ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရသော ပုသိမ် NLD ပါတီဒုဥက္ကဌ အာမခံရရှိ၊ အမှုတွဲ အဖမ်းခံရသူနှစ်ဦး တရားသေလွတ်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဆင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်ကို ဂုဏ်သိက္ခာ ကျဆင်းစေသည့် စာသားများလူမှုကွန်ယက်တွင် တင်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၆)ဃဖြင့် တရားစွဲဆိုခံထားရသော ပုသိမ်မြို့နယ် NLD ပါတီ ဒုဥက္ကဌ ဦးစန်းရွှေအား နိုဝင်ဘာ(၉)ရက်၊ ပထမဆုံး ရုံးချိန်းတွင် ပုသိမ်မြို့နယ်တရားရုံးမှ အာမခံပေးခဲ့ပြီး ၎င်းနှင့် အတူတရားစွဲခံထားရသူ(၂)ဦးကိုလည်း တရားသေလွှတ်လိုက်ကြောင်း သိရှိရသည်။
 “ကျန်းမာရေးအခြေနေကြောင့် ပေးတဲ့အာမခံပါ။ ဒါပေမယ့်အမှန်တကယ်တော့ ဒီ(၆၆)ဃဆိုတာက ကျွန်တော်တို့ သူခိုး၊ ဂျပိုးတွေမဟုတ်ဘူး။ နိုင်ငံရေးသမားတွေ ဖြစ်ချင်ဖြစ်မယ်။ မီဒီယာသမားတွေ ဖြစ်ချင် ဖြစ်မယ်။ ဒါကို ဒီလို ဖြေရှင်းခွင့်မရဘဲ တိုင်တာနဲ့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖမ်း၊ အာမခံမရအောင် လူအခွင့်အရေးချိုးဖောက်ထားတဲ့ ပုဒ်မက မရှိသင့်တော့ပါဘူး။”ဟု အာမခံရရှိသူ ပုသိမ်မြို့နယ် NLD ပါတီ ဒုတိယ ဥက္ကဌ ဦးစန်းရွှေက ပြောသည်။

 ဆင်မကျေးရွာ NLD ပါတီ ဘဏ္ဍာရေးမှူးလည်းဖြစ်သူ ဦးအောင်ကိုလွင်သည် ကျေးရွာအတွင်းအရက်ဖြန့်ဖြူး ခြင်း၊ စက်လှေများအား ငွေကြေးတောင်းခံမှုများပြုလုပ်နေသည်ဟု တိုင်ကြားခဲ့သည့် တိုင်စာအပေါ်အခြေခံ၍ လူမှုကွန်ယက်အပေါ်တွင် ရေးသားဖြန့်ဝေခဲ့သည့် ဦးစန်းရွှေနှင့် တိုင်စာရေးသားခဲ့သူ ဆင်မကျေးရွာ NLD ပါတီ ဥက္ကဌ ဦးမြင့်နိုင်နှင့် ဒုဥက္ကဌ ဦးလွင်ဦးတို့အား ဦးအောင်ကိုလွင်မှ ဆက်သွယ်ရေးဥပဒေ ပုဒ်မ(၆၆)ဃဖြင့် အမှုဖွင့်ခဲ့ ခြင်းအပေါ် ပုသိမ်မြို့နယ်တရားရုံးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“နှစ်ယောက်လွတ်တယ်ဆိုတာက တရားစွဲအဖွဲ့အစည်းတွေအပိုင်းပေါ့။ကျွန်တော်တို့က ပထမတစ်ခေါက် ရမာန် ပေးတယ်ဆိုတာက အာမခံပေးလို့မရတဲ့ အမှုအပေါ်ချုပ်ထားဖို့ ရမာန်တောင်းလို့ ပေးလိုက်တာပဲ။စွဲတင်လာခြင်း မလာခြင်းက တရားစွဲအဖွဲ့အစည်းရဲ့အပိုင်းပေါ့။ ကျွန်တော်တို့ကတော့ စွဲတင်လာရင် အမှုဖွင့်ပြီး ဆက်လက် ဆောင်ရွက်ရတာပေါ့။ အာမခံပေးတယ်ဆိုတာလည်း သူတင်တဲ့ ဆေးစာရွက်စာတမ်းတွေ စုံလင်မှုရှိ၊ မရှိ ကြည့်ပြီး ပေးရတာပါ။”ဟု ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ပြောသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ်ရေးဝန်ကြီး၏ မှတ်ချက်တွင် တိုင်စာရေးသားခဲ့သူ ဆင်မကျေးရွာ NLD ပါတီဥက္ကဌ ဦးမြင့်နိုင်နှင့် ဒုဥက္ကဌ ဦးလွင်ဦးတို့သည် အင်တာနက်လူမှုကွန်ယက်အသုံးပြုခြင်း မရှိသူများဖြစ်၍ အမှုနှင့် မသက်ဆိုင်ကြောင်း အကြောင်းပြန်ခဲ့သဖြင့် လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ငွေဆောင်စခန်းမှူး ရဲအုပ် ထွန်းထွန်းစိုးထံမှ သိရသည်။
 “ရွာမှာဖြစ်နေတဲ့ဟာတွေကို ရွာသားတွေကတိုင်လို့ ကိုယ်ပါတီဝင်လည်းဖြစ် အကြီးအကဲလည်းဖြစ်တဲ့ ဦးစန်း ရွှေကို တင်ပြတိုင်ကြားတာ။ ကျွန်တော်တို့က အင်တာနက်လူမှုကွန်ယက်ကို အသုံးပြုတဲ့သူတွေလည်း မဟုတ် ပါဘူး။ အခုကဘာလို့လာဖမ်းတယ်လည်း မသိ၊ အခုလည်းဘာလို့ ပြန်လွှတ်ပေးမှန်းမသိဘဲ မင်းတို့ (၆၆)ဃ နဲ့ ငြိတယ်ဆိုပြီး အချုပ်ထဲမှာ(၁၄)ရက် နောက်ချုပ်ပြီးမှ လွှတ်လာတာပါ။ဒါကြောင့် ဒီလိုမျိုးတိုင်ချင်တဲ့သူကို တိုင် ချင်သလိုတိုင် ဖမ်းချင်သလို ဖမ်းနေတဲ့ ပုဒ်မ(၆၆)ဃကို ရှုံ့ချကန့်ကွက်ပါတယ်။”ဟု ဆင်မကျေးရွာ NLD ပါတီ ဥက္ကဌ ဦးမြင့်နိုင်က ပြောသည်။

ဦးစန်းရွှေအား နိုဝင်ဘာလ(၂၄)ရက်၊ ဆင်မကျေးရွာ NLD ပါတီ ဥက္ကဌ ဦးမြင့်နိုင်နှင့် ဦးလွင်ဦးတို့အား နိုဝင်ဘာလ(၂၅)ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှုအားတိုင်ကြားခဲ့သူ ဦးအောင်ကိုလွင်မှ မိမိတိုင်ကြားရခြင်းမှာ ပါတီမှလူကြီးများ ဖြစ်သလိုမိမိနှင့်လည်း အ လွန်ရင်နီးသည့် လူကြီးများဖြစ်သည့်အတွက် မိမိသိက္ခာကျအောင် မမှန်မကန်သည့် တိုင်ကြားမှုများ မလုပ်သင့် ဘဲ လုပ်ဆောင်ခဲ့သည့်အတွက် ယခုကဲ့သို့အခြေအနေအထိ ရောက်ရှိလာရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 လူမှုကွန်ယက်တွင် မိမိအားမဟုတ်မမှန်ရေးသားသည်ကို အရေးယူပေးပါရန် ဦးအောင်ကိုလွင်၏ တိုင်ကြားမှု ကြောင့် ဦးစန်းရွှေကို အာမခံပေးထားပြီး (ပ)၃၉/၂၀၁၆ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆) ဃ ဖြင့် ဒီဇင်ဘာ(၁၆)ရက်ရုံချိန်းတွင် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်တရားရုံးမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရသော ပုသိမ် NLD ပါတီဒုဥက္ကဌ အာမခံရရှိ၊ အမှုတွဲ အဖမ်းခံရသူနှစ်ဦး တရားသေလွတ်  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရသော ပုသိမ် NLD ပါတီဒုဥက္ကဌ အာမခံရရှိ၊ အမှုတွဲ အဖမ်းခံရသူနှစ်ဦး တရားသေလွတ် Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.