သီပေါမြို့နယ်မှာ RCSS/SSAနဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွား

ဓါတ်ပုံ - ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA အဖွဲ့နဲ့ RCSS / SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

သီပေါမြို့ကနေ မိုင် ၂၀ လောက်ဝေးတဲ့ မန်လွယ်နဲ့ ပါခါးဆိုတဲ့ ရွာနားတွေမှာဖြစ်တာလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် က ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်း ဥာဏ်က ပြောပါတယ်။

'' တိုက်ပွဲက ကျွန်တော်တို့နဲ့တော့ ဝေးတယ်၊ သီပေါနယ်ထဲကျတာပေါ့လေ၊ ဟိုမုကျေးရွာအုပ်စုပေါ့၊ ပါခါးရွာနားမှာ၊ ခုလောလောဆယ်တော့ ကျဆုံးမှုတွေ ဘာမှမကြားသေးဘူး၊ ကျွန်တော်ကြားတာက TNLA နဲ့ RCSS နဲ့ ဖြစ်ကြတာ၊ သီပေါနဲ့ဆိုလို့ရှိရင် မိုင် ၂၀ ကျော်ပေါ့၊ အဲ့နေရာက နမ့်ဆန်နဲ့ သီပေါ နယ် ခြားစပ်တဲ့ဒေသပေါ့ ၊ပလောင်ရယ် ရှမ်းတွေ စုပေါင်းနေတဲ့နေရာပေါ့''

ဒီကနေ့ မနက် ၆ နာရီလောက်ကတည်းက စတင်ဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံရွာသားတွေလည်း ရှောင်ပြေးလာကြတယ်လို့ ပြောပါတယ်။ တိုက်ပွဲကတော့ နေ့ခင်းပိုင်းလောက်မှာ ပြန်ရပ်သွားပြီလို့ TNLA က သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးမိုင်းအိုက်ကျော်က ပြောပါတယ်။

'' သီပေါမြို့နယ် ပန်ခါးတောင်ခေါ်တာပေါ့နော်၊ အဲဒီနေရာမှာ မနက် ၆ နာရီကတည်းက ကျွန်တော်တို့ နဲ့ RCSSနဲ့ တိုက်ပွဲ နှစ်နေရာဖြစ်တယ်၊ နောက်တစ်နေရာက သီပေါမြို့နယ်ထဲမှာပဲ မန်လွယ်ကျေးရွာမှာ မနက် ၆ နာရီလောက်ကဖြစ်တယ် ၁၂ နာရီလောက်အထိ ဖြစ်တယ်''

အဲဒီဒေသဟာ ရှမ်းနဲ့ ပလောင်တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ရွာတွေဖြစ်ကြပြီး ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
သီပေါမြို့နယ်မှာ RCSS/SSAနဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွား သီပေါမြို့နယ်မှာ RCSS/SSAနဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.