MLM လုပ်ငန်းတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမည်

ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး ကို တွေ့ရစဉ်
Multi Level Marketing လို့ခေါ်တဲ့ ဆင့်ပွားအရောင်းလုပ်ငန်းတွေအတွက် သီသန့်ဥပဒေ ပြဌာန်းထားတာ မရှိပေမယ့် စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်ပေါ်မူတည်ပြီး တည်ဆဲဥပဒေတွေဖြစ်တဲ့ အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြည်သူ့ လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။

Multi Level Marketing ( MLM ) လို့ခေါ်တဲ့ ဆင်ပွားအရောင်းလုပ်ငန်းကို တားမြစ်ကန့်သတ်ပိတ်ပင်ပြီး အရေး ယူဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ လှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော် ဦး မေးမြန်းတာကို ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က အခုလို ပြန်လည်ဖြေဆိုခဲ့တာပါ။

"ဒီနေ့ နိုင်ငံတော်ရဲ့ စီးပွားရေးစနစ်ဟာ ဈေးကွက်စီးပွားရေးစနစ် ဖြစ်တာနဲ့အညီ ရောင်းဝယ်မှုပုံစံအမျိုးမျိုးအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်း ဥပဒေများနဲ့အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက၄င်း၊ MLM စနစ်ဖြင့်ဆောင်ရွက်သော ကုန်ပစ္စည်းများကို အခွန်တိမ်းရှောင်မှုများ စစ်ဆေးတွေ့ရှိပါက၄င်း၊ ဥပဒေနဲ့အညီ ဒဏ်ငွေတပ်ခြင်း၊ တရားစွဲဆိုခြင်းတို့ကိုလည်း အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ဒါ့အပြင် MLM စနစ်နဲ့တင်သွင်းရောင်းချတဲ့ အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်များရဲ့ အရည်အသွေးပြည့်မီရေး၊ အာနိသင်စစ်မှန်ကောင်းမွန်ရေး၊ ဘေးဥပါဒ်ကင်းရှင်းရေးအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က စိစစ်ပြီး တရားမ၀င် တင်သွင်းမှုများ တွေ့ရှိပါကလည်း ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်းလည်း  ဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောဆိုသွားပါတယ်။

ဒေသတွင်း အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ ဗီယက်နမ်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံနဲ့ အင်ဒိုနီး ရှားနိုင်ငံတွေမှာ MLM လုပ်ငန်းတွေအတွက် ဥပဒေပြဌာန်းပြီး ထိန်းချုပ်ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်အောင်စိုး က ပြောဆိုသွားပါတယ်။

MLM လုပ်ငန်းရှင်အများစုဟာ ပြည်ပကလုပ်ငန်းရှင်အများစုဖြစ်ကြောင်းနဲ့ ပြည်တွင်း မြန်မာကျပ်ငွေကို ဒေါ်လာနဲ့ လဲလှယ်ပြီး ထုတ်ယူသွားတာကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေကြောင်းနဲ့ တင်သွင်းရောင်းချတဲ့ ကုန်ပစ္စည်းတွေဟာလည်း တရားဝင်တင်သွင်းခွင့်ပြုထားတာ ဟုတ် မဟုတ်၊ ကုမ္ပဏီတွေ ကိုလည်း မှတ်ပုံထားခြင်း ရှိ မရှိ စတာတွေကို သေချာစိစစ်သင့်ကြောင်းလည်း မေးခွန်းမေးမြန်းသူ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ထည့်သွင်းဆွေးနွေးသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese
MLM လုပ်ငန်းတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမည် MLM လုပ်ငန်းတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမည် Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.