သတ်မှတ်ထားသည့် အချိန်မသိလိုက်၍ NLD ကိုယ်စားလှယ်လောင်းအမည်စာရင်း မတင်သွင်းလိုက်ရ


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းများအမည်စာရင်းတင်သွင်းရာတွင် သတ်မှတ်ရက်၏အချိန်ကို မသိရှိလိုက်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနောက်ကျခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြားဖြတ်ရွေးကောက်ပွဲလျာထားလုပ်ငန်းစဉ်အချိန်စာရင်း အသိပေးကြေညာစာအရ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများတင်သွင်းနိုင်မည့်နေ့ရက်မှာ နိုဝင်ဘာလ၂၈ မှ ဒီဇင်ဘာလ ၇ ရက်နေ့ ရုံးချိန် ညနေ(၄း၃၀)တွင် နောက်ဆုံးတင်သွင်းရမည်ဟု ကြေညာထားသည်။ သို့သော် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းမတင်သွင်းထားသည်ကိုတွေ့ရသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဒီဇင်ဘာလ(၉)ရက်နေ့မှ လာတင်သဖြင့် သတ်မှတ်ရက်ကျော်လွန်သွားသောကြောင့် လက်ခံ၍မရကြောင်း ကယားပြည်နယ်ရွေးကော်ပွဲကော်မရှင်အရာရှိ ဦးကျော်ဆန်းဝင်းက ကန္တာရဝတီတိုင်း(မ်)သို့ ဒီဇင်ဘာလ ၉ ရင်နေ့ ညနေ့ ၄ နာရီကျော်အချိန်က ပြောသည်။

"သူတို့ ဒီနေ့မနက်မှလာတင်တဲ့အတွက် အဲ့ဒါရက်ကကျော်သွားပြီ တင်လို့မရတော့ဘူး။ ဆရာတို့ကတော့ ပြည်နယ်ရွေးကောက်ပွဲ နည်းဥပဒေ ၁၉(ဂ)မှာ သတ်မှတ်တဲ့ရက်ကျော်လွန်က အချိန်ကျော်၍လာတင်တဲ့ဥစ္စာကို ဒါကို မလက်ခံရဘူးလို့ နည်းဥပဒေ ၁၉(ဂ)မှာ ပြဌာန်းထားတဲ့အတွက် ဆရာတို့က လက်ခံလို့မရဘူးလေး ” ဟု ဦးကျော်ဆန်းဝင်းက ပြောကြားသည်။

အမည်စာရင်းအား နောက်ကျမှတင်ရခြင်းအကြောင်းအရင်းမှာ ၎င်းတို့ရွေးချယ်ထားသောကိုယ်စားလှယ်လောင်းသည် အတွေ့အကြုံမရှိသေးသောကြောင့် ကော်မရှင်ရုံးတွင်ကြေညာသောစာ၊ ရုပ်သံတွင်ဖော်ပြသော သတင်းအချက်အလက်များကို မသိလိုက်ပဲဖြစ်သွားသည်ဟု ဖရူဆိုမြို့နယ် NLD ဥက္ကဌ(လက်ရှိပြည်သူ့လွတ်တော်ကိုယ်စားလှယ်) ဦးပဲ့ဒူက ပြောပါသည်။

"ကျနော်ကလည်းပဲမသိလိုက်ဘူး။ မသိလိုက်ဘူးဆိုတာက ကျနော့်မှာအားနည်းချက်က မသိလိုက်တာအားနည်းချက်ဖြစ်တယ်။ သိအောင်မကြိုးစားလိုက်တာက ကျနော့်ရဲ့အားနည်းချက်ဖြစ်နေတယ်။ ဒါကြောင့်မလို့ ကျနော်ကလည်း သူ့ကိုထပ်ပြီးတော့မှ သတိမပေးလိုက်ရတဲ့ကိစ္စကလည်းပဲ ဒါကျနော့်ရဲ့အားနည်းချက်လို့ပဲ ကျနော်ကတော့ ဒီလိုပဲဝန်ခံရမှာပေါ့ဗျာ။ မရှက်မကြောက်ပဲ ကိုယ်ကတော့ခုနကပြောသလိုပေါ့လေး။ ဥက္ကဌတစ်ယောက်အနေနဲ့ အရာရာကိုမညွန်ကြားခဲ့တာဟာ ကိုယ့်ရဲ့အားနည်းချက်ပေါ့ဗျာ ” ဟု ဦးပဲ့ဒူက ပြောသည်။

ကော်မရှင်အနေနှင့် ၎င်းတို့၏ဥပဒေအတိုင်းဆောင်ရွက်မည်ဖြစ်သော်လည်း ကာယံကာရှင်၏လက်ထဲကို သတင်းပို့ပေးသင့်ပါသည်ဟု ၎င်းက ဆက်ပြောပါသည်။

မိမိတို့ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းကို နောက်ကျသွားသော်လည်း ရွေးကောက်ပွဲကျင်းပရန် အချိန်များစွာကျန်နေသေးသောကြောင့် အပြန်အလှန်ဆွေးနွေးပြီးအဖြေအသစ်တစ်ခု ထွက်လာရန် မျှော်လင့်ကြောင်း ဦးပဲ့ဒူက ဆက်ပြောသည်။

ဖရူဆိုမို့နယ်ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းစာရင်းအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပြန်ကြေညာရာတွင် အမျိုးသားတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်းဦးဆူးရယ်၊ (ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေဒီပါတီ၊ ကယန်းအမျိုးသားပါတီ)ပေါင်းမှ ရွေးချယ်ထားသော လူမျိုးပေါင်းစုံဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်း ဦးသဲရယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရီးချက်တို့ ဖြစ်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ရွေးချယ်ထားသောကိုယ်စားလှယ်လောင်းမှာ ဦးလွီးဇီဖြစ်သည်။

သတင်း/ဓာတ်ပုံ - ထျိုးမြာ၊စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
သတ်မှတ်ထားသည့် အချိန်မသိလိုက်၍ NLD ကိုယ်စားလှယ်လောင်းအမည်စာရင်း မတင်သွင်းလိုက်ရ သတ်မှတ်ထားသည့် အချိန်မသိလိုက်၍ NLD ကိုယ်စားလှယ်လောင်းအမည်စာရင်း မတင်သွင်းလိုက်ရ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.