သောက်သုံးရေ အခက်အခဲကြုံ တွေ့  နေရပြီ (ဓါတ်ပုံသတင်း)


ချင်းတွင်းမြစ်ရေကြီး မှုကြောင့် လက်ပံတောင်းဒေသ တုံကျေးရွာများထဲ မြစ်ရေ နှင့် ကြေးနီစီမံကိန်း မှ စွန့် ပစ်ညစ်ညမ်းရေများ ရောနှောစီးဝင်လာသည့်အတွက် ရေချိုတွင်းများ သုံးမရတော့ပါ။

လူနှင့်ခိုင်း နွားတိရိစ္ဆန်များ ရေဘေးလွတ်ရာကို စတင်ပြောင်းရွေ့  နေရပြီ။

၃၁.၇.၂၀၁၆
ယင်းမာပင်ခရိုင်
စစ်ကိုင်းတိုင်းဒေသကြီး

သတင်း - ဓါတ်ပုံ ။  ။ ‎အောင်ကိုဦး‬

ဦးပိန်တံတားနှင့် ရတနာပုံတက္ကသိုလ် ရေမြင့်တက်မှုကြောင့် ယာယီပိတ်မည်

ဦးပိန်တံတား ရေမြင့်တက်မှုကြောင့် ဖြတ်သန်းမှုယာယီပိတ်မည်


ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း မြစ်ရေတိုး၍ ရေဝင်ရောက်နေမှုကြောင့် မနက်ဖြန် (၁-၈-၂၀၁၆)ရက်နေ့ တနင်္လာနေ့နံနက်မှ စတင်ကာခေတ္တကျောင်းပိတ်မည်ဖြစ်ပါသည်။  ကျောင်းပြန်ဖွင့်မည့်ရက်အား ထပ်မံအသိပေးကြေညာ သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားပါသည်။


 (ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများကျောင်းဝင်း ရေဝင်ရောက်မှု လာရောက်ကြည့်ရှုစစ်ဆေး)

Mandalay City Development Committee
 

မိုင်ဂျာယန်ရလဒ်တွေကို အစိုးရ ကြိုဆို


တိုင်ရင်းသားလက်နက်ကိုင်တွေရဲ့ မိုင်ဂျာယန်ညီလာခံမှာ သုံးပွင့်ဆိုင်ဆွေးနွေးရေးမူကို သဘောတူကြတာက ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် အထောက်အကူဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် ၂၆ ရက်ကနေ ၃၀ ရက်အထိ ၅ ရက်ကြာ ကျင်းပခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ နိုင်ငံရေးဘုံသဘောထားတွေ စုစည်းနိုင်ခဲ့ကြောင်းနဲ့ မရရှိသေးတဲ့ ဘုံသဘောထားတွေ ထပ်ရဖို့အတွက်လည်း အပစ်ရပ် လက်မှတ်မထိုးထားသူတွေနဲ့ ထိုးထားသူတွေကြား ပူးတွဲနည်းလမ်းရှာသွားဖို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ သဘောတူခဲ့ကြပါတယ်။

တိုင်းရင်းသားတွေပြောတဲ့ သုံးပွင့်ဆိုင်မူကတော့ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က တစ်စု၊ တိုင်းရင်းသား လက်နက်ကိုင်တွေက တစ်စုနဲ့ နိုင်ငံရေးပါတီတွေက တစ်စု ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဒီမိုင်ဂျာယန်ညီလာခံအပြီးမှာ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်းနဲ့ ညီလာခံရလဒ်တွေကို တိုင်းရင်းသားတွေနဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဇော်ဌေးက ပြောပါတယ်။

တိုင်ရင်းသားတွေ ဆွေးနွေးခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စကိုတော့ အသေးစိတ် ဆွေးနွေးဖို့ လိုသေးသလို အဲဒီဖက်ဒရယ်ကိစ္စဟာ အားလုံးစုံညီ ဆွေးနွေးပြီးမှ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးမူဘောင်ရလဒ်အပေါ် မူတည်ကြောင်း သူက ပြောပါတယ်။

အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို သြဂုတ်လ နောက်ဆုံးပတ် မတိုင်ခင် ကျင်းပဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ချင်းတွင်းနဲ ဧရာဝတီ မြစ်အထက်ပိုင်း ရေတိုးဖို့ရှိ


ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတွေဟာ စိုးရိမ် ရေမှတ် အထက်ကို မြင့်တက်နေမှုကြောင့် ဒေသတချို့က နေထိုင်သူတွေဟာ ကယ်ဆယ်ရေးစခန်းတွေနဲ့ ရေဘေးလွတ်ရာ နေရာ တွေကို ရွှေ့ပြောင်း နေကြရပါတယ်။

ချင်းတွင်းနဲ ဧရာဝတီ မြစ်ဆုံအောက်ပိုင်းဒေသတွေဟာ ဒီနေ့မှာ ရေတွေ သိသိသာတိုး လာလို့ တချို့ နေအိမ်တွေဖျက်ပြီး စက်လှေတွေနဲ ပြောင်းပြေးနေကြရပါတယ်။

ချင်းတွင်းမြစ်ဘေး မြို့တွေမှာ ရေကြီးမှုတွေဟာ မနှစ်က စံချိန်ကို မမှီပေမဲ့ ချင်းတွင်းနဲ ဧရာဝတီ မြစ်ဆုံ အောက်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်း သိသိသာ တိုးလာတဲ့ မြစ်ရေတွေကြောင့် အခုအခါ လူတွေ ဒုက္ခရောက်နေကြပါပြီ။

ရေက ခြောက်ပေ ခုနှစ်ပေလောက် မြင့်တက်နေပြီး မြင့်တဲ့ အိမ်တွေပေါ် တက်ပြေး နေထိုင် နေကြရသလို နွားတွေဆိုရင် ရေနဲ့ လွတ်ရာ ပြေးကုန်တယ်လို့ ရေစကြို မြို့နယ် အောင်သာကျေးရွာ က ဒေါ်စန်းမြိုင် က ဒီနေ့ မြစ်ရေတက်နေတဲ့ အခြေနေ ကို ပြောပါတယ်။

ရေစကြို အောက်ဖက်မှာရှိတဲ့ ညောင်ဦး ဘက်မှာတော့ အခြေနေက စိုးရိမ်စရာ ဖြစ်ပြီး ညောင်ဦး တစ်ဖက်ကမ်း ဧရာဝတီ မြစ်ဘေးက အရှေ့ဆယ်လံရွာမှာ ဆိုရင် မြစ်ရေတိုးနေပြီးကမ်းပါးပြို နေတာကြောင့် ရွာလုံးကျွတ်နီးပါး ဖျက်ပြီး ပြောင်းနေရ တယ်လို့ ရွာခံတစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

မြင်းခြံမြို့နယ် လင်ကြီးရွာက ရေဘေးဒုက္ခသည် တွေကလည်း သူတို့ရွာမှာ ရေတက်တာ မနှစ်ကထက်များလို့ ကယ်ဆယ်ရေးလာဖို့ လိုတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ စခန်းတွေမှာ စားနပ်ရိက္ခာ အနေနဲ့ လူတယောက်ကို ဆန်ဖိုး သုံးရက်စာ တနေ့ နှစ်ဗူးနှုန်းနဲ့ ပေးနေပြီး ကယ်ဆယ်ရေး ပစ္စည်း လေးမျိုး အပြင် ရေသန့် ဆေးပြားတွေ ဝေသလို ရေသန့်တွေလည်း ပေးတယ်လို့ အစိုးရ ရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က ပြောပါတယ်။

ဒါ့အပြင် ခေါက်ဆွဲခြောက်နဲ့ ငါးသေတ္တာတွေလည်း ဝေပေးတယ်လို့ သူက ဆိုပါတယ်။

မန်းလေးတိုင်းတစ်ခုတည်းမှာတင် ရွှေ့ပြောင်းနေထိုင်ရသူ ဧည့်အိမ်ထောင်စု အရေတွက် ဟာ ၄၀ဝ၀ကျော်ရှိတယ် လို့လည်း အစိုးရ ဘက်ကပြောပါတယ်။

နောက်ရက်တွေဆိုရင် ချင်းတွင်းနဲ ဧရာဝတီ မြစ်အထက်ပိုင်းက ရေတွေဟာ ဒီထက်ပိုပြီး ဆင်းလာဖို့ရှိတာကြောင့် ဧရာဝတီ မြစ်ဘေး ကျေးရွာတွေက ဒေသခံတွေ အထူးစိုးရိမ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese/
 

ကလေးဝမြို့နယ်မှာ လူဦးရေ ၂ သောင်းနီးပါး ရေဘေးဒဏ်ခံနေရ

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းဒေသမှာ ဇူလိုင်လ ၃၁ ရက်နေ့က ရေနစ်မြုပ်နေသည် ကို တွေ့ရစဉ်။ Photo: အောင်ကိုဦး/ Facebook
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်မှာ အိမ်ထောင်စု ၄ ထောင်ကျော် လူဦးရေ ၂ သောင်းနီးပါး ရေဘေးဒဏ်ခံနေရတဲ့အတွက် ကုန်းမြင့်တဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြ ပါတယ်။

အစိုးရဌာနဆိုင်ရာတွေက ဒေသခံတွေ နေရာပြောင်းရွှေ့တာတွေ အကူအညီပေးနေတယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော် က ပြောပါတယ်။

"မြို့ထဲမှာလည်း အမှတ်(၁) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်ပေါ့နော် အဲ့ဒီခြံတွေ အနိမ့်ပိုင်းတွေကို ဝင်နေပြီပေါ့၊ ကျေးရွာက ၁၄ အုပ်စုလောက်ဝင်နေပြီ၊ ရွာဆိုရင်တော့ အများကြီးပေါ့၊ အိမ်ထောင်စုပေါင်း ဆိုရင် ၄ ထောင်ကျော်တယ်၊ သူ့ဟာနဲ့သူပဲ ရွှေ့တာပြောင်းတာတွေ လုပ်နေကြတာတွေလည်းရှိတယ်၊ ဌာနဆိုင်ရာတွေအနေနဲ့ဆိုရင်တော့ တာဝန်ခွဲဝေပြီးမှ သွားရောက်ထမ်းဆောင်နေတာတွေရှိတယ်"

ချင်းတွင်းမြစ်နဲ့ မြစ်သာမြစ်ဟာ ကလေးဝမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတာ ၂ ပတ် ကျော်ကြာနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က လူနေအိမ်တွေ စတင်ရေမြုပ်ခဲ့တာဖြစ်ပါတယ်။

အလားတူ ကနီမြို့မှာလည်း ချင်းတွင်းမြစ်ရေမြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စု ၂၀ လောက် ရေနစ်မြုပ်နေပြီး မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းတစ်ခု မနေ့က ဖွင့်လှစ်လိုက်ပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်က ကျေးရွာတချို့မှာ လူနေအိမ်တွေ ရေ ၀င်ရောက်နေပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဇူလိုင်လ(၃၁)ရက်နေ့ကနေ သြဂုတ်လ(၆)ရက်နေ့အထိ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌ၀တီ၊ င၀န် မြစ်ရေတွေ မြင့်တက်ပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နိုင်ကြောင်း မြစ်ရေမြင့်တက်မှုတွေ ရှိနေနိုင်သေးတာကြောင့် သတိထားကြဖို့ အသိပေးထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

စွန့်ပယ်ခံ မြန်မာကလေး ၆၉ ဦးကို ကူညီဖို့ ထိုင်း အဖွဲ့အစည်း တိုက်တွန်း

ထိုင်းနိုင်ငံရှေ့ နေများကောင်စီ မှ အဖွဲ့ ဝင် Surapong Kongchantuk စူရဖုန်း က (SAW) ကခလေးတွေ ဂေဟာ ကို လာရောက်လယ်ပါတ်တာပါ။ ဓါတ်ပုံ - Social Action for Children and Women (SAW)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ SAW (Social Action Women) အမျိုးသမီးများ လူမှုလှုပ်ရှားမှု အဖွဲ့က စောင့်ရှောက်ထားတဲ့ စွန့်ပယ်ခံ မြန်မာကလေး ၆၉ ယောက်အတွက် တရားဝင်နေထိုင်ခွင့်ပေးဖို့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် NHRC ဆပ်ကော်မတီ ဥက္ကဌ Surapol က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသား လူနည်းစုတွေနဲ့ နိုင်ငံမဲ့သူများဆိုင်ရာ NHRC ဆပ်ကော်မတီဥက္ကဌနဲ့ အဖွဲ့ဟာ မဲဆောက် မြို့နယ်မှာ  SAW အဖွဲ့ကဖွင့်လှစ်ထားတဲ့ရိပ်သာကို အလည်အပတ်သွားပြီးနောက်မှာ အဲ့ဒီလိုတိုက်တွန်းလိုက်တာပါ။

တရားဝင်နေထိုင်ခွင့်မရှိကြတဲ့ ဒီကလေးတွေအတွက် လူထုရဲ့အကူအညီကို SAW က မတောင်းခံနိုင်ဘူး၊ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒီကလေးတွေကို ချက်ချင်းအကူအညီပေးပါလို့ Mr. Surapol က တိုက်တွန်းပါတယ်။

SAW ဟာ နာမကျန်းဖြစ်နေတဲ့ အမျိုးသမီးတွေကိုလည်း ကူညီစောင့်ရှောက်ထားတဲ့အတွက် ဒီအဖွဲ့ကို ကူညီထောက်ပံ့နိုင်အောင် ဖောင်ဒေးရှင်းတစ်ခုထူထောင်ဖို့ ကြိုးစားမယ်လို့လည်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဓားနှစ်လက်ကိုင်၍ သောင်းကျန်းသူကို ရဲများက လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရ

ကလေး၊ ဇူလိုင် ၃၁။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ကလေး-ကလေးဝ လမ်းပေါ်တွင် ဇူလိုင် ၃၀၊ ညနေ ၃နာရီအချိန်ခန့်တွင် အမျိုးသားတစ်ဦးက ဓားနှစ်လက်ကိုင်ပြီး သောင်းကျန်းနေသဖြင့် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

အခင်းဖြစ်ပွားမှုအားတွေ့ရစဉ်။ ဓာတ်ပုံ- Khine Khine Oo Fb
ဖြစ်စဉ်မှာ ရပ်ကွက်အတွင်း ဓားဖြင့် သောင်းကျန်းနေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ကလေးမြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့် နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်နှင့် အဖွဲ့က သွားရောက်တားဆီးရာတွင် လက်မခံပဲ ဓားဖြင့်ပစ်ပေါက်ကာ တုန့်ပြန်သဖြင့် လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

''နယ်ထိန်းတပ်သားတစ်ယောက်ရယ် ကျွန်တော်ရယ် နယ်ထိန်းဒုတပ်ကြပ်တစ်ယောက်ရယ်ရောက်သွားကြပါတယ်။ စတွေ့တော့ မြို့တော်ခန်းမရှေ့ မယ်သီလရှင်ကျောင်းလမ်းကြားပေါ့။ အဲဒီကနေ ကလေး-ကလေးဝကားလမ်းပေါ် တက်လာတယ်။ လက်နက်ချဖို့ အေးအေးဆေးဆေး ပြဿနာကိုဖြေရှင်းဖို့ ပြောပါတယ်။ လက်မခံဘူး။ သူ့နားလည်း ကပ်လို့မရဘူး။ ဓားတစ်ရမ်းရမ်းနဲ့ပါ။ အချိန်တွေကြာလာတော့ ပြည်သူတွေကို ထိခိုက်မှာစိုးလို့ ဝိုင်းထားရင်း လူသူနည်းတဲ့ လမ်းပေါ် မော်လိုက်အနောက်သစ်ထုတ်လုပ်ရေးဝင်းရှေ့မှ ကျွန်တော်က ခြောက်လန့်ဖို့ လက်နက်ထုတ်ချိန်တဲ့ အချိန်မှာ သူဘက်ကစပြီး လက်တစ်ဖက်က ဓားရှည်နဲ့လှမ်းပစ်ပါတယ်။ ကံကောင်းလို့ ရှောင်ခင်နိုင်လိုက်တာ။ အဲ့အချိန်မှာ အားလုံးဝိုင်းပြီး ဝင်လုံးထွေးသတ်ပုတ်မှ ဖမ်းဆီးခဲ့နိုင်တာ"ဟု ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောသည်။

အခင်းဖြစ်ပွားမှုအားတွေ့ရစဉ်။ ဓာတ်ပုံ- Khine Khine Oo Fb
ဓားကိုင်သောင်းကျန်းသူသည် ယခင်ကလည်း သာသာနာညှိုးနွမ်းမှုဖြင့် ထောင်ကျဖူးသူတစ်ဦးဖြစ်ပြီး ယင်းရပ်ကွက်ရှိ ပြည်သူတစ်ဦးကို မကျေနပ်သဖြင့် ဓားကိုင်ဆောင်ကာ သောင်းကျန်းခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထံမှ အရိုးအသွား(၂၅)လက်မခန့်ရှိ ဓါးရှည်(၁)ချောင်း၊ အရိုးအသွား(၁၄)လက်မခန့်ရှိ ဓါးဦးချွန်ဓါးမြောင်(၁) ချောင်းသိမ်းဆည်းရမိပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ လက်နက်များကိုင်ဆောင်ပြီး ရမ်းကားမှုဖြင့် ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က တရားလိုပြုလုပ်၍ တိုင်တန်းထားကြောင်း သိရသည်။

စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar

Miss Universe Monywa ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယဉ်ပြိုင်ခိုင်း၍ ပထမနှစ်ကျောင်းသူ ပြိုင်ပွဲမှနှုတ်ထွက်


မုံရွာ၊ ဇူလိုင် ၃၁။

Miss Universe Myanmar ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် Miss Universe Monywa 2016 ပြိုင်ပွဲကျင်းပရာ ရေကူးဝတ်စုံ(Swimming Dress)ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် မုံရွာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူမှာ ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။

ပြိုင်ပွဲမှ နှုတ်ထွက်သော ဓာတုဗေဒအထူးပြု ပထမနှစ်ကျောင်းသူမှာ မုံရွာအလှမယ် ပြိုင်ပွဲတွင် ခါးနံပတ် ၄ ဖြင့်ဝင်ရာက်ယှဉ်ပြိုင်ရန် စီစဉ်ထားသူဖြစ်ပြီး ၄င်းသည် ပြိုင်ပွဲမတိုင်ခင် ၂ရက်အလို၌ နှုတ်ထွက်သွားခြင်းဖြစ်ကြောင်း၊ ၄င်း၏ အဆောင်သို့ ဖခင်ကိုယ်တိုင်လာခေါ်ပြီး ကျောင်းမှလည်း ခေတ္တ နားခိုင်းမည်ဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

အလှမယ် ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက လျော်ကြေး သိန်း (၂၀) ပေးရန်မည်ဟု ကတိစာချုပ်ထားရှိသော်လည်း ဖခင်မှ လက်မှတ်ထိုးမထားသဖြင့် လျော်ကြေးမပေးနိုင်ကြောင်း သိရသည်။

Miss Universe Monywa အတွက် City Director မနန်းမြင့်မြင့်အောင်က "အမှန်တော့ သိန်း ၂၀ လိုချင်လို့ စာချုပ်ချုပ်တာ မဟုတ်ပါဘူး။ တကယ်လိုချင်ရင် ရှေ့နေတွေနဲ့ တံဆိပ်ခေါင်းတွေနဲ့ လုပ်မှာပေါ့။ ပြိုင်ပွဲကို ပြိုင်စေချင်တာပါ။ ခုဆို သူနဲ့ ပတ်သက်ပြီး ရိုက်ထားတာတွေကို ပြိုင်ပွဲမှာပြဖို့ စီစဉ်ထားတွေကို edit ပြန်လုပ်ရတယ်။ ပြီးတော့ ပြိုင်ပွဲစပွန်ဆာတွေ ပေးထားတာတွေလည်း သူက အကုန်ယူပြီးပြီ။ ပြိုင်ပွဲမှာ ၀တ်စုံ လေးမျိုးနဲ့ ပြိုင်ရမယ်ဆိုတာ အစောကြီးကတည်းက မယ်အားလုံးကို ပြောထား သဘောတူထားပါတယ်။မိဘခွင့်ပြုချက်လတ်မှတ်လည်း ပြိုင်ပွဲစပြိုင်မယ်ဆိုကတည်းက သဘောတူကြောင်း ထိုးခိုင်းထားပါတယ်။ လက်မှတ်တကယ် ထိုးလား မထိုးလားဆိုတာ ကာယကံရှင်ပဲသိမှာပါ။ တက္ကသိုလ်ထဲမှာလည်း တာဝန်ရှိသူတွေကို ပြောပြီးပြိုင်ပွဲဝင်ဖို့ ကြေညာဆိုင်းဘုတ် ထောင်တာပါ။ ဒီပြိုင်ပွဲမှာ အခုလို ရေကူးဝတ်စုံထည့်ပြိုင်စေတာက ဒီက Missတွေ နိုင်ငံတကာကို သွားရင် အတွေ့အကြုံရအောင်ပါ"ဟု ရှင်းလင်းပြောဆိုသည်။

ယမန်နှစ်က Miss Universe Monywaပြိုင်ပွဲတွင် Short Dress ဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး Swimming Dressကို ယခုနှစ်မှ ထည့်သွင်းယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။

မုံရွာအလှမယ်ပြိုင်ပွဲကို ဇူလိုင် ၃၀ရက်နေ့က ပြိုင်ပွဲဝင် ၁၉ ဦးဖြင့် ယှဉ်ပြိုင်စေခဲ့ကာ ခါးနံပတ် ၁၄ ချောနန္ဒာမောင်မှ သရဖူဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ရေကူးဝတ်စုံဝတ် မယှဉ်ပြိုင်လိုသဖြင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့် အလှမယ်အား အသေးစိတ် မေးမြန်းနိုင်ရန် ၄င်း၏ ဖုန်းအား ဆက်သွယ်သော်လည်း ဖုန်းဝင်၍ လက်ခံ စကားပြောခြင်း မရှိသောကြောင့် သတင်းမေးမြန်းခွင့် မရခဲ့ပေ။

ဓာတ်ပုံ-ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar

ဘင်္ဂလာဒေ့ရှ် ရာမူး (ပန်းဝါ) မြို့ရှိ အကြီးဆုံး လျောင်းတော်မူဘုရား လုံခြုံရေးတိုးမြှင့်

( သတင်းဓာတ်ပုံ- ဘင်္ဂလာဒေ့ရှ်မှ အကြီးဆုံး လျောင်းတော်မူ ဘုရား ဖြစ်ပါသည်။ ယခု လျောင်းတော်မူ ဘုရား တည်ရှိရာ နေရာမှာ ယခင် ရခိုင်လူမျိုးတို့၏ သချိုင်း ဖြစ်ပြီး တောင်အောက်တွင် အိမ်ခြေ (၁၀၀၀) ခန့်ရှိ ရခိုင်ရွာကြီး တစ်ရွာ ယခင် တည်ရှိခဲ့ကြောင်း၊ ယခုအခါ အိမ်တစ်ဆောင်မှ မကျန်တော့ကြောင်း မရာမာကြီး/ ဘရ၀ါ ကျောင်းထိုင်ဆရာတော်က ပြောပြပါသည်။ ဒေသခံများက ၎င်းပျောက်ကွယ်သွားသောရွာမှာ တောင်ချေရွာ ဖြစ်ကြောင်း ပြောပြပါသည်။)
နိရဉ္စရာ၊ ဇူလှိုင် ၃၁

မြန်မာနယ်စပ်အနီး တည်ရှိသော ရာမူး (ပန်းဝါ) မြို့ရှိ ပေ (၁၀၀) ခန့်ရှည်လျားသော ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ အကြီးဆုံး လျောင်းတော်မူ ဘုရားတွင် လုံခြုံရေးကို အထူး တိုးမြှင့် ချထားလိုက်ပြီ ဖြစ်ကြောင်း Cox’sbazar news က ယနေ့တွင် သတင်း ဖော်ပြသည်။

၎င်းပြင် ၂၀၁၂ ခုနှစ်က တိုက်ခိုက် ဖြိုဖျက် ခံခဲ့ရသော ရာမူးရှိ ဘုန်းတော်ကြီးကျောင်းများ အပါအ၀င် ဟိန္ဒူဘုရား ရှိခိုးကျောင်းများတွင်လည်း လုံခြုံရေးကို အရင်ကထက် တိုးမြှင့် ချထားသည်ဟု ဆိုသည်။

ရာမူး (ပန်းဝါ) မြို့ရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်းပေါင်း ၂၀ အား အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့များမှ ခြိမ်းခြောက်စာ ပို့ပြီးနောက်ပိုင်းတွင် လုံခြုံရေးကို တိုးချခြင်း ဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်များ၊ ဘာသာရေး ဆရာများနှင့် ဖုန်းများဖြင့် ပုံမှန်ဆက်သွယ်ပြီး လုံခြုံရေးကို အနီးကပ် စောင့်ကြည့်နေကြောင်း ရာမူး(ပန်းဝါ) မြို့ရှိ ရဲအရာရှိ OC ပြိုရာစောင်ဒရောက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

အစ္စမ်လမ်မစ် အစွန်းရောက် အကြမ်းဖက်သမားများသည် ဟိန္ဒူကျောင်းများနှင့် ဗုဒ္ဓဘာသာကျောင်းများကိုသာမက အစ္စလာမ်ဘာသာဝင်များ၏ ဗလီများကိုလည်း ခြိမ်းခြောက်ထားပြီး ထိုအထဲတွင် ရာမူးမြို့ရှိ ဇာမိမောဂျစ်လဲ ပါဝင်သည်ဟု ရဲက ပြောသည်။

ယခုအခါ လူနည်းစု ရခိုင်၊ ဟိန္ဒူ၊ မာရမာကြီး (ဘရာဝါ) ရွာများတွင် ရွာသားများကိုယ်တိုင် ကင်းစောင့်နေကြရပြီး လုံခြုံရေးကို အထူးသတိပေးမှုပြုလုပ်ထားကြောင်း ရဲအရာရှိက ပြောဆိုသည်။

ကော့စ်ဘဇား အခြေစိုက် အထူးမူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ ( Rapid Action Battalion) က ယခုအခါ လူစည်ကားရာနေရာများ ဖြစ်သော ဈေး၊ ဘတ်စ်ကားမှတ်တိုင်၊ စာသင်ကျောင်းများတွင် သူတို့နှင့် ဆက်သွယ်ရနိုင်သည့် ဖုန်းနံပတ်များကို ရေးထားသည့် ပိုစတာများကို လိုက်ကပ်နေပြီး ထူးခြားမှု တွေ့ရှိက ချက်ချင်း ဖုန်းဆက်အကြောင်းကြားရန် ပိုစတာထဲတွင် ရေးသား ဖြော်ပထားသည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အများစု ပြည်သူများမှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်သမားများ အန္တရာယ်ကို အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara

သားသမီးများကို ဥစ္စာအမွေထက် ပညာအမွေသာပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မိဘများအနေဖြင့် မိမိ၏ သားသမီးများ၏ အနာဂတ်တွင် တွေ့ကြုံလာမယ့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန်အတွက် ပစ္စည်းဥစ္စာအမွေပေးခြင်းထက် ပညာအမွေသာ ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဇူလိုင်လ ၂၉ ရက်က နေပြည်တော်တွင် ‘၀’ နှင့် မိုင်းလားအထူးဒေသမှ လူငယ် ၁၀၀ ဦးနှင့် တွေ့ဆုံခဲ့စဉ် လူငယ်များဘက်မှ အချို့သော မိဘများမှာ ပညာ၏ တန်ဖိုးအပေါ် နားလည်မှု အားနည်းခြင်းကြောင့် ယင်းမိဘများပေါ် ပညာရေးတန်ဖိုးအား နားလည်စေရန်အတွက် တိုက်တွန်းစကား ပြောဆိုခိုင်းခဲ့ရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က "သားသမီးတွေကို ပညာပေးရမယ်။ ကိုယ့်ဟာကို ရပ်တည်နိုင်ရင် ဒီသားသမီးများဟာ မိမိတို့ဘ၀မှာ မိမိတို့ ဘာသာရပ်တည်နိုင်တဲ့ ပညာတွေ ပေးရမယ်။ အဲဒီပညာအမွေကို ပေးမယ်ဆိုရင် တခြားဘာမှ မလိုဘူး။ ကျမ ခနခန ပြောတယ်။ ဘာမှပိုက်ဆံတွေဘာတွေ အမွေမထားခဲ့နိုင်ဘူး ပညာပဲသင်ပေးမယ်။ ဒါဟာ အင်မတန်မှန်တဲ့ အယူအဆလို့ ခံယူပါတယ်။ အဆိုတခုရှိတယ်လေ။ ဥစ္စာဟူးသည်မျက်လှည့်မျိုး၊ ပညာဟူသည်မျက်ရွှေအိုး။ မျက်လှည့်မျိုးဆိုတာ အခုမြင်အခုပျောက်၊ ဥစ္စာဆိုတာ တနေ့ထဲနဲ့ ပျောက်သွားနိုင်တယ်။ ဥပမာ မီးလောင်သွားလို့ဖြစ်စေ၊ မီးလောင်တာဆိုရင်တရက်တွင်း မဟုတ်ဘူး နာရီပိုင်းနဲ့ ပျောက်သွားမယ်။ ဒါပေမယ့် ကိုယ့်မှာ ပညာရှိနေရင် ပြန်ပြီးရှာလို့ရတယ်။ အဲတော့ မိဘတွေက ကိုယ့်ရဲ့ကလေးတွေအတွက်၊ သားသမီးတွေအတွက်စဉ်းစားမယ်ဆိုရင် ပိုက်ဆံအမွေပဲပေးခဲ့မယ်လို့မစဉ်းစားပဲနဲ့ ပညာအမွေပဲ ပေးခဲ့ဖို့စဉ်းစားပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။” ဟု ဖြေကြားခဲ့သည်။

ANNM
The Ladies News
https://www.facebook.com/News.TheLadies

မြိုင်သာယာရပ်ကွက်တွင် နေအိမ်ပေါ်တက်၍ လူရိုက်သတ်မှုဖြစ်ပွား


မော်လမြိုင်၊ ဇူလိုင် ၃၀။ ။ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် မြိုင်သာယာရပ်ကွက်၊ ၁၃ လမ်း၊ အိမ်အမှတ် (၁၇၅၄) နေအိမ်ထဲကို ဇူလိုင် ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်က မျက်နှာအဝတ်စည်းထားသော အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး အိပ်ပျော်နေသော မိသားဝင်အားလုံးကို တုတ်ဖြင့်ဝင်ရိုက်သတ်ခဲ့သဖြင့် အသက် ၄၂ အရွယ် ဦးမျိုးလွင်မှာ ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း ရပ်ကွက်ဒေသခံများက ပြောသည်။

ယင်းနေအိမ်တွင် သေဆုံးခဲ့သူ ဦးမျိုးလွင်နှင့်အတူ မိခင်ဒေါ်ခင်ရွှေနှင့် သမီးမဆုစန္ဒီတို့ အတူနေထိုင်ကြပြီး ဦးမျိုးလွင်၏ အော်သံကြောင့် မိခင်ဖြစ်သူနှင့် သမီးဖြစ်သူက ထကြည့်ခဲ့ရာ၌ အသက် ၃၀ နှစ် (ခန့်မှန်း) အရွယ် မျက်နှာကို အင်္ကျီအမဲစည်းထားသော အမျိုးသားတစ်ဦးက ၎င်းတို့နှစ်ဦးကိုပါ တုတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့ကြောင်း မြိုင်သာယာနယ်မြေ ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။


ထိုအမျိုးသားသည် ဖခင်ဖြစ်သူနှင့် အဖွားဖြစ်သူကို ရိုက်နှက်ပြီး မဆုစန္ဒီကို ထပ်မံရိုက်နှက်မှုကြောင့် မဆုစန္ဒီက အသံမထွက်ရဲတော့ပဲ မေ့ချင်ယောင်ဆောင်နေခဲ့ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ မရွှေမာလွင်ကပြောပြသည်။

“ကယ်ကြပါအုံး သူခိုး၊ သူခိုး”ဟု အော်ဟစ်အကူအညီတောင်းခံသော အသံကြောင့် ၎င်းပတ်ဝန်းကျင်တွင် နေထိုင်သော ဦးမျိုးလွင်နှင့် ညီတော်စပ်သူ ကိုမျိုးနိုင်က ရောက်ရှိလာပြီး မျက်နှာစည်းထားသောသူကို လိုက်လံဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ကိုမျိုးနိုင်က ရှင်းပြသည်။

ဦးမျိုးလွင်တွင် ဝဲဘက်နှင့်ယာဘက် မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းနှင့် ပါးစပ်သွေးထွက်ဒဏ်ရာ၊ ဦးခေါင်းအနောက်ဘက် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်နား ဖူးရောင်ညိုမဲ သွေးထွက်ဒဏ်ရာများဖြင့်
ခြင်ထောင်ထဲတွင် သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

ဒေါ်ခင်ရွှေတွင် ယာဘက်နားနှင့် မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများနှင့် မဆုစန္ဒီတွင် နဖူးဖူးရောင်ဒဏ်ရာနှင့် ယာဘက် လက်ဖျံဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ဒေါ်ခင်ရွှေသည် ဦးနှောက်သွေးခဲသွားသည်ဟု ဆရာဝန်များ စစ်ဆေးချက်ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံတင်ပို့ ကုသနေကြောင်း သေဆုံးသူနှင့် ညီတော်စပ်သူ ဦးစိုးခိုင်က ပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ တရားခံပေါ်ပေါက်ရေးအတွက် မြိုင်သာယာနယ်မြေ ရဲစခန်းတွင် (ပ) ၅၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ / ၃၂၅ အရ အမှုဖွင့် ထားရှိကြောင်း မြိုင်သာယာနယ်မြေရဲစခန်း မှတ်တမ်းအရ သိရသည်။

သတင်း-ခေတ်မင်း
ဓာတ်ပုံ-သားကြီး
https://www.facebook.com/hintharmediacorporation/

ဖိလစ်ပိုင်အစိုးရနဲ့ မော်ဝါဒီသူပုန် အပစ်အခတ်ရပ်စဲရေး ပြန်လုပ်မယ်

သမ္မတ Rodrigo Duterte 
ဖိလစ်ပိုင် အစိုးရက မော်ဝါဒီ သူပုန်တွေနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြန်လည် အသက်သွင်းမယ်လို့ အကြီးတန်း အရာရှိ တဦးက ပြောဆိုလိုက်ပါတယ်။ အစိုးရဘက်က တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ အထိ သူပုန်တွေဘက်က တုံ့ပြန်ခဲ့ခြင်း မရှိတာကြောင့် သမ္မတ Rodrigo Duterte က တဖတ်သတ် အပစ်ရပ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၆ ရက်အကြာ စနေနေ့က ပြန်ရုပ်သိမ်းလိုက်တာပါ။

နောက်လအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာလုပ်မယ့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်ခင် သဘောထားကောင်းပြဖို့ ရည်ရွယ်ပြီး အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့တာပါ။

ဖိလစ်ပိုင် ကွန်မြူနစ်ပါတီရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်ထဲမှာတော့ ပါတီအနေနဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို သီးခြားကြေညာ လိုပေမယ့် လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ ဖိလစ်ပိုင် သမ္မတ Duterte အစိုးရနဲ့ တပြိုင်တည်း ကြေညာလိုတယ်လို့ ပြောပါတယ်။ သမ္မတရဲ့ ငြိမ်းချမ်းရေး အကြံပေး Jesus Dureza ကတော့ ကွန်မြူနစ်ပါတီရဲ့ ကြေညာချက်ဟာ ကျနော်တို့ စောင့်ဆိုင်းနေတဲ့ အချက် ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။ သူပုန်တို့ရဲ့ ကြေညာချက်ဟာ နောက်ကျပေမယ့် မဟာဗျူဟာကျနေဆဲ ဖြစ်တယ်လို့ ပြောဆိုပြီး ဒီကြေညာချက်က စောင့်ဆိုင်းခဲ့ရတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့လည်း သမ္မတရဲ့ ငြိမ်းချမ်းရေး အကြံပေးက ပြောဆိုပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ နော်ဝေနိုင်ငံမှာ လာမယ့် သြဂုတ်လ ၂၀ ရက်နေ့ကျရင် ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တိုကျို မြို့တော်ဝန်အဖြစ် အမျိုးသမီးတဦး ပထမဆုံးအကြိမ် ရွေးကောက်ခံရ

ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး Yuriko Koike နှင့် သူမ၏ ထောက်ခံသူများနှင့်အတူ တွေ့ရစဉ် (ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၆)
ဂျပန်နိုင်ငံ တိုကျို မြို့တော်အတွက် ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူးကို တိုကျိုမြို့ခံတွေ တနင်္ဂနွေနေ့မှာ ရွေးကောက်လိုက်ကြပြီ ဖြစ်ပါတယ်။ ငွေကြေး အရှုပ်တော်ပုံတွေကြောင့် အရင် တိုကျိုအုပ်ချုပ်ရေးမှူး ၂ ဦး ရာထူးက နုတ်ထွက်ခဲ့ရပြီးနောက်မှာတော့ သန့်ရှင်းတဲ့ နိုင်ငံရေး ခေတ်သစ်တခု ဖြစ်စေရပါမယ်လို့ ကတိပြုထားတဲ့ Yuriko Koike ကို အုပ်ချုပ်ရေးမှူး အဖြစ် တိုကျိုက မဲဆန္ဒရှင်တွေ ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။

အဲဒီအရှုပ်တော်ပုံတွေကြောင့် ၂၀၂၀ နွေရာသီ အိုလံပစ် အားကစားပွဲတော်တွေကို တိုကျိုမြို့တော်မှာ လက်ခံကျင်းပဖို့ ပြင်ဆင်မှုတွေမှာလည်း အတားအဆီးတွေ ဖြစ်စေခဲ့တာပါ။ တိုကျိုမြို့တော်မှာ နေထိုင်ကြသူ ပြည်သူတွေရဲ့ ဘ၀တွေ ပိုပြီး တိုးတက်ကောင်းမွန်လာအောင် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ခံရတဲ့ Yuriko Koike က ပြောပါတယ်။

ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၂၁ ဦးထဲကနေ ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ Yuriko Koike ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ အရင် တိုကျို အုပ်ချုပ်ရေးမှူး Yoichi Masuzoe ငွေကြေးအရှုပ်တော်ပုံကြောင့် ရာထူးက နုတ်ထွက်ခဲ့ရပြီးနောက်မှာ အခုလို ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။ သူဟာဆိုရင် တိုကျိုအုပ်ချုပ်ရေးမှူး အဖြစ် ဒုတိယမြောက် ရာထူးက နုတ်ထွက်ရသူလည်း ဖြစ်ပါတယ်။

အခု ရွေးကောက်ခံရသူ Yuriko Koike အနေနဲ့ ပထမဆုံး လုပ်ဆောင်ရမယ့် တာဝန်တွေထဲမှာ တခုကတော့ ၂၀၂၀ ပြည့်နှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် တိုကျိုမြို့တော်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ဘရာဇီးလ်နိုင်ငံ ရီယိုဒီ ဂျနေရိုး အိုလံပစ်ပွဲတော်ကို တက်ရောက်ဖို့ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် သြဂုတ် ၃ ရက်မှ သြဂုတ် ၅ ရက်အထိ ရေပြတ်တောက်မည်

ဓာတ်ပုံ-www.nytimes.com
ရန်ကုန် ဇူလိုင် ၃၁

ငမိုးရိမ်ရေပေးဝေရေးမှ ရေပိုက်လိုင်းများပြုပြင်ရန်ရှိသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင်ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်း တို့ဖြစ်ပေါ်မည်ဟု ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး)မှသိရသည်။ "သြဂုတ် ၃ ရက်နေ့ ညနေ ၅ နာရီမှ သြဂုတ် ၅ ရက်နေ့ ညနေ ၆ နာရီ အထိ ၃ ရက်တာ ရေပြတ်တောက်တာတို့ ရေအားနည်းတာတို့ဖြစ်ပါမယ်။ ရေပိုက်လိုင်းကိုလည်း အမြန် ဆုံးပြုပြင်ဆောင်ရွက်သွားမှာပါ"ဟု မြို့တော်စည်ပင် ရေနှင့်သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင် (ရေနှင့်သန့်ရှင်းရေးဌာန)၏ ထုတ်ပြန်ချက်တွင်မင်္ဂလာဒုံမြို့နယ် ၊ မြောက်ဥက္ကလာပ ၊တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် (တောင်ပိုင်းနှင့်မြောက်ပိုင်း) ဒဂုံဆိပ်ကမ်းမြို့နယ် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊မင်္ဂလာတောင်ညွှန့် ၊တာမွေ ၊သင်္ဃန်းကျွန်း နှင့်သာကေတ မြို့နယ် များတွင် ခေတ္တရေပြတ်တောက်မည်ဖြစ်ပြီး သောက်သုံးရေမပြတ်တောက်စေရေးအတွက် ကြိုတင်စုဆောင်း ထားရှိရန်ကိုလည်း အဆိုပါဌာန က ထုတ်ပြန်ကြေညာထားသည်။ "ရေပုံမှန်လာရင်တော့ကောင်းတာပေါ့။အခုလိုရေပြတ်တောက်မယ်ဆိုတော့ ပိုပြီးစိုးရိမ်ရ ပါတယ်။နဂိုတည်းက ရေက ရက်ခြားပဲလာတာရှိတယ်။ရေပြတ်တဲ့ အခါတွေမှာ ရေတစ်စည်ရှိ ပိုက်ဆံ ၂၅၀၀ ၃၀၀၀ ပေးပြီးဝယ်သုံးရတာတွေရှိပါတယ်။ ရေလေးပုံမှန်လာရင်တော့ကောင်း တာပေါ့။ ခုလို ရက်ခြားမှရေပေးဝေတယ် ဒီကြားထဲ ရေပြတ်တောက်တာတွေဖြစ်မယ်ဆိုတဲ့အတွက် အခက် အခဲတွေအများကြီးရှိနိုင်ပါတယ်"ဟု ဒဂုံဆိပ်ကမ်းမြို့နယ် တွင်နေထိုင်သူတစ်ဦးက China.com myanmar သို့ပြောကြားခဲ့သည်။

ကောင်းထက်
china.com Myanmar
https://www.facebook.com/china.com.mm

လျှက်စစ်မီးသွယ်တန်းရာမှ ဓါတ်လိုက်သေဆုံး (ဓါတ်ပုံသတင်း)


ဇူလိုင်လ (၃၁)ရက်နေ့ ယနေ့ နေ့ လည် (၁၂)နာရီခန့် က မင်္ဂလာဒုံမြို့နယ် ပုလဲ ၃ရပ်ကွက် မြစံပယ်၃လမ်းမှာ လျှက်စစ်မီးသွယ်တန်းရာမှ ဓါတ်လိုက်သေဆုံးသူ အမျိုးသား ကိုဖိုးဇော် အသက်၃၀ခန့် epc မှ ဝန်ထမ်း မဟုက်ပဲ ဆက်သွယ်ရေး ဝန်ထမ်းတဦးဟု သိရသည်။

Htin Lin Aung


ထန်ခေါ်လန်မကျေးရွာတွင် ကူးစက်ရောဂါကြောင့် လူ ၁၈ ဦးသေဆုံး

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ရုံးစိုက်ရာ လဟယ်မြို့ မြင်ကွင်း ။ ဓါတ်ပုံ - Nok Tun (fb)
လဟယ် ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် ထန်ခေါ်နောက်ကုန်းအုပ်စု ထန်ခေါ်လန်မကျေးရွာတွင် ဇွန် ၆ ရက်မှစ၍ ဖျားနာ ခြင်း၊ မျက်စိနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှော စသော ရောဂါနှင့် အခြားရောဂါများကြောင့် ကလေး ငယ်များနှင့် လူကြီးအချို့ သေဆုံးလျက်ရှိကြောင်း သတင်းရရှိသည့်အတွက် အဆိုပါကျေးရွာသို့ ကားရော်နောက်ညူ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဆွေဆွေအောင်က ကွင်းဆင်း ကုသခဲ့သည်။

သို့သော်လည်း လူနာများပြားခြင်း၊ အပူဖုထွက် ခြင်း၊ ရောဂါလက္ခဏာများဖြစ်ပွား ၍ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသဖြင့် နာဂဦးစီးအဖွဲ့ဝင် ဦးကာစီရန်း ဦးဆောင်သော လဟယ်မြို့နယ် တိုက်နယ် ဆရာဝန် ဒေါက်တာ ကျော်စံဝင်း၊ ကျန်းမာရေးမှူး ဦးမျိုးသန့်၊ ဓာတ်ခွဲမှူး ဦးအောင်မျိုးထက်တို့သည် ဇူလိုင် ၂၄ ရက်က လဟယ်မြို့မှ အဆိုပါ ဖြစ်ပွားရာကျေးရွာသို့ သွားရောက် ကုသပေးခဲ့သည်။

အဆိုပါကျေးရွာတွင် လူနာပေါင်း ၁၆၂ ဦး ကွင်းဆင်းကုသပေးခဲ့ပြီး သေဆုံးသူ ၁၈ ဦးရှိရာ၊ အသက် ၂၂ နှစ်မှ ၉၄ နှစ်ကြား ငါးဦး၊ ကလေးငယ် (၁နှစ်)မှ ၁၂ နှစ်ကြား ၁၃ ဦးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန ၏ ပြောပြချက်အရ သိရသည်။

ရှားဆက်(လဟယ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး အိမ်များအတွင်း ရေများဝင်ရောက်


ကသာ ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာနှင့် ထီးချိုင့်မြို့နယ် တို့၌ ဇူလိုင် ၂၉ ရက်က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကသာမြို့နယ်တွင် စာသင်ကျောင်း ၃၄ ကျောင်း၊ ထီးချိုင့် မြို့နယ်တွင် စာသင်ကျောင်း ၂၅ ကျောင်းတို့ရေဝင်သဖြင့် ပိတ်ထားရပြီး အိမ်များအတွင်းသို့လည်း ရေများ ဝင်ရောက်ခဲ့ ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ထီးချိုင့်မြို့ပေါ်ရှိ အမှတ် (၃)ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက် ရှိ အိမ်ထောင်စုများကို ကျောက်စေတီ ဘုန်းကြီးကျောင်းနှင့် ရွှေစည်းခုံဘုန်းကြီးကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း ဖွင့် လှစ်ထားပြီး လူနှင့် တိရ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိ ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့တွင်းမီဒီယာများ၊ လူမှု ရေးအသင်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ရေဝင် ဒေသများကို ပံ့ပိုးကူညီမှု များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ငွေအိုး (ကသာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မိုင်းနင်းမိသူ နှစ်ဦး သေဆုံး


ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ညောင်ပင်သာကျေးရွာအနီးက တောစပ်မှာ မနေ့ညက မိုင်းနင်းမိပြီး ညောင်ပင်သာရွာက တောင်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက်နှစ်ဆယ်ကျော်အရွယ် တောင်သူတွေဖြစ်တယ်လို့ ဆင်ဘိုမြို့နယ်ခွဲ ရဲစခန်းမှူး က ပြောပါတယ်။

ညောင်ပင်သာကျေးရွာရဲ့ အရှေ့တောင်ဘက် ရှစ်မိုင်ကျော်အကွာမှာရှိတဲ့ တောထဲကို အမဲလိုက်သွားချိန်မှာ မိုင်းနင်းမိတာဖြစ်ပါတယ်။

မိုင်းကွဲမှုဖြစ်ပွားတဲ့နေရာတစ်ဝိုက်ဟာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးညှင်း၊ မိုးကောင်း ၊ မြစ်ကြီးနား၊ တနိုင်း စတဲ့ မြို့နယ်တွေက ကျေးရွာတွေတစ်ဝိုက်မှာလည်း ဒေသခံတောင်သူတွေနဲ့ အရပ်သားတွေ မကြာခဏ မိုင်းပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံလမ်းလျှောက်ပွဲ

 ( ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က မန္တလေးမြို့မှာ ချီတက်လမ်းလျှောက် တိုက်တွန်းလှုံ့ဆော်နေစဉ် ) Photo: Hset Paing Toe/ RFA
မန္တလေးမြို့မှာ ဒီနေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲနဲ့ ကာတွန်းပြပွဲကို ကြိုဆိုကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

မန္တလေးမြို့က မင်္ဂလာမန္တလေးအိမ်ယာမှာ ကျင်းပတဲ့ " မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ" ကာတွန်းပြပွဲ ကို တက်ရောက်လာစဉ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့တာဖြစ်ပါတယ်။

လာမယ့်သြဂုတ်လကုန်လောက်မှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံ ကြိုဆိုတဲ့အနေနဲ့ မန္တလေးမြို့က နိုင်ငံရေးအင်အားစုတွေ လူမှုရေးအသင်းအဖွဲ့တွေ တောင်သူ လယ်သမား အလုပ်သမားတွေစုပေါင်းပြီး မန္တလေးမြို့မှာ ချီတက်လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကိုလိုလားတဲ့အတွက် ပင်လုံညီလာခံကို ထောက်ခံတာဖြစ်တယ်လို့ ပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့် က ပြောပါတယ်။

လမ်းလျှောက်ပွဲမှာ လူအင်အား ၁၀၀ ခန့် ပါဝင်ခဲ့ပြီး မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်ဘုရားရှေ့ကနေ မင်္ဂလာမန္တလေးအိမ်ယာအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ပါဝင်သူတွေဟာ ၂၁ ပင်လုံညီလာခံ အောင်ရမယ်၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရပ်စဲရေး တို့ကို ကြွေးကြော်ခဲ့ကြပါတယ်။ အလားတူ ထောက်ခံကြိုဆိုပွဲတွေကို တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ကျင်းပသင့်တယ်လို့ လမ်းလျှောက်ပွဲမှာ ပါဝင်သူတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။

ချီတက်ပွဲမှာ ပါဝင်ကြသူတွေဟာ လာမယ့် သြဂုတ်လ ၆ ရက်နေ့အထိ ၇ ရက်တိုင်တိုင် မန္တလေးမြို့ အနှံ့ လှည့်လည်လမ်းလျှောက်ချီတက်ကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနှင့်တိရစ္ဆာန်များ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့


မင်းဘူး ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးအနီးရှိ ရပ်ကွက်/ကျေးရွာတွင် နေထိုင်လျက် ရှိသော လူနှင့် တိရစ္ဆာန်များ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။


မင်းဘူးမြို့တွင် ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၆)နာရီအချိန် တိုင်းထွာချက်အရ မြစ်ရေမြင့်တက်မှုမှာ (၁၆၇၂) စင်တီမီတာရှိပြီး စိုးရိမ်ရေအမှတ်မှာ (၁၇၀၀) စင်တီမီတာ ဖြစ်သည်။ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် သနပ္ပင်စုကျေးရွာမှ အိမ်ထောင်စု(၁၅၇)စုနှင့် နွား(၃၀၀)ကောင် တို့သည် ၀က်မစွတ်ကျေးရွာနှင့် ရေနံချောင်းမြို့သို့လည်းကောင်း၊ စက္ကိန္တဲစေတီ၏ အရှေ့ဘက်နှင့်အနောက်ဘက်ရှိ အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု(၅၉)စုမှာ သာစည်ဘုန်းကြီးကျောင်းဝိုင်းနှင့် ဖောင်တော်ဦးကျောင်းသို့ လည်းကောင်း၊ မန်းကျိုး ကျေးရွာနှင့် ထုံးမကြီးကျေးရွာမှ အိမ်ထောင်စု(၄၇)စု၊ နွား(၄၆)ကောင်တို့မှာ အောက်ကျောင်းကျေးရွာ၊ ပေါက်ကုန်းနှင့် ကျောက်ကုန်းကျေးရွာများသို့လည်းကောင်း၊ မင်းဘူးအမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု (၇၆)စုမှာ မှန်ကင်းကျောင်းတိုက်သို့ လည်းကောင်း၊ မင်းဘူးအမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၂၆)စု နှင့် နွား(၉)ကောင် တို့မှာ အ.ထ.က(၁)ကျောင်းအားကစားကွင်းတွင်လည်းကောင်း၊ ရွာသာကျေးရွာမှ အိမ်ထောင်စု (၅၆)စု၊နွား(၄၁) ကောင်းတို့မှာ ကျေးရွာဘုန်းတော်ကြီးဝန်း အတွင်း၌လည်းကောင်း ယာယီပြောင်းရွှေ့ နေထိုင်လျက် ရှိကြသည်။


ထို့သို့ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများထံသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်တို့မှ သွားရောက် အားပေး စကားများ ပြောကြားခဲ့ပြီး နေထိုင်/စားသောက်ရေးနှင့် ကျန်းမာရေးအဆင်ပြေစေရန် ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။

မင်းဘူးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

စေတုတ္တရာ-စလင်း ဆက်သွယ်သောလမ်းမှ ပဇောချောင်းတံတား ချောင်းရေတိုက်စား၍ ပြိုကျပျက်စီး


စေတုတ္တရာ ဇူလိုင် ၃၁

မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၅)နာရီ အချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စေတုတ္တရာ-စလင်းကားလမ်း၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃) ကြား (မကြီးစုရွာနှင့် ညောင်အိုင်ရွာအကြား) အရှည်ပေ(၄၀)ရှိ ပဇောချောင်းတံတားနှင့် ကတ္တရာလမ်း ပေ(၄၀)တို့သည် ချောင်းရေ တိုက်စားကာ ပြိုကျပျက်စီးခဲ့၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရသည်။


အဆိုပါ တံတားနှင့်လမ်းပျက်စီးသောနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးစောထူးနှင့် အဖွဲ့ဝင်တို့သည် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၈)နာရီက သွားရောက်၍ ပျက်စီးသွားသော တံတားနှင့် လမ်းတို့အား အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။

မင်းဘူးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ထိုင်းလူသတ်မှု DNA ဖမ်းဆီးခံ မြန်မာတွေနဲ့ မတူ

ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားလေးဦးကို တွေ့ရစဉ်။ Photo: Htoo Chit/ Facebook
ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားလေးဦးရဲ့  DNA မျိုးရိုးဗီဇ နဲ့ သေဆုံးသူဆီ မှာတွေ့ရတဲ့ DNA မျိုးရိုး ဗီဇတွေ တူညီမှုမရှိဖူးလို့ မနေ့က အဖြေထွက်ခဲ့ပါတယ်။

အသတ်ခံရတဲ့ကျောင်းသူရဲ့ လက်သည်းကြားမှာကျန်ရှိခဲ့တဲ့ အသားစနဲ့ မြန်မာလုပ်သား လေးဦးရဲ့ DNA ကို စစ်ဆေးရာမှာ အခုလို ကွဲလွဲမှုကို တွေ့ခဲ့ ရတာဖြစ်တယ်လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက် ပေးနေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ ကွန်ရက်အဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။

"အစိုးရတင်ထားတဲ့ သက်သေတွေကိုလည်းမေးတယ်၊ လူ့အခွင့်ရေးကော်မရှင်နဲ့ ထိုင်းရှေ့နေတွေကနေပြီးတော့ တောင်းထားတဲ့ မျိုးရိုးဗီဇပေါ့၊ DNA အဖြေကိုလည်းရှေ့နေတွေကပြောပါတယ်၊ လူသတ်မှုမှာ သုံးစွဲခဲ့တဲ့ တုတ်၊ ဓား၊ လက်နက်တွေမှာရော နောက်ပြီးတော့ သေဆုံးသွားတဲ့ကောင်မလေး ရဲ့လက်ထဲမှာပေါ့၊ သူကမသေခင်မှာ ပြန်ပြီးတော့ ခုခံတဲ့အချိန်မှာ သူ့လက်သည်းထဲမှာအသားစ၊ ဘာညာရှိတယ်ဆိုတာကိုစစ်တယ်၊ ဖမ်းခံထားရ တဲ့ မြန်မာကလေး ၄ ယောက်နဲ့ လုံးဝ DNA မတူဘူးဆိုတာအဖြေရထားတယ်"

အဲဒီအမှုကို မနေ့က ထိုင်းတရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ ထိုင်းရဲတွေဘက်က တရားလိုပြသက်သေအဖြစ် တင်သွင်းထားတဲ့ မှုခင်းဖြစ်ပွားရာနေရာအနီးမှာ နေထိုင်သူ မြန်မာ အမျိုးသမီး တစ်ဦးနဲ့ ထိုင်းအမျိုးသမီးတို့ကလည်း ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လေးဦးသတ်တာ မဖြစ်နိုင်ကြောင်းထွက်ဆိုခဲ့ကြတယ်လို့ ဦးထူးချစ် က ပြောပါတယ်။

အဲ့ဒီလူသတ်မှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့တာပါ။ အမှုဖြစ်ပွားပြီး တစ်လအကြာမှာ မြန်မာအလုပ်သမား လေးဦးကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ လုယက်မှု၊ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုတွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသွားမည်


နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို လာလည်ဖို့ အစီအစဉ်ရှိကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး V.K. Singh ကို ပြောကြားခဲ့ကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။

လာအို့စ်နိုင်ငံ၊ Vientiane မြို့မှာ ကျင်းပတဲ့ ၂၃ ကြိမ်မြောက် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ စည်းဝေးပွဲပြင်ပမှာ သီးခြားတွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့တာဖြစ်ပြီး အဲဒီ တွေ့ဆုံမှုအတွင်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ကူညီနိုင်ငံမယ့် ကဏ္ဍအသီးသီးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရဟာ အိန္ဒိယနိုင်ငံက လက်ရှိဆောင်ရွက်နေတဲ့ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာနဲ့ လမ်းဖောက်တဲ့နေရာမှာ စွန့်ပစ်ပစ္စည်းတွေ ပြန်လည်အသုံးပြုတဲ့ နည်းပညာတွေကို စိတ်ဝင်စားကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အဆောက်အဦးတွေ အားကောင်းလာရေး၊ အထူးသဖြင့် ဖက်ဒရယ်ဝါဒ၊ ဗဟိုနဲ့ ဒေသန္တရအစိုးရတွေရဲ့ ဆက်ဆံရေး၊ အာဏာခွဲဝေ သုံးစွဲရေး၊ သယံဇာတတွေကို ဗဟိုနဲ့ ပြည်နယ်အစိုးရတွေ ဘယ်လို မျှဝေသုံးစွဲတဲ့ပုံစံ စတာတွေကို မြန်မာ လွှတ်တော်ကိုယ်စားလှယ်တွေကို သင်တန်းပို့ချပေးလိုကြောင်း ၀န်ကြီး Singh က အသိပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူပဲ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းနဲ့ ကာလကတ္တားဆိပ်ကမ်းအကြား ဆက်သွယ်ပေးမယ့် ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းနဲ့ အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းတည်ဆောက်ရေး စီမံကိန်းတွေကို မြန်မာအစိုးရက ထောက်ခံကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်းအချို့ပိတ်ထားရ


စစ်ကိုင်း ဇူလိုင် ၃ဝ

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၁၁၅ဝ အထက် ၄၃ စင်တီမီတာကျော်လွန်နေကြောင်း သိရသည်။

စစ်ကိုင်းမြို့ လင်းဇင်းရပ်ကွက်နေထိုင်သူ ဦးရင်မောင်က ''ကျွန်တော်တို့ အခုလို ဧရာဝတီမြစ်ရေတွေတိုးလာတာ အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိသွားပြီ။ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဟိုနားဒီနားသွားဖို့ကို မလွယ်တော့ဘူး။ စားဖို့ ဈေးထွက် ဝယ်ရသေးတယ်။ ကိုယ်ပိုင်လှေ မဝယ်နိုင်ဘူး။ လှေခက ဘယ်သွားသွား ကျပ် ၂ဝဝ၊ တခြားရပ်ကွက်က ဒီထက်များတယ်။ တချို့ဆို ကား၊ ဆိုင်ကယ်တွေကို နီးစပ်ရာရေမဝင် တဲ့နေရာတွေမှာ အကူအညီတောင်းပြီး အပ်ထားရတယ်။ ရေရှည်ဆို မလွယ်ဘူး။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကား၊ ဆိုင်ကယ် အအပ်ခံပေးမယ့်နေရာလေးတွေ လုပ်ပေးထားသင့်တယ်လို့အကြံပြုချင်ပါတယ်။ နောက်ထပ်မတိုးပါနဲ့တော့လို့သာ ဆုတောင်းနေရတော့တယ်'' ဟု ပြောသည်။

စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေတိုးလာခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာပေါင်း ၂ဝ ကျော်နှင့် ကျောင်းပေါင်း ၁၉ ကျောင်း ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

(ခိုင်ဇေယျ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

တိုက်ပွဲတွေဖြစ်ပွားနေမှု ငြိမ်းချမ်းရေးအလားအလာပေါ် ရိုက်ခတ်မှုရှိမရှိ

Soldiers of Kachin Independence Army (KIA) ဇန်နဝါရီ ၂၂၊ ၂၀၁၃)
မြန်မာပြည်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး မျက်နှာစုံညီ ဆွေးနွေးနေကြချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာတော့ ကချင်လွတ်မြောက်ရေးတပ် KIA၊ တအာင်း ပလောင်တပ်TNLA တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လမ်းကို ဖော်ဆောင်နိုင်ဖို့က နှစ်ဘက်စလုံးက အပစ်ရပ်ပြီး ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်နိုင်မှဖြစ်မယ်လို့လည်း နိုင်ငံရေးအကဲခတ် တွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ဖော်ဆောင်မယ့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ဘုံသဘောတူချက်တရပ် ချမှတ်နိုင်ဖို့ အရေး ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး မျက်နှာစုံညီစည်းဝေးနေကြချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့နဲ့ မြန်မာ စစ်တပ် ကြား တိုက်ပွဲတွေဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဟိုပုန်ကျေးရွာမှာ ကချင်လွတ်မြောက်ရေး တပ် KIA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း (၂) နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ KIA တပ်နဲ့ တိုက်ပွဲဖြစ်နေ တဲ့ တချိန်တည်းမှာပဲ အဲ့ဒီ့ဒေသမှာ မြန်မာတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့လည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ မြန်မာ့တပ်မတော်ဘက်က စစ်အင်အားတွေ တိုးချလာပြီး နှစ်ဘက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ပြီး စစ်ရေး တင်းမာနေဆဲအနေအထားဖြစ်တယ်လို့ တအာင်းတပ်ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။

“စစ်ရေးက တော်တော်လေး တင်းမာနေတယ်၊ ဒီမနက်ရော၊ မနေ့ညကရော ပေါ့နော်။ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုရော ရှိသေးတယ်။ ဟိုပုန်ရွာအနီးမှာပဲ နေရာကတော့ မပြောင်းသေးဘူး။ ဒီအစိုးရဘက်က အောက် ဘက်က တောက်လျှောက်မဆုတ်ဘူး၊ မဆုတ်ဘဲနဲ့မှ ကျနော်တို့ရှိတဲ့ဘက်ကို သူကလုပ်နေတယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့က အပေါ်ဘက်မှာရှိနေတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တာ အဲလောက်တော့ ရှိသေးတယ်။ အဲလိုမျိုး ဖြစ်နေခဲ့မယ်ဆိုရင်တော့ တိုင်းရင်းသားတွေကြားမှာ တကယ်ပဲ ငြိမ်းချမ်းရေးသံသယတွေဟာ တိုးပွားလာမယ်၊ တဘက်နဲ့တဘက်ယုံကြည်မှုဟာ ပိုပြီးလျော့ကျလာနိုင်တဲ့အနေအထားတော့ရှိတယ်။ အကောင်းဆုံးကတော့ အကုန်လုံး ပြန်ဝိုင်းစဉ်းစားပြီးမှ တပ်မတော်ဘက်က ဒီထိုးစစ်တွေ ရပ်သွားလို့ရှိရင်တော့ ပို အဆင်ပြေနိုင်တဲ့ အခြေအနေရှိတယ်။”

မေး။ ။ ဟုတ်ကဲ့၊ မိုင်အိုက်ကျော်၊ အခုက ကွပ်ခိုင်ဘက်မှာဖြစ်နေတာက အဓိကက တာမိုးညဲဘက်မှာ ဘာကြောင့်ဖြစ်ရလဲဆိုတာလေး နည်နးည်းရှင်းပြပေးပါလား။

“၂၈ ရက်နေ့ကတော့ KIA အဖွဲ့လည်းသိတယ်။ ကျနော်တို့တပ်ဖွဲ့က နှစ်ဘက်က နီးနေတဲ့နေရာရှိတယ်။ ကျနော်တို့ရှေ့တန်းရှိတဲ့နေရာကို သူတို့ကတက်လာတယ်။ တက်လာပြီးတော့မှ နှစ်ဘက်လုံးနဲ့ ၂၈ ရက်နေ့ကတော်တော်လေး ပြင်းပြင်း ထန်ထန်ဖြစ်တယ်။ နေ့လည် ၁ နာရီကနေ ညမိုးချုပ်တဲ့အထိ ဖြစ်တယ်။ မြန်မာ့ တပ်မတော်က စကခ (၁၀) လက်အောက်ခံတပ်ရင်းတို့ တပ်မ (၉၉) တို့၊ တပ်မ (၅၅) တို့က စစ်ကြောင်းတွေ ပို့ထားတာရှိတယ်။ စစ်ကြောင်းက လေး ငါးကြောင်း၊ ခြောက်ကြောင်းလောက်ရှိတယ်။ ”

ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ ကချင်လွတ်မြောက်ရေးတပ် KIA တပ်နဲ့ မြန်မာ့ တပ်မတော်တို့ကြား စစ်ရေးတင်းမာနေတဲ့အခြေအနေဟာ လက်ရှိအစိုးရသွားလိုတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုအပေါ် ယုံကြည်မှုလျော့ပါးစေတယ်လို့ ကချင် သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက ရှုမြင်ပါတယ်။ KIA တပ်မဟာ (၆) လက်အောက်ခံ ကချင်တပ်ရင်း ၂ နဲ့ မြန်မာတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ အခြေအနေကိုလည်း သူက အခုလိုရှင်းပြပါတယ်။

“နယ်မြေကတော့ ကွပ်ခိုင်မြို့ရဲ့အရှေ့ဘက်ပေါ့၊ တာမိုးညဲပတ်ဝန်း ကျင်လောက် ပေါ့နော်။ အဲဒီနေရာကတော့ KIA ရဲ့တပ်ရင်း(၂) တပ်မဟာ (၆) တပ်ရင်းနယ်မြေမှာ ဖြစ်တာပေါ့နော။ စစ်တပ်တွေရဲ့လှုပ်ရှားမှုတွေ ကတော့ ရပ်သွားတာမရှိဘူး။ တိုက်ခိုက်မှုတွေလည်း ပုံမှန်ဖြစ်နေတယ်။ ဆိုတော့- အဲဒီလိုမျိုးအခြေအနေမှာ ခုနပဲ မိုင်ဂျာယန်အစည်းအဝေးကနေပြီးတေ့မှ KIA ကချင်လွတ်လပ်ရေးအဖွဲ့ kIO ရဲ့စစ်ပိုင်းခေါင်းဆောင် တွေကို မေးကြည့်တော့ လည်း တိုင်းရင်းသားတပ်တွေကတော့ တပ်ပေါင်းစု ပုံစံနဲ့အစိုးရတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ အခြေအနေတွေကို အခုပိုပြီးမှရောက်လာနိုင်တဲ့ အခြေ အနေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။”

မြန်မာပြည်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင် တတိုင်းပြည်လုံးအပစ်အခတ်ရပ် စဲရေးဖော်ဆောင်နိုင်မှဖြစ်သလို စစ်ရေးတင်းမာမှုတွေ လျော့ပါးဖို့က နှစ်ဘက်စလုံး က အပစ်ရပ်ပြီး ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်မှဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြား ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ရေး သူ့အမြင် အခုလိုပြောပါတယ်။

“အဲဒီ လတ်တလောဖြစ်နေတြဲ့ပဿနာတွေနဲ့ပတ်သက်ပြီးတော့ သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ဒီအစိုးရအနေနဲ့ တပ်မတော် အကြီးအကဲတွေနဲ့ ထိထိရောက်ရောက် ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာဖို့လိုအပ်တယ်လို့မြင်တယ်။ ဒီတိုက်ခိုက်မှု၊ ဒီဆွေးနွေးမှုတွေ အားလုံးကို အမြန်ဆုံးရပ်စဲနိုင်ဖို့လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ မီးစတဘက်၊ ရေမှုတ်တဘက်ပုံစံမျိုး ဖြစ်သွားမယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ရေးအပိုင်းမှာကော၊ နောက်ပြီးတော့ ပြန်လည်သင့်မြတ်ရေးအပိုင်းမှာကော အခက်အခဲတွေ အများကြီးရှိသွားနိုင်တယ်လို့ မြင်တယ်။”

၂၁ ရာစုပင်လုံညီလာခံခေါ်ယူပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ရေး ဦးဆောင်ကြိုးပမ်း နေချိန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်ခွင့် ရရေးမူနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက် ရဖို့ ဆွေးနွေးနေကြချိန်၊ အခုလိုတိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ အပစ် ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် အခုဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အပေါ် အများကယုံကြည်မှုတွေလျော့ပါးလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြောင်းပါ။

  မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

စစ်ဘေးရှောင်ဒုက္ခသည်တွေ အိမ်ပြန်ရေး အလှမ်းဝေးဆဲ

ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်အတွင်းမှ ကရင်ဒုက္ခသည်များ။ (ဖေဖော်ဝါရီ ၅၊ ၂၀၁၀)
မြန်မာအစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြားဖြစ်ပွါးလာခဲ့တဲ့စစ်ရေးပဋိပက္ခအတွင်း နေရပ်ကနေ တိမ်းရှောင် လာပြီး ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခမ်း (၉) ခုမှာနေထိုင်နေတဲ့ စစ်ပြေးဒုက္ခ သည်တွေနေရပ်ပြန်နိုင်ရေးအတွက် အစိုးရကနေ ကော်မီတီတရပ်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ ဒီကော်မီတီထဲမှာ ၀န်ကြီးဌာနအစုံနဲ့ဖွဲ့စည်းထားပြီး နိုင်ငံတော်သမ္မတထံမှာတင်ပြထားဆဲဖြစ်ပါတယ်။ အခုလို စစ်ပြေးဒုက္ခသည်တွေကိုပြန်လည်ခေါ်ယူနိုင်ရေးအတွက် အစိုးရကနေ ကော်မီတီတရပ်ဖွဲ့စည်းခဲ့ပြီးဖြစ်ပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးမှာ မရေရာသေးတဲ့အခြေအနေမှာရှိနေသေးတဲ့အကြောင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခမ်း(၉)ခုက ဒုက္ခသည်တွေကို နေရပ်ပြန်လည်ခေါ်ယူနိုင်ရေးအတွက် မြန်မာအစိုးရကနေ ကော်မတီ တရပ်ဖွဲ့စည်းခဲ့ပြီးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးနဲ့ဥပဒေရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ဝတ္တရားက သက်ဆိုင်ရာ ဒုက္ခသည်တွေသည် မြန်မာလူမျိုးဟုတ်မဟုတ် ဘယ်နှစ်ယောက်ရှိတယ်၊ ဘာညာ သွားရောက်စစ်ဆေးပြီး သူတို့လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ တရားဝင်စာရွက်စာတမ်းတွေကို ထုတ်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးက တာဝန်ရှိပါတယ်ရှင့်။ နောက်တော့ ပါတဲ့ဝန်ကြီးဌာနတွေအားလုံးအတွက် Coordination လုပ်ပေးတာပေါ့။ အလုပ်သမား ဝန်ကြီးဌာနတို့၊ လူမှုဝန်ထမ်းဝန်ကြီးဌာနတို့ နောက်တော့ လူဝင်မှုကြီးကြပ်ရေးဌာတို့ပါရှင့်။”

ဒီလိုကော်မီတီဖွဲ့စည်းရတာဟာလည်း ပြီးခဲ့တဲ့ဇူလိုင်လ (၂၂) ရက်နေ့က ထိုင်းနိုင်ငံအစိုးရကနေ ဒုက္ခသည်တွေကို လွှဲပြောင်းနိုင်ရေးအတွက် နှစ်နိုင်ငံကြား ကော်မီတီဖွဲ့ပြီး ပူးတွဲဆောင်ရွက်လိုကြောင်းအကြောင်းကြားလာလို့ အခုလို ဒုက္ခသည်များ ပြည်တွင်းပြန်လည်ခေါ်ယူနိုင်ရေး ကော်မီတီဖွဲ့စည်းခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီကော်မတီကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဆောင်ပြီးတော့ ၀န်ကြီးဌာနအဖွဲ့ဝင် (၁၆) ဦးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖွဲ့စည်းထားသလို အတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှာတင်ပြထားဆဲဖြစ်ပြီး လုပ်ငန်းစဉ် အသေးစိပ်ကိုတော့ အတည်ပြု မပြောဆိုနိုင်သေးဘူးလို့လည်း ဒေါ်အေးအေးစိုးကပြောပါတယ်။

ဒုက္ခသည်တွေနေရပ်ရင်းပြန်ရေးနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် အကြီးဆုံးဒုက္ခသည်စခမ်းဖြစ်ပြီး ဒုက္ခသည်ဦးရေ (၄)သောင်း နီးပါး ရှိနေတဲ့ မယ်လဒုက္ခသည်စခမ်းရဲ့ ဥက္ကဋ္ဌ ဆရာအောနက်က အခုလိုပြောပါတယ်။

“တချို့တွေက ပြန်မယ်ဆိုရင် ကျနော်တို့ စခမ်းထဲမှာ သုံးခု ကျနော်တို့မြင်တယ်။ အခုကျတော့ ထိုင်းနိုင်ငံက နီးစပ်ရာရွာတွေမှာ သူတို့ အခြေချထားတာ ရှိချင်ရှိမယ်။ .တချို့ကျတော့ ရပ်ရွာထဲ သူတို့ဆွေမျိုးအဆက်အသွယ် ရှိတာလည်းရှိတယ်။ နောက်တခုကျတော့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအပေါ်မှာ သူတို့လိုက်သွားတာလည်း ရှိတယ်။”

ကရင်ဒုက္ခသည်တွေနေရာချရေးအတွက် KNUကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) နယ်မြေမှာစီစဉ်ထားတယ် လို့ သတင်းများ ပေါ်ထွက်နေပေမဲ့ လက်ရှိမတည်ငြိမ်သေးတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်တွင်းကို အခြေချ နေထိုင်ဖို့ စိမ်ခေါ်မှုတခုလို ဖြစ်နေတယ်လို့ ဆရာအောနက်က ဆိုပါတယ်။

မယ်လဒုက္ခသည်စခမ်းနေ ဒုက္ခသည်အများစုမှာ KNUကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရတပ်တို့အကြား ကာလကြာမြင့်စွာ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်ရင်းကနေတိမ်းရှောင်လာ သောကရင်လူမျိုးအများစုရှိနေပြီး မွန် ဗမာ ထားဝယ် ချင်းအစရှိတဲ့ လူမျိုးတွေလည်း ရှိနေကြပါတယ်။

အလားတူကရင်နီဒုက္ခသည်စခမ်း (၂) ခုက ဒုက္ခသည်တွေအနေနဲ့ လက်ရှိအစိုးရရဲ့ဒုက္ခသည်တွေကိုပြည်တွင်းသို့ ပြန်လည်ခေါ်ယူမဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကရင်နီဒုက္ခသည်ပင်မကော်မီတီ အတွင်းရေးမှူး ဆရာလွိကနေ အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့က ခေါ်ထားတယ်ဆိုရင်လည်း စီစဉ်ဖို့က ဘာမှမရှိသေးဘူးဆိုတဲ့အခါကျတော့ အစိုးရဘက်ကနေ အစိုးရဘက်ကနေ အဆင်သင့်မဖြစ်သေးဘူးလို့ အဲလိုပဲမြင်တယ်။ သူတို့ပြင်ဆင်ထားတဲ့ဟာက ကာကွယ်မှုနဲ့လုံခြုံမှု တကယ်ရှိသလား ၊ ပြန်လာနေလို့ ရတယ်။ တခုတည်းနဲ့မဟုတ်ဘဲနဲ့ သတ်မှတ်ချက်ဘာတွေပေးထားသလဲပေါ့- ကျနော်တို့ ညှိနှိုင်းဖို့ရှိတာပေါ့နော်။”

ကရင်နီဒေသအတွင်းမှာ ယခင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ စစ်ရေးပဋိပက္ခ ဖြစ်စဉ်အတွင်းထောင်ထားတဲ့ ဒေသတွင်းမြေမြုတ်မိုင်းအန္တရာယ်နဲ့ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာဟာ ဒုက္ခသည်များနေရပ်ပြန်ရေးအတွက် အဓိကအတားအဆီး တခုလိုဖြစ်နေတယ်လို့ ကရင်နီဒုက္ခသည်ပင်မကော်မီတီ အတွင်းရေးမှူး ဆရာလွိမှဆက်ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ဥပမာ မိုင်းဘယ်မှာရှိသလဲဆိုတာ သူတို့က testifying လုပ်ပေးလို့လည်းမရဘူး။ နောက်ပြီးတော့ အစိုးရဘက်ကလည်း မလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ တကယ်လို့ ပြန်လာနေမယ်လို့ နေရာရွေးချယ်တဲ့နေရာမှာ ဒီ မိုင်း fields တွေ ဖြစ်နေမယ်ဆိုရင် သူတို့အတွက် အရမ်း risk ဖြစ်တယ်ပေါ့။ သူတို့ပြန်နေမယ့်နေရာတွေမှာ သူတို့အိမ်ဆောက်လို့ရပေမယ့် လုပ်ကိုင် စားသောက်လို့ ရတဲ့နေရာမရှိဘူး။ မရှိတဲ့အခါကျတော့ သူတို့အတွက် ရေရှည်မဖြစ်နိုင်ဘူးပေါ့နော်။ ”

ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ်က ကယားပြည်နယ် ဒီမောဆိုမြို့နယ်အတွင်း မြန်မာ့တပ်မတော်ကနေ လက်နက်ကြီးသင်တန်း ကျောင်းစတင် တည်ဆောက်ခဲ့စဉ်မှာ ဒေသခံတွေရဲ့ လယ်ယာခြံမြေဧက(၃၅၀၀)ကျော်သိမ်းဆည်းထားခဲ့ပြီး လက်ရှိ ဧက (၂၇၀၀) ကိုစစ်တပ်ပိုင်မြေအဖြစ် ဆက်လက်သိမ်းဆည်းထားဆဲလို့ KNPPပါတီအတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း (၉) ခုအနက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းစတဲ့ ကရင်ဒုက္ခသည်စခန်း (၇) ခုမှာ ကရင်ဒုက္ခသည်များကော်မတီ KRC ရဲ့ စီမံကွပ်ကဲမှုအောက်မှာရှိပြီး စုစုပေါင်းလူဦးရေ ၁၄၀,၀၀၀ ကျော် ရှိနေသလို ကရင်နီဒုက္ခသည်စခမ်း (၂) ခုမှာတော့ ဒုက္ခသည်အရေအတွက် (၁၃,၀၀၀) ကျော်ရှိနေတယ် စခမ်းကော်မတီ မှတ်တမ်းမှာဖေါ်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်စခမ်းတွေကို ထိုင်း-မြန်မာနယ်စပ်ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း (TBBC) အပါအ ၀င် NGO အဖွဲ့တွေ လူမှုရေးအဖွဲ့အစည်းတွေကနေ နေထိုင်မှုနှင့်စားနပ်ရိက္ခာအကူညီပေးနေပေမဲ့ နောက်ပိုင်းမှာ အကူညီလျော့ချလာတဲ့အနေအထား ရှိလာခဲ့ပါတယ်။

ဒါ့အပြင်လက်ရှိထိုင်းအစိုးရကလည်း ဒုက္ခသည်များနေရပ်ရင်းကိုပြန်ရေးကို ဖိအားပေးမှုတွေရှိလာသလို ပြီးခဲ့တဲ့လ တွေတုန်းက နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နှစ်ဖက်တွေ့ဆုံမှုမှာလဲ စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရေးအစီအစဉ်ကို ထဲ့ သွင်းဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတို့အကြားဖြစ်ပွါးတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက် ၂၄၀၀၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ပေါင်းစပ် ညှိနှိုင်းရေးရုံး (OCHA) ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ကိုနိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မိုင်ဂျာယန် အစည်း အဝေးအောင်မြင်

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ မျက်နှာစုံညီ အစည်းအဝေးကို တွေ့ရစဉ်။ Photo: Ye Htet/RFA
မိုင်ဂျာယန်နောက်ဆုံးအစည်းအဝေးမှာ ရည်ရွယ်ချက် ၂ ရပ်၊ ခေါင်းစဉ်ကြီးလေးခုနဲ့ ကျင်းပလာရာ ၅ ရက်မြောက်နေ့မှာ ဘုံသဘောတူညီချက်တွေ ရရှိကြပီး  အစည်းအဝေး အောင်မြင်မှုရရှိတယ်လို့ သိရပါတယ်။

ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးနေ့ အစည်းအဝေးပွဲကို ည ၈ နာရီလောက်မှာ ပြီးဆုံးပီး ယေဘူယျ ဘုံသဘောတူညီချက်တွေ ရရှိပြီး အောင်မြင်မှုရှိ တဲ့အကြောင်း အစည်းအဝေးကျင်းပရေးကော်မီတီဥက္ကဌ ဦးခူးရယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဘုံသဘောထားရပ်တည်ချက်အခြေအနေတွေနဲ့ပတ်သက်လို့ ကျနော်တို့ အနည်းငယ် အချိန်ယူရအုံးမယ်ထင်ပါတယ်။ တချို့လဲ လမ်းခုလပ် တစ်စိတ်တစ်ပိုင်း ရောက်နေပြီလို့ ပြောလို့ရပါတယ်။ တစ်စုံလုံး ၅ ရက်တာ အစည်းအဝေးနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ကောင်းကောင်းမွန်မွန်ချောချောမွေ့မွေ့နဲ့ အဆင်ပြေပြေနဲ့ ကျနော်တို့ ပြီးမြောက် အောင်မြင်အောင် ကျင်းပနိုင်ခဲ့တယ်။ ရလဒ်ကိုလဲ မျှော်မှန်းသလောက်ရာနှုန်းပြည့်မရသော်လည်းပဲ အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်လို့ ပြောလို့ရပါတယ်"

ဒီအစည်းအဝေးကနေ ယျေဘူယျသဘောတူထားတဲ့ ဘုံသဘောထားရပ်တည်ချက် တွေနဲ့ပတ်သက်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ကိုယ်စားလှယ် စိုင်းကျော်ညွန့်က ခုလိုပြောပါတယ်။

"ပင်လုံလက်စွဲစာတမ်းကလဲ ပီးသလောက်ဖြစ်နေပါပီ ပြီးပါပီ တချို့စာတမ်းလေးတွေ နဲနဲဖြည့်စွက်ချင်တယ် အဲဒီအပေါ်မှာလဲ အားလုံးက သဘောတူညီပီးသားဖြစ်ပါတယ်။ ဒါကိုပြင်ဆင် ပြီးတော့ ဖြည့်စွက်နေတဲ့ အလုပ်အဖွဲ့က ဒီရက်ပိုင်းလေးမှာ ချက်ခြင်းမပြီးနိုင်တဲ့အတွက်ကြောင့်မို့ အတည်မပြုနိုင်သေးတာပဲရှိတယ်။ ပင်လုံလက်စွဲစာတမ်းက ပီးသွားပါပီ။ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရော မူဝါဒ ၈ ချက်ကလဲ သဘောတူပြီးသားဖြစ်တယ်။ ဒါပေမဲ့  အသေးစိတ်က ညှိနှိုင်းရတာတွေ ရှိတယ်ဆိုတော့ ဒါလဲ အတိုင်းအတာတခုထိ ပြီးတယ်လို့ ပြောလို့ရတယ်"

ဘုံသဘောထား ရယူဖို့ လိုအပ်နေသေးတဲ့ ကိစ္စရပ်တွေကိုတော့ ဆက်ပီးအတည်ပြုနိုင်ဖို့ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (CT) နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တို့ပူးပေါင်းပီး နည်းလမ်းရှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးကို ၅ ရက်တာကျင်းပခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် ၊ ပါတီ နဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ စတဲ့အဖွဲ့တွေလဲ တက်ရောက်ကြသလို  ၂၁ ရာစု ပင်လုံညီလာခံနဲ့ပတ်သက်လို့ အကြိုညှိနှိုင်းရေးနဲ့ အနာဂါတ်ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားများ ရရှိရေးဆိုတဲ့ ရည်ရွယ်ချက် ၂ ရပ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မဲဆောက်က မြန်မာတွေ ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြ၀တီနယ်စပ်တွင် တွေ့ရစဉ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့က ဈေးတွေမှာ မြန်မာနိုင်ငံသားတွေကို ဈေးရောင်းချခွင့်မပြုပဲ ထိုင်းအစိုးရက လိုက်လံဖမ်းဆီးနေတယ်လို့ မဲဆောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ ကိုယ်ပိုင်ဈေးဆိုင်တွေနဲ့ ဈေးရောင်းခွင့်မရှိဘူးလို့ပြောပြီး နေ့စဉ် ဖမ်းဆီး နေတာဖြစ်တယ်လို့ မဲဆောက်မှာ အငှားယာဉ်မောင်း လုပ်ကိုင်နေတဲ့ ကိုအချိုင်းက ပြောပါတယ်။

"ဖမ်းတယ်ဆိုတာက သူတို့ကပြောတာက မြန်မာပြည်သားတွေဈေးရောင်းခွင့်မရှိဘူးပေါ့၊ မြန်မာပြည်သားတွေက ကိုယ်ပိုင်ဆိုင်နဲ့ ဈေးရောင်းတာတို့၊ အလုပ်သမားတွေ တရားမဝင်ဗီဇာမရှိတဲ့သူ၊ တချို့ကျတော့ အလုပ်နဲ့ သူဌေးနဲ့မတည့်တာပေါ့၊ ဗီဇာထဲမှာ သူဌေးတစ်ယောက်၊ ကိုယ်လုပ်နေတာက သူဌေး တစ်ယောက် အဲ့ဒါမျိုးတွေမတူတာပေါ့နော်"

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က စတင်ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးရမိသူတွေဟာ ဘတ် ၁၆၀၀ နီးပါး ဒါဏ်ကြေးပေးဆောင်ရပြီး ဒါဏ်ငွေမဆောင်နိုင်သူတွေ ကို ဈေးဆိုင်ကုန်ပစ္စည်းတွေသိမ်းပြီး မြန်မာနိုင်ငံ ကို ပြန်လည်ပို့ဆောင်တယ်လို့လည်း ပြောပါတယ်။

မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခွဲကျော်ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

အစိုးရ အမည်ပျက် စာရင်း ပယ်ဖျက်ဖို့ စီစဉ်နေ

အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးမယ်သူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား အချို့ပါဝင်
အရင်အစိုးရတွေ လက်ထက်မှာ အမည်ပျက်စာရင်း ထည့်သွင်း ခံရသူတွေထဲက ပထမအသုတ်အနေနဲ့ လူ (၃၀၀)နီးပါးလောက်ကို စာရင်းကနေ ပယ်ဖျက်ပေးဖို့ ရှိနေပါတယ်။

လောလောဆယ်မှာ အမည်ပျက်စာရင်းမှာ ထည့်သွင်းတဲ့ အချက်အလက်တွေကို ဖြေလျော့ပေးပြီး စိစစ်မှုတွေ လုပ်နေပါတယ်။

အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် လူအများကြီးကို အမည်ပျက် စာရင်းထဲ ကနေ ပယ်ဖျက် ပေးမှာ ဖြစ်ပါတယ်။

အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးမယ်သူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား အချို့ပါဝင်ပါတယ်။

ဒီထဲမှာ နိုင်ငံခြား ပညာတော်သင်သွားပြီး ဌာနမှာ အလုပ်ပြန်မဝင်တဲ့ အစိုးရ ဝန်ထမ်းတွေ၊ လျော်ကြေးပေးဖို့ ပျက်ကွက်တဲ့ ဝန်ထမ်းတွေ ပါဝင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည့်သူအင်အားဦးစီးဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

တချိန်တည်း မှာပဲ အရပ်ဖက်အဖွဲ့အစည်း (၄၀)ကျော် က စုပေါင်း လက်မှတ် ထိုးပြီး ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဂုဏ်သိက္ခာ ရှိရှိပြန်လာဖို့ နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို အိတ်ဖွင့် စာ ပေးပို့ခဲ့ပါတယ်။

ပြည်ပ ရောက်နေတဲ့ သူတွေကို မြန်မာ နိုင်ငံသား လျှောက်တဲ့ အခါမှာ ဥပဒေနဲ့ အညီ နိုင်ငံသား ပြန်ပေးဖို့ တောင်းဆို ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ကိုဘိုကြည်က ပြောပါတယ်။

အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးဖို့ စိစစ်နေတဲ့ လူ ၃၀၀ ရဲ့ အမည်စာရင်း ဟာ လာမယ့် တစ်ပတ် အတွင်းထွက်လာဖို့ ရှိတယ်လို့ အမြဲတမ်းအတွင်း ဦးမြင့်ကြိုင်က ပြောပါတယ်။

လောလောဆယ်မှာ အစိုးရက အမည်ပျက်စာရင်း သွင်းထားတဲ့ စာရင်းက (၉၀၀၀) လောက်ရှိပြီး အဲဒီ အထဲက (၄၀၀၀)ကျော်ဟာ ပျက်စီး ပျောက်ဆုံးတဲ့ ပတ်စ်ပို့ စာအုပ်တွေ ဖြစ်ပြီး ကျန်တဲ့ (၄၀၀၀)ကျော်က လူစာရင်း ဖြစ်ပါတယ်။

လူစာရင်း ထဲမှာတော့ (၃၀၀၀)လောက်ဟာ နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေ၊ အကြမ်းဖက်အဖွဲ့ မူးယစ်ဆေးဝါးအဖွဲ့တွေ နဲ့ ဆက်နွယ်နေသူတွေ ပါဝင်ပြီး သူတို့ကိုတော့ စာရင်းထဲကနေ ပယ်ဖျက်ပေးမှာ မဟုတ်ပါဘူး။

လူစာရင်းထဲမှာ ကျန်တဲ့ လူ(၁၀၀၀)လောက်ကို အမည်ပျက် စာရင်း ကနေ ပယ်ဖျက်ပေးဖို့ စိစစ်နေတာ ဖြစ်တယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ