယ်။ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ လွှတ်တော်ဥက္ကဌ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ကေအင်ယူဥက္ကဌ မူတူဆေးဖိုး၊ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ အန်အယ်လ်ဒီ နာယကကြီး သူရဦးတင်ဦးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က စကားပြောကြားခဲ့ပါတယ်။
ဒီညီလာခံကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ နဲ့ လေ့လာသူ ကိုယ်စားလှယ် စုစုပေါင်း ၁၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မန္တလေးမြို့ မှာ အလုံပိတ်ဆိုင် ၃ ဆိုင်အား ဖမ်းဆီး
ပြည်တွင်းသက်တော်စောင့် ၀င်းအောင် (ခ) ပတ္တလားအား ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် ဖမ်းဆီး
ပြည်တွင်း သက်တော်စောင့် တည်ထောင်သူ ဦးဝင်းအောင် (ခ) ပတ္တလား အား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ၂၀၁၆ သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် (၂)နာရီ အချိန်ခန့်တွင် မြိတ်မြို့ ငွေပုလဲ စက်မှုဇုန် အနီးရှိ လေယာဉ်မယ် ဘန်ကလို အအေးခန်း ဧည့်ရိပ်သာတွင် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးသည့် အကြောင်းရင်းမှာ ဦးဝင်းအောင် (ခ) ပတ္တလား (ဘ) ဦးလှမြင့် ၊ အသက် (၅၆)နှစ် သည် ၂၀၁၃ ခုနှစ် မတ်လ အတွင်း တနင်္သာရီ မြို့နယ် မောတောင်မြို့တွင် ပြောင်းရွေ့ နေထိုင်စဉ် အုပ်ချုပ်ရေး အဖွဲ့ အစည်းများက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို ဂရုမစိုက်ဘဲ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသော ပြစ်မှုများကို ကျူးလွန်ရန် အခြားသူများအား မြှောက်ပင့်ခြင်း၊ ၄င်းကိုယ်တိုင် လည်း ကျူးလွန်ရန် အားထုတ် ကျူးလွန်ခြင်း၊ ၄င်းအား ပြည်သူများက အမြဲတစေ ကြောက်ရွံ့နေရခြင်း၊ ၄င်းသည် ပြင်ပတွင် လွတ်လပ်စွာ နေထိုင်ပါက ရပ်ရွာနေ ပြည်သူ များအား အန္တရာယ်ပြုနိုင်ခြင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးမှု ထိခိုက် စေနိုင်ခြင်း တို့ကြောင့် ၂၆-၂-၂၀၁၄ ရက်နေ့တွင် ပြုလုပ်သော တနင်္သာရီမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးဝင်းအောင် (ခ) ပတ္တလား အား ခြေချုပ်နှင့် ခံဝန် ဥပဒေ ပုဒ်မ ၅ (၁) (စ) (ဆ) အရ အမှုဖွင့် အရေးယူ ထားသဖြင့် ဖမ်းဆီးခဲ့ရကြောင်း ရဲမှတ်တမ်း အရ သိရှိရသည် ။
ပြည်တွင်းသက်တော်စောင့် တည်ထောင်သူ ဦးဝင်းအောင် (ခ) ပတ္တလားသည် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ယန်းဟီးလီအား ဆဲဆိုသည့် အမှုဖြင့် ဆရာတော် ဦးဝီရသူအား အမှုဖွင့် တရားစွဲဆိုရန် အားထုတ်ခဲ့ဖူးသူ တစ်ဦး ဖြစ်ကြောင်းလဲ သိရသည် ။
မြိတ်ပုလဲမြေ
https://www.facebook.com/myeiknews
၂၁ ရာစု ပင်လုံညီလာခံမှ ငြိမ်းချမ်းရေးလမ်းကို စတင် လျှောက်လှမ်းလိုက်ပြီဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
    ယနေ့ စတင်ကျင်းပသော ၂၁ ရာစု ပင်လုံ ညီလာခံမှ ငြိမ်းချမ်းရေးလမ်းကို စတင် လျှောက်လှမ်းလိုက်ပြီ ဖြစ်ကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။
ငြိမ်းချမ်းရေးကို ဘုံရည်မှန်းချက်ထားပြီး ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့်၂၁ ရာစု ပင်လုံညီလာခံကို ယနေ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပြင် ကမ္ဘာကပါ ငြိမ်းချမ်းရေး အတွက် စောင့်ကြည့်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံရေးဆွေးနွေးပွဲများ တက်လှမ်းရာတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ကို အခြေခံသောကြောင့် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များကိုလည်း အစိုးရသစ်အနေဖြင့် NCA လက်မှတ်ထိုးလာအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ NCA လက်မှတ်ထိုးထားသော အဖွဲ့များနှင့် မထိုးရသေးသော အဖွဲ့များကြား သဘောထားမကွဲရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) သည် ငြိမ်းချမ်းရေးအတွက် သာမက ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးအတွက် အခြေခံထားကြောင်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ခဲ့သော ယခင် သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ပြုကြောင်း၊ ယခင်အစိုးရ ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေး လမ်းစဉ်ကို အကောင်အထည်ဖော် ဆက်လက် လုပ်ကိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
“ခေတ်အဆက်ဆက်မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့တာတွေကို သင်ခန်းစာယူပြီး ကျွန်မတို့ခေတ်မှာ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ အားလုံး ပါဝင်မှုမရှိဘဲ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ညီလာခံ ခန်းမထဲမှာသာ မွေးဖွား ပေါ်ပေါက်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူအားလုံးရဲ့ အားပေးထောက်ခံမှု တက်ကြွ လှုပ်ရှားမှုတွေ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုသည် ယနေ့အခမ်းအနားတွင် ရှိနေသော သူများအတွက်သာ မဟုတ်ဘဲ အနာဂတ် မျိုးဆက်လူငယ်များ၏ စိတ်ထဲမှာ မငြိမ်းချမ်းသော ဒဏ်ရာများ မရစေရန် ဖြစ်ကြောင်း ၎င်းကပြောသည်။
(Xinhua)
http://www.xinhuamyanmar.com
လွိုင်ကော် သီရိမင်္ဂလာဈေး(တောင်ဈေး) ဆိုင်ခန်း ၁၇ ခန်း မီးလှောင်ကျွမ်းမှု ကျပ်သိန်း ၂၂၈ ကျော် ပျက်စီးဆုံးရှုံး
ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်တွင် လျှပ်စစ်ဝိုင်ယာရှော့မှတစ်ဆင့် မီးလှောင်ကျွမ်းမှု ပျက်စီးမှုတန်ဖိုး ပစ္စည်းနှင့် ဆိုင်ခန်းအပါအဝင် ကျပ်သိန်း ၂၂၈ ကျော်ရှိသည်ဟု ဈေးဥက္ကဌက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။
“ကနဦးတင်ထားတာက သိန်း ၂၀၀၀ ကျော်တယ်။ ဆိုင်ခန်းတန်ဖိုးကို မီးသတ်က တွက်လိုက်တာ ဆိုင်ခန်းတစ်ခန်းကို ၅၀၀၀၀ ငါးသောင်းနှုန်းနဲ့ မီးလှောင်ပြီးတော့ ကျန်ရှိပစ္စည်းတွေနဲ့ တွက်ချက်ပြီး အစိုးရ၊ ဈေးကော်မတီနဲ့ အားလုံးညှိပြီး တွက်လိုက်တာ သိန် ၂၂၈ ကျော် ပျက်စီးတယ်ပေါ့။” ဈေးဥက္ကဌ ဦးတင်အောင်မိုးက ပြောသည်။
မီးလှောင်ကျွမ်းမှုကို မီးသတ်ကား ၁၅ စီးနှင့် အင်အား ၇၀ ကျော်ဖြင့် နံနက် ၃ နာရီမှစတင် ငြိမ်းသတ်ခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမီးသတ်တပ်ဖွဲ့များမှပါ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ခြင်းဖြစ်သည်။
“နေ့ကမီးပျက်တယ်။ ညပိုင်းမီးပြန်လာတဲ့ အချိန်မှာလှောင်တာ ပတ်ဝန်းကျင်က ညှော်နံ့ရတယ်ပြောတယ်။ ဝိုင်ယာရှော့လို့ အစိုးရကသုံးသပ်တယ်။ အကိုတို့ အခုလက်ရှိတွေ့ရတာကလည်း စစ်တာက အဲ့ဒါပဲ။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မီးလှောင်ကျွမ်းခဲ့သည့်ဆိုင်ခန်းများအများစုတွင် ဆန်ဆိုင်၊ ငါးခြောက်ဆိုင်၊ ဆေးပစ္စည်းဆိုင်၊ စက်ဘီးနှင့် ကလေးသုံးပစ္စည်းဆိုင်နှင့် ကားဂိတ်ဆိုင်ခန်းတို့ ဖြစ်ကြောင်းသိရသည်။
သတင်း - ဓါတ်ပုံ - စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ လိုင်းပေါင်းစုံ စုပေါင်းကားဂိတ် မီးလောင်မှုဖြစ်ပွား
လွိုင်ကော် သြဂုတ် ၃၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မီးသတ်စခန်းမှ လောဓမ္မရပ်ကွက်၊ လိုင်းပေါင်းစုံ စုပေါင်းကားဂိတ်ရှိ အခန်း (၁၉) ရွှေကန္ဒအောင်ကားဂိတ်(လွိုင်ကော်-မော်ချီး)တွင် မီးလောင်နေကြောင်း (ဝ၂း၄၇)နာရီအချိန် တယ်လီဖုန်းသတင်း အရ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၆ဝ)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅ဝ)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၂)စီး၊ သစ်ထုတ်လုပ်ရေးမှ ရေသယ်ယာဉ်(၁)စီး၊ ဆည်မြောင်း မှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာရာ မီးလောင်ရာနေရာသို့ (ဝ၂း၅ဝ)နာရီအချိန်ခန့်ရောက်ရှိ၍ (ဝ၃း၃ဝ)နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (ဝ၃း၎ဝ)နာရီအချိန် မီးငြိမ်းသတ်နိုင် ခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ဆိုင်ရှင် ဦးစောချယ်ရီဘတ်၏ ဆိုင်ခန်းမျက်နှာကျက်တွင် တပ်ဆင်ထားသော ဝါယာကြိုးမှ အပူလွန်ကဲ၍ မျက်နှာကျက်သို့ ကူးစက်လောင်ကျွမ်းပြီး (၉×၁ဝ)ပေ သွပ်မိုး၊ အုတ်ကာ ဆိုင်ခန်း (၁၇)ခန်း မီးလောင်ခံရပြီး ဆေးနှင့်ဆေးပစ္စည်း၊ ဟမ်းဆက်နှင့်ဆက်စပ်ပစ္စည်းများ၊ ကွမ်းယာပစ္စည်း၊ စက်ဘီးနှင့်အပိုပစ္စည်း၊ အလှကုန်ပစ္စည်း၊ ကားပစ္စည်းမျိုးစုံ၊ ဆန်အိတ်များ မီးလောင်ခဲ့ကြောင်း၊ ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ရှင် ဦးစောချယ်ရီဘတ်အား လွိုင်ကော်မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
လွိုင်ကော်ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
(၂၁)ရာစု ပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု (ရုပ်/သံ)
သြဂုတ်လ(၃၁)ရက်နေ့၊ နေပြည်တော် MICC-2 တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ပါပြီ။
သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်များအား စက်တင်ဘာ ၁ ရက်မှစ၍ အရေးယူဆောင်ရွက်တော့မည်
နေပြည်တော် သြဂုတ် ၃ဝ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်သည့် ယာဉ်များကို တည်ဆဲ မော်တော်ယာဉ်ဥပဒေ၊ အမြန်လမ်း ဥပဒေများဖြင့် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ပညာပေးကာလက ကုန်သွားပါပြီ၊ အခု စက်တင်ဘာ ၁ ရက် ကစပြီး အမြန်နှုန်းပိုမောင်းတဲ့ ယာဉ် တွေကို ဖမ်းဆီးအရေးယူတော့မှာပါ။ ပညာပေးကာလမှာ ဝန်ခံကတိထိုးတာက လွဲပြီး ကျန်တာ ဘာမှ အရေးမယူပါဘူး၊ ခုတော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူတော့မှာပါ'' ဟု အမြန်လမ်း ရဲတပ်ဖွဲ့ ရဲမှူးက ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ဖြတ်သန်းမောင်းနှင်လျက်ရှိ သည့် မော်တော်ယာဉ်များ ယာဉ်မတော် တဆမှုကင်းရှင်းစေရေးအတွက် အမြန် လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတ်မှတ်ထားသော ၁ နာရီ ကီလိုမီတာ ၁ဝဝ၊ မိုင် ၆ဝ နှုန်း ထက် ပိုမိုမောင်းနှင်သည့်ယာဉ်များအား အမြန်လမ်းမကြီးရဲတပ်ဖွဲ့က အရှိန်နှုန်း တိုင်းကိရိယာများဖြင့် အသုံးပြုတိုင်းတာ စစ်ဆေးအရေးယူဆောင်ရွက်ခြင်း၊ ပညာ ပေးခံဝန်ကတိထိုးခြင်းများ ဆောင်ရွက် လျက်ရှိရာ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၂၉ ရက်အထိEXPRESS ယာဉ် ၁ဝ စီး၊ သတ်မှတ်ကုန်စည်တင် ယာဉ် ၁၈ စီးနှင့် ကိုယ်ပိုင်ယာဉ်ငယ် ၁၂၈၅ စီးတို့အား ပညာပေးစစ်ဆေး ဆောင်ရွက်နိုင်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင်၍ ဥပဒေအရ ဖမ်းဆီးအရေးယူတော့ မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။
သန်းဦး(လေးမျက်နှာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
၂၁ ရာစု ပင်လုံ ညီလာခံ ဒီကနေ့ စပြီ
ငြိမ်းချမ်းရေး ညီလာခံ မှာ အဖွဲ့ တွေ တတ် နိုင် သလောက် များများ တက်နိုင်အောင် လုပ် ဆောင် ပေး ထားတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော။
မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ရည်ရွယ် ကျင်းပ တဲ့ ၂၁ ရာစု ပင်လုံ ညီလာ ခံ နေပြည်တော်မှာ ဩဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့ စတင် တော့မှာ ဖြစ်ပါတယ်။
မြန်မာ အစိုးရကို လက်တွေ့ အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် က သူ ကမကထ လုပ် ကျင်းပ တာ ဖြစ်တဲ့ ငြိမ်းချမ်းရေး ညီလာခံ မှာ အဖွဲ့ တွေ တတ် နိုင် သလောက် များများ တက်နိုင်အောင် လုပ် ဆောင် ပေး ထားတယ် လို့ ဆိုပါတယ်။
ဒါပေမယ့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ လို့ ခေါ်တဲ့ ရခိုင် လက်နက်ကိုင် AA၊ ကိုးကန့်တပ် MNDAA နဲ့ တအာင်း TNLA အဖွဲ့ တွေ တော့ အခု ညီလာ ခံကို တက်ရောက် မှာ မဟုတ်တဲ့ အတွက် အားလုံး ပါဝင် ရေး ရည်မှန်း ချက် မပြည့် မီနိုင် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အခု ညီလာခံ ကနေ တဆင့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ အထိ ဆက်သွားမှာ ဖြစ်တဲ့ အတွက် ဒီ အဖွဲ့ ၃ ဖွဲ့ ကိစ္စ ဆက်လက် ပြောဆို နိုင်ဦး ဖို့ အခွင့် အရေး တွေ ရှိနေ သေးတယ် လို့ တိုင်းရင်းသား လက်နက်ကိုင် တပ် တချို့ က ဆိုပါတယ်။
ဒီ ကနေ့ ညီလာ ခံ အဖွင့်မှာ တက်ရောက် စကား ပြောမယ့် ကုလ သမဂွ အတွင်းရေးမှုး ချုပ် ဘန်ကီမွန်း က လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင် ကြသူတိုင်း စိတ်ရှည် ကြဖို့ တိုက်တွန်း နေပါတယ်။
အခုလို ၂၁ ရာစု ပင်လုံ ညီလာခံ ကို မစ္စတာ ဘဲန် တက်ရောက် တာ ကို ကြည့်ရင် မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် နိုင်ငံတကာ က အခိုင်အမာ ထောက်ခံ အားပေးတာ ကို ပြသ တာပဲ လို့ သုံးသပ် မှု တွေ ရှိပါတယ်။
မြန်မာ နိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေး တို့ အတွက် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပ လာနိုင်တာ ဟာ အရေးကြီးတဲ့ မှတ်တိုင် တစ်ရပ် ပဲ လို့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ က ပြောပါတယ်။
အခု ညီလာခံ မှာ ပါဝင် ကြမယ့် တနိုင်ငံ လုံး အပစ်ရပ် သဘောတူ စာချုပ် ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့တွေ ရော၊ မထိုး သေးတဲ့ အဖွဲ့တွေ ပါ ငြိမ်းချမ်းတဲ့ အနာဂတ် ကို မျှော်ရည် ပြီး အပြု သဘော၊ တိုးတက်မှုကို ရှေ့ရှုတဲ့ စိတ်ဓာတ် တွေ နဲ့ အတူတကွ လက်တွဲ ဆောင် ရွက် ကြပါ ဆိုပြီး တော့လည်း အီးယူ အဖွဲ့က တိုက်တွန်း ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ ပါဝင်နိုင်ဖို့ CSO တွေတောင်းဆို
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကဏ္ဍစုံမှာ ပါဝင်ခွင့်ပေးဖို့ လူထုအခြေပြု အဖွဲ့အစည်းတွေက ၂၁ ရာစု ပင်လုံညီလာခံ စတင်ကျင်းပတဲ့ ဒီကနေ့မှာပဲ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
အစိုးရတပ်တွေရော တိုင်းရင်းသား လက်နက်ကိုင်တပ်တွေပါ နှစ်ဘက်စလုံးက တရားဝင် အပစ်ခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ တောင်းဆိုလိုက်သလို၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်မှာ အဟန့်အတား ဖြစ်စေတဲ့ ဥပဒေပုဒ်မတချို့ကိုလည်း ရုပ်သိမ်းပေးဖို့ တိုက်တွန်းထားပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
သြဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံကို လူထုအခြေပြုအဖွဲ့အစည်း ၁၃၀ ကျော် စုပေါင်းတင်ပြတဲ့ ကြေညာချက်ထဲမှာ၊ ငြိမ်းချမ်းရေးညီလာခံရဲ့ ဦးတည်ချက်တွေကို အပြန်အလှန် လေးစားတဲ့အနေနဲ့ အစိုးရတပ်ရော၊ တိုင်းရင်းသားတပ်တွေပါ တရားဝင် အပစ်ခတ်ရပ်စဲကြောင်း နှစ်ဘက်စလုံးက ကြေညာပေးဖို့ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ဆောင်ရွက်နိုင်မယ့် အခြေအနေကို တင်ပြ တောင်းဆိုနေတာ ဖြစ်တယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ယာယီကော်မတီအဖွဲ့ဝင် ကိုသွင်လင်းအောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“ပထမတုန်းက သူတို့ကဏ္ဍ ၅ ခုလုံးကို ကျနော်တို့ကို ဆွေးနွေးခွင့်ပေးတယ်။ ဒါပေမဲ့ အခု အသစ်မှာကျတော့ နိုင်ငံရေးနဲ့ လုံခြုံရေး ၂ ခုမှာ အရပ်ဘက်အဖွဲ့အစည်းတွေက ဆွေးနွေးခွင့်မရှိတော့ဘူး ဆိုပြီးတော့ အဲ့လိုမျိုးပြောတော့ အဲဒီမှာ ကျနော်တို့က ပြည်သူလူထုနဲ့ ထိစပ်မှုရှိတဲ့ ကဏ္ဍအားလုံးမှာ ဆွေးနွေးခွင့်ရချင်တယ်ဆိုပြီးတော့ ကျနော်တို့က တင်ပြတာ။ တိုင်းနဲ့ပြည်နယ်တွေမှာ ပြည်သူလူထုတွေ ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ အကြံပြုချက်တွေ အသံတွေပေါ့နော် စုပြီးတော့ အဲဒါတွေကို မူဝါဒဆိုင်ရာ အကြံပြုချက်တွေအဖြစ်နဲ့ ကျနော်တို့က ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနေတဲ့အခါမှာ အဲဒီထဲမှာ ဆုံးဖြတ်ချက်ချမယ့်သူတွေဆီရောက်အောင်၊ သူတို့ထည့်သွင်းစဉ်းစားသွားအောင်လို့ အဲဒါကို ကျနော်တို့က အဓိကပြောချင်တာပါ။”
လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လွတ်လပ်ထိရောက်စွာ ပါဝင်ကူညီသွားနိုင်ဖို့ အဓိက အဟန့်အတား ဖြစ်နေတဲ့ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ ကို ပယ်ဖျက်ပေးဖို့ကိုလည်း တောင်းဆိုထားတယ်လို့ ကိုသွင်လင်းအောင်က ပြောပါတယ်။
“ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတခုလုံးထဲမှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေက ၀င်ပါမယ်ဆိုရင် အဲဒီ ၁၇/၁ က အဟန့်အတားဖြစ်စေနိုင်တယ်ဆိုတာ ဥပမာ - ကျနော်တို့က ဆွေးနွေးဘက်တွေနဲ့ စကားပြောရတာတွေ၊ ညှိနှိုင်းရတာတွေ၊ ပြောချင်တဲ့အချက်တွေကို သွားပြီးတော့မှ စည်းရုံးလှုံ့ဆော်တာတွေ လုပ်ပေးရတာမျိုးတွေ ရှိတယ်။ အဲ့လိုရှိတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲမှာ ပါနေတဲ့ ၁၇/၁ မဖျက်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကျနော်တို့က စည်းရုံးမှုတွေ သွားလုပ်တဲ့အခါမျိုးမှာ အစိုးရက နေပြီးတော့မှ တရားမ၀င်အသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ကျနော်တို့ကို ဒီ ၁၇/၁ နဲ့ တစုံတရာ အရေးယူတာမျိုးတွေ ရှိလာနိုင်တယ်။ အဲဒါမျိုးက တကယ်ဆိုလို့ရှိရင် မရှိသင့်ဘူးဆိုတာကို ကျနော်တို့က ထောက်ပြချင်တဲ့အတွက် အဲဒီ ၁၇/၁ တွေအားလုံးကို ပယ်ဖျက်လိုက် ပါတော့ဆိုပြီးတော့ အဲဒီအချက်ကို ကျနော်တို့က ထည့်ထားတာပါ”
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့နယ်မြေက တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုဘဝလုံခြုံရေး ဖော်ဆောင်ရာမှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကြား ညှိနှိုင်းအဖြေရှာဖို့ကိုလည်း လူထုအခြေပြုအဖွဲ့စည်းတွေက သူတို့ရဲ့ကြေညာချက်မှာ တိုက်တွန်း ထားပါတယ်။ တကယ်တော့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေရမှသာ တိုင်းရင်းသားဒေသခံတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ကချင်လူမှုကွန်ယက်အဖွဲ့ တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။
“စစ်တိုက်ပြီဆိုလို့ရှိရင် ကျမတို့ပြည်သူတွေက ထိပ်ဆုံးက ခံစားရပါတယ်။ အဲဒီတော့ ကျမတို့ ကချင်လူမျိုးတမျိုးထဲမှာတောင်မှ လူဦးရေပေါင်း ၁ သိန်း ၅ သောင်းကျော်က ဒုက္ခသည်စခန်းတွေမှာ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ဒီလူတွေရဲ့ အနာဂတ်ဆိုတာက နောင် သူတို့အတွက် အနာဂတ်မရှိသလောက် ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ဒုက္ခသည်တွေကိစ္စကို အကုန်လုံး ဖြေရှင်းနိုင်ဖို့ဆိုတာ ဒီငြိမ်းချမ်းရေး ညီလာခံဟာ အင်မတန် အရေးကြီးပါတယ်။ နောက်တခုကတော့ ကျမတို့ရဲ့အနာဂတ်လူငယ်တွေ ဖြစ်ပါတယ်။ လောလောဆယ် ကချင်လူမျိုးရဲ့ ကလေးငယ် ၁၀% ဟာ ဒုက္ခသည်ဖြစ်နေပါတယ်။ ဒါဟာ လူမျိုးတမျိုးရဲ့ အနာဂတ်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီအခြေနေကို အမြန်ဆုံး ပြင်ဆင်မှပဲ ကျမတို့ မျိုးဆက်တခုကို ကောင်းမွန်တဲ့ အနေအထားကို ပို့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီညီလာခံကို ကျမတို့ အင်မတန် အားကိုးပါတယ်ရှင်”
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ တပ်မတော်က ဘယ်လောက်ထိ သဘောထားကြီးပြီး လုပ်ဆောင်ပေးမလဲဆိုတဲ့ပေါ် မူတည်နေတယ်လို့ ကိုသွင်လင်းအောင်က သုံးသပ်ပါတယ်။ ပထဦးဆုံးအကြိမ် စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ လေ့လာခွင့်ရှိသူတွေ အဖြစ်နဲ့သာ တက်ရောက်ခွင့်ရပြီး၊ ပါဝင်ဆွေးနွေးခွင့် မရတာကြောင့် နောင်ထပ်ပြီး ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးခွင့်ရဖို့ သူတို့အနေနဲ့ မျှော်လင့်နေကြပါတယ်။
 ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
IS ဒုခေါင်းဆောင် သေဆုံး
Abu Mohamed al Adnani
IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်၊ အဖွဲ့ရဲ့ ၀ါဒဖြန့်ချိရေး အကြီးအကဲလည်း ဖြစ်တဲ့အပြင် ဥရောပတိုက်အတွင်းမှာ IS အဖွဲ့အတွက် တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ရေး လူသစ် စုဆောင်းသူလည်း ဖြစ်သူဟာ ဆီးရီးယားနိုင်ငံ Aleppo ခရိုင်အတွင်းမှာ သေဆုံးသွားပြီလို့ ဆီးရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Aleppo မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို တွန်းလှန်နိုင်ဖို့ ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကို စစ်ဆေးနေရင်း အဲဒီ Abu Muhammad al-Adnani ဆိုသူ အင်္ဂါနေ့က သေဆုံးသွားခြင်းဖြစ်ကြောင်း IS အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
IS အဖွဲ့ရဲ့ ခေါင်းဆောင်ကို ပစ်မှတ်ထားပြီး ဆီးရီးယားနိုင်ငံအတွင်းက al Bab ဒေသမှာ အင်္ဂါနေ့ အစောပိုင်းက ညွန့်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန အဆင့်မြင့် အရာရှိက ပြောပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုဟာ Adnani ကို ပစ်မှတ်ထားခဲ့သလား၊ ဒါမှမဟုတ် အဲဒီ တိုက်ခိုက်မှုကြောင့် Adnani သေဆုံးသွားသလားဆိုတာကိုတော့ အဲဒီအရာရှိက ပြောကြားခဲ့ခြင်း မရှိပါဘူး။ တိုက်ခိုက်မှုရဲ့ ရလဒ်ကို အမေရိကန် အရာရှိတွေအနေနဲ့ စမ်းစစ်နေတုန်းပဲလို့ သူက ပြောပါတယ်။
Adnani ကို ဖမ်းမိအောင် သတင်းပေးနိုင်ရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း ချီးမြှင့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက မနှစ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ တန်ဖိုးကြီးတဲ့ IS အဖွဲ့ဝင်တွေကို Aleppo ခရိုင်အတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုက်လံ စုံစမ်းနေခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ Adnani ပါ မပါ ဆိုတာကို အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
IS ပြောခွင့်ရ အယ်လ်-အက်ဒ်နာနီ သေဆုံး
အနောက် နိုင်ငံတွေမှာ တစ်ကိုယ်တော် တိုက်ခိုက်မှု တွေ လုပ်ဆောင်ကြဖို့ ဆော်ဩ ခဲ့သူတစ်ဦး အဖြစ် အယ်လ်-အက်ဒ်နာနီ ကို အသိများ။
အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့က သူတို့ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦး လည်းဖြစ်၊ အဖွဲ့ရဲ့ ပြောခွင့် ရသူလည်း ဖြစ်တဲ့ အဘူ မိုဟာမက်ဒ် အယ်လ်-အက်ဒ်နာနီ သေဆုံး သွားပြီလို့ ထုတ်ပြော ပါတယ်။
ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့ မှာ IS ဘက်က စစ်ရေး တုံ့ပြန်ချက် တွေ လုပ်ဆောင်ဖို့ ကြိုးစားရင်း သေဆုံး ခဲ့ရတာ ဖြစ်တယ် ဆိုပြီး IS နဲ့ ဆက်စပ်နေတဲ့ အေမာ့ခ် အမည်ရှိတဲ့ အင်တာနက် ဝက်ဘ်ဆိုက် မှာ ဖော်ပြ ထားပါတယ်။
ဒါပေမယ့် အယ်လ်-အက်ဒ်နာနီ ဘယ် တုန်းက ဘယ်သူ့ လက်ချက်နဲ့ သေဆုံး သွားတာလဲ ဆိုတဲ့ အသေးစိတ် အချက်အလက် တွေ ကိုတော့ ပြောမထားပါဘူး။
အနောက် နိုင်ငံတွေမှာ တစ်ကိုယ်တော် တိုက်ခိုက်မှု တွေ လုပ်ဆောင်ကြဖို့ ဆော်ဩ ခဲ့သူတစ်ဦး အဖြစ် အယ်လ်-အက်ဒ်နာနီ ကို အသိများပါတယ်။
သူ့ကို နိုင်ငံတကာ အကြမ်းဖက် သမား အဖြစ် အမေရိကန် အစိုးရက စာရင်း သွင်းထားပြီး သူ ရှိတဲ့ နေရာကို သတင်း ပေးနိုင်ရင် ဒေါ်လာ ၅ သန်း အထိ ပေးမယ် လို့ ဆုကြေး ထုတ်ခံ ထားရသူ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဓာတုလက်နက် သုံးတဲ့ ဆီးရီးယား အစိုးရကို အရေးယူဖို့ တောင်းဆိုနေ
ဆီးရီးယား အစိုးရ ဟာ ဓာတု လက်နက်တွေ ကို အနည်းဆုံး နှစ်ကြိမ် အသုံး ပြု ခဲ့တယ် ဆိုပြီး ကုလ သမဂ္ဂ က ဦးဆောင် တဲ့ တစ်နှစ်ကြာ လေ့လာ ထား ချက် တွေကနေ အစီရင် ခံစာ တစ်စောင် ထုတ်ပြန် ခဲ့တဲ့ နောက် ဆီးရီးယား အစိုးရ အပေါ် ပိတ်ပင် ကန့်သတ်မှု တွေ ချမှတ် ဖို့ ကုလသမဂ္ဂ ကို ဗြိတိန် နဲ့ ပြင်သစ် နိုင်ငံတွေက တောင်းဆို လိုက်ပါတယ်။
ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ ဆွေးနွေး ခဲ့ကြ ပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကတော့ အခု ထွက်ပေါ် လာတဲ့ အစီရင်ခံစာပါ အချက်အလက် တွေ နဲ့ ပတ်သက်ပြီး ရုရှား အနေနဲ့ မရှင်း လင်းတာ တွေ ရှိ သေးတယ်လို့ ဆိုပါတယ်။
ဆီးရီးယား အစိုးရ ကတော့ ဓာတု လက်နက် အသုံး မပြုဘူး လို့ အစဉ်တစိုက် ပြောဆို လေ့ ရှိပါတယ်။
ဒီ အချိန် မှာပဲ၊ ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ တူရကီ နဲ့ ကာ့ဒ်မျိုးနွယ်စု တပ်ဖွဲ့ဝင် တွေ ကြား တိုက်ပွဲတွေ ရပ်တန့်ဖို့ သဘော တူနိုင်ခဲ့ပြီ လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
ဒါပေမယ့် ရရှိ လာတဲ့ သဘော တူညီမှုဟာ အကြမ်းဖျင်းသာ ဖြစ်ပြီး ပိုမို ခိုင်မာလာဖို့ မျှော်လင့် ထားတယ် လို့ လည်း ဆိုပါတယ်။
အမေရိကန် ရဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ တူရကီနဲ့ ကာ့ဒ် လက်နက်ကိုင်တွေကြား တိုက်ခိုက် နေခဲ့ ကြတာဟာ အမေရိကန် အစိုးရ ကို စိုးရိမ်မှု တွေ ဖြစ်စေ ခဲ့တဲ့ အတွက် IS ချေမှုန်းရေး အပေါ်သာ အာရုံစိုက် ကြဖို့ တိုက်တွန်း နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
Apple အခွန်ဆောင်ဖို့ ဥရောပဆုံးဖြတ်ချက် ကန်ဝေဖန်
Apple နည်းပညာကုမ္ပဏီက အိုင်ယာလန်နိုင်ငံကို ပေးဆောင်သင့်တဲ့ အခွန် ၁၄.၅ ဘီလီယံ ပြန်ပေးဆောင်ဖို့ ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း အမေရိကန်အစိုးရက တုံ့ပြန်လိုက်ပါတယ်။
ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အဆုံးသတ်မှာတော့ အမေရိကန်နိုင်ငံက အခွန်ပေးဆောင်သူတွေကို ထိခိုက်နစ်နာစေလိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ပြောပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ Apple ကုမ္ပဏီက အိုင်ယာလန်နိုင်ငံကို အခွန်ငွေ မဖြစ်မနေ ပေးဆောင်ရမယ်ဆိုရင် ကုမ္ပဏီက အမေရိကန်အစိုးရကို ပေးဆောင်ရမယ့် ၀င်ငွေခွန်ထဲက အဲဒီဘီလီယံနဲ့ချီတဲ့ ငွေတွေကို ပေးလိုက်ရမယ့် သဘောဖြစ်နေတယ်လို့ Josh Earnest က ပြောပါတယ်။
ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး နည်းပညာကုမ္ပဏီကြီးက အိုင်ယာလန်အစိုးရဆီကနေ မမျှတတဲ့ အခွန်ကင်းလွတ်ခွင့်တွေ ရနေပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံလုံးမှာ လုပ်ငန်းဝင်ငွေခွန် အားလုံးနီးပါး မပေးဆောင်ရအောင် ရှောင်နေတာ ၁၀ စုနှစ် တခုကျော်ပြီလို့ ဥရောပကော်မရှင်က ပြောဆိုပြီး အခွန်ငွေတွေ ပြန်လည်ပေးဆောင်ဖို့ ပြောကြားခဲ့တာပါ။
အမေရိကန်အခြေစိုက် Apple ကုမ္ပဏီအကြီးအကဲ Tim Cook ကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံပြန်ဝင်သွားမယ်လို့ ချက်ခြင်း တုံ့ပြန်ပြောကြားလိုက်ပြီး အိုင်ယာလန်ကလည်း အလားတူ ဆောင်ရွက်မယ့်အကြောင်း ပြောပါတယ်။
ဒါပေမဲ့ Apple ကုမ္ပဏီက ပေးဆောင်ရမယ့် အခွန်ပမာဏဟာ အိုင်ယာလန်တနိုင်ငံလုံးရဲ့ အမျိုးသားစီးပွားရေးပမာဏရဲ့ ၅% ရှိတာကြောင့် ပြန်ရမယ့် ငွေအတိုင်းအတာ များလွန်တာနဲ့၊ ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အိုင်ယာလန်နိုင်ငံဟာ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အခွန်ကောက်ခံမှုနှုန်းထား လျော့နည်းတယ်လို့ ရေရှည်တည်ရှိလာတဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မယ့်အရေး ၂ ခုကြားမှာ ကျဉ်းထဲကြပ်ထဲရောက်သလို ဖြစ်နေပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Apple ကုမ္ပဏီ အခွန်ဒေါ်လာ ၁၄ ဘီလီယံ ပေးချေရန် EU အမိန့်ထုတ်
နာမည်ကျော် နည်းပညာ လုပ်ငန်းကြီးတခုဖြစ်တဲ့ Apple ကုမ္ပဏီကြီးကို အိုင်ယာလန်နိုင်ငံက အကြီးအကျယ် အခွန်သက်သာခွင့် ပေးခဲ့တာဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း ဥရောပကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။
Apple ကုမ္ပဏီကို အိုင်ယာလန်နိုင်ငံက အခွန်သက်သာခွင့် ပေးထားတာဟာ ဥပဒေနဲ့ မညီကြောင်း အရင်ကတည်းက ဥရောပသမဂ္ဂ (EU) က ပြောဆိုထားတာ ဖြစ်ပေမဲ့ ဥရောပရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင် တာဝန်ရှိသူတွေရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်မှာတော့ အိုင်ယာလန်နိုင်ငံကို ပေးဆောင်ရမယ့် အခွန်ငွေဟောင်းတွေအဖြစ် Apple ကုမ္ပဏီက ဒေါ်လာ ၁၄.၅ ဘီလီယံ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဥရောပရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင်နာမင်းကြီး ကတော့ Apple ကုမ္ပဏီဟာ တခြားလုပ်ငန်းတွေ မရတဲ့ အခွန်သက်သာခွင့် အခွင့်အရေးတွေ အိုင်ယာလန်နိုင်ငံမှာ တရားမ၀င် ရရှိပြီး၊ အကျိုးအမြတ် ခံစားနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။
"ဥရောပကပဲဖြစ်ဖြစ်၊ နိုင်ငံခြားကပဲဖြစ်ဖြစ်၊ လုပ်ငန်းကြီးငယ်မရွေး ဘယ်လိုကုမ္ပဏီမျိုးကိုမှ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မတရားသဖြင့် အခွန်သက်သာအောင် ပေးပိုင်ခွင့်မရှိတဲ့အကြောင်း" ကော်မရှင်နာမင်းကြီး Margrethe Vestager က ပြောဆိုခဲ့တာပါ။
Apple ကုမ္ပဏီကတော့ နိုင်ငံတကာ ဈေးကွက်မှာ ရောင်းချရာက ရလာတဲ့ ၀င်ငွေတွေကို အိုင်ယာလန်မှာ တရားဝင် လွှဲပြောင်းလက်ခံပြီး အခွန်သက်သာအောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ Apple ကုမ္ပဏီ အနေနဲ့ အိုင်ယာလန်မှာ အခွန်သက်သာခွင့် ရနေတဲ့အတွက် EU တခုလုံးမှာ ရောင်းချပြီး ရလာတဲ့ အကျိုးအမြတ် အားလုံးနီးပါးအတွက် အခွန်ပေးစရာ မလိုတဲ့ အခွင့်အရေးမျိုး ခံစားနေရတယ်လို့လည်း ကော်မရှင်ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။
ဥရောပမှာ အခွန်နဲ့ ပတ်သက်လို့ အများဆုံး ဒဏ်ကြေးပေးဆောင်ရမယ့် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာတော့ ပြန်လည်အယူခံဝင်မှာ ဖြစ်တဲ့အကြောင်း အိုင်ယာလန် ဘဏ္ဍာရေး ၀န်ကြီး Michael Noonan က တုံ့ပြန် ပြောဆိုထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်မှူးနားမကြား သေဆုံး
ကရင်ပြည်နယ်အတွင်း တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော တိုးတက်သော ဗုဒ္ဓ္ဓဘာသာ ကရင် အမျိုးသားတပ်မတော်(DKBA- နားမကြားအဖွဲ့) မှ တပ်ခွဲမှူး တစ်ဦးဖြစ်သူ ဗိုလ်မှူး နားမကြားသည် သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း ယင်းအဖွဲ့က အတည်ပြု ပြောဆိုသည်။
အဆိုပါ အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ နှုတ်ထွက်ထားသည့် ခေါင်းဆောင်း ဟောင်းများ ဦးစီးပြီး အသစ်ဖွဲ့စည်း ထားခြင်း ဖြစ်ကာ ကရင်ပြည်နယ်အတွင်း တပ်မတော် နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ဗိုလ်မှူးနားမကြားသည် သြဂုတ်လ ၂၉ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဓားခုတ်ခံ ရမှုဖြင့် သေဆုံးခြင်းဖြစ်ပြီး ၎င်းသေဆုံးမှုသည် တိုက်ပွဲများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း DKBA ခွဲထွက် အဖွဲ့မှ ငြိမ်းချမ်းရေး အ ကျိုးတော်ဆောင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။
“တစ်ခြားအဖွဲ့ တစ်ဖွဲ့နဲ့ ပြဿနာတက်ထားတာရှိတယ်။ အဲဒီကနေပြီးတော့ ဆင်ဦးစီး တစ်ယောက်က ဓားနဲ့ ခုတ်လိုက်တာ၊ အဲဒါနဲ့ပဲ ဆုံးသွားတာပါ” ဟု ၎င်းကဆိုသည်။
သို့သော်လည်း အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို DKBA ခွဲထွက် အဖွဲ့မှ တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။
ထို့အပြင် သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်BGF ပူးပေါင်းအဖွဲ့ နှင့် DKBA ခွဲထွက် အဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ဓါတ်ပုံ ။  ။ Thein Kyaw (facebook)
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Advertisement
သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ
အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်
ကျန်းမာရေးနှင့် ဖျော်ဖြေရေး
တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ
သတင်းစာနှင့် ဂျာနယ်များ