ပေါက်ကွဲမှုများကြောင့် ကောလာဟလမျိုးစုံပေါ်ထွက်ခဲ့သော်လည်း M-150 အချိုရည် အရောင်းသွက်နေဆဲ

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ အစိုးရဌာနရုံးအချို့တွင် M-150 အချိုရည်ပုလင်းများနှင့်ဆက်စပ်၍ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း M-150 အချိုရည်သည် ဈေးကွက်တွင် ပုံမှန်အရောင်းသွက်နေကြောင်း သိရသည်။

''ပေါက်ကွဲမှုဖြစ်ခဲ့တာ M-150 အချိုရည်ပုလင်းတွေက ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ဖြစ်ပြီး ၂ ရက်လောက်ပဲ အရောင်းအေးခဲ့တယ်။ ခုနောက်ပိုင်းတော့ ပြန်ပြီးအရောင်းအ၀ယ်ကောင်းလာပါတယ်။ M-150 အချိုရည်က သူများအချိုရည်လို မဟုတ်ဘူး။ သောက်လိုက်တာနဲ့ အမှန်တကယ်အားပြည့်ပြီး လန်းဆန်းမှုကိုပေးပါတယ်။ အိပ်ရေးပျက်တဲ့သူတွေ ခရီးပန်းတဲ့သူတွေ မူးဝေနေတဲ့သူတွေအတွက် သိသိသာသာ ပြန်လည်ကောင်းမွန်စေတယ်လေ။ ထင်တာတော့ဈေးကွက်မှာ ဒီအချိုရည်ဈေးကွက်ပျောက်သွားအောင် လုပ်ကြံတာလားလို့ သုံးသပ်မိပါတယ်''ဟု သာကေတမြို့နယ်ရှိ အချိုရည်ဖြန့်ဖြူးသည့် အရောင်းဆိုင်တဆိုင်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးဝယ်စင်တာများဖြစ်သော Ocean စင်တာတွင် နိုဝင်ဘာလ ၁၇ ရက်တွင် လည်းကောင်း၊ ဒေါပုံမြို့နယ် ကျောက်တိုင်ရှိ Capital တွင် နိုဝင်ဘာ ၂၀ ရက် တွင်လည်းကောင်း၊ တောင်ဒဂုံမြို့နယ် လ၀ကရုံးတွင် နိုဝင်ဘာလ ၂၄ ရက်တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်နိုဝင်ဘာ ၂၅ ရက်တွင် လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ အဆိုပါပေါက်ကွဲမှုများမှာ M-150 အချိုရည်ပုလင်းများနှင့် ဆက်စပ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့ကြောင်း၊ သို့ရာတွင် အခင်းဖြစ်ပွားပြီး ၂ ရက်လောက်သာ အရောင်းအ၀ယ်အေးခဲ့ပြီး နောက်ပိုင်း၌ ဈေးကွက်ပြန်တည်ငြိမ်လာပြီး ယခုလက်ရှိ တွင် M-150 အချိုရည်ဈေးကွက်မှာ ပုံမှန်အရောင်းသွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အချိုရည်များစွာကို ဈေးကွက်တွင် ဖြန့်ချိရောင်းချနေပြီး မူလ အားဖြည့်အချိုရည်များဖြစ်သော ကျွဲရိုင်း၊ လစ်ပိုများအပြင် ယခုနောက်ပိုင်းဈေးကွက် တွင် အရောင်းသွက်လာသော M-150 ၊ ကျွဲစိမ်း၊ 100 Plus ၊ ဒဂုံအားဖြည့်အချိုရည် စသည်ဖြင့် အမည်မျိုးစုံဖြင့် နေရာယူနေကြပြီး M – 150 အချိုရည်မှာ အခြား သောအချိုရည်များထက် လူကြိုက်များပြီး ရောင်းအားသွက်သော အားဖြည့်အချိုရည် ဖြစ်ကြောင်း သိရသည်။

နီနီ
News Watch
https://www.facebook.com/NewsWatchJournal/
ပေါက်ကွဲမှုများကြောင့် ကောလာဟလမျိုးစုံပေါ်ထွက်ခဲ့သော်လည်း M-150 အချိုရည် အရောင်းသွက်နေဆဲ  ပေါက်ကွဲမှုများကြောင့် ကောလာဟလမျိုးစုံပေါ်ထွက်ခဲ့သော်လည်း M-150 အချိုရည် အရောင်းသွက်နေဆဲ Reviewed by THITHTOOLWIN on 12:18 Rating: 5
Powered by Blogger.