December 16, 2016/KNG
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်နယ်မြေ နှင့် ပြည်နယ်အနှံ တပ်စခန်းများကို အစိုးရ တပ်မတော် က တိုက်လေယာဉ်များ အသုံးပြုပြီး ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်မှ စပြီး အပြင်းထန်ဆုံး ထိုးစစ်ဆင် တိုက်ခိုက်နေပါသည်။
KIA လိုင်ဇာ ဗဟိုဌာနချုပ် လှုပ်ရှားတပ်ရင်း ၂၅၂ စခန်း ဂီးဒွန် (Gidon) နှင့် တပ်ရင်း ၃ Lai Hpawng စခန်းတို့ကို မနက် ၄နာရီခန့်မှ လက်နက်ကြီး နှင့် စတင်ပစ်ခတ်ခဲ့သည်မှာ ယခု ထိပင် ဖြစ်ကြောင်း KIA ရှေ့တန်း သတင်းက ပြောပါသည်။
အစိုးရတပ်မတော်မှ မနက် ၆ နာရီ ခွဲတွင် ဂျက်တိုက်လေယာဉ် ၂ စီး ၊ နေ့လယ် ၁၂ နာရီတွင် ရဟတ်ယာဉ် ၂ စီး တို့ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ပြီး မွန်းလွဲပိုင်း ၁ နာရီခန့်မှာတော့ ခြေလျှင်တပ် အင်အားအလုံးအရင်း နှင့် KIA ဌာနချုပ် နယ်မြေကို တိုက်ခိုက်ခဲသည်ဟု KIO သတင်း က ဆိုထားပါသည်။
အစိုးရတပ်မတော်မှ ဂီးဒွန် နှင့် Lai Hpawng Bum တို့အား ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ယနေ့ ၄ လတိတိ ပြည့်သော အချိန်လည်း ဖြစ်နေပါသည်။
ယနေ့ ပြင်းထန်သည့် ထိုးစစ်အတွင်း ဂီးဒွန်စခန်းကို အစိုးရမှ သိမ်းပိုက်လိုက်သည် ဆိုသော သတင်းများ လွင့်နေပြီး KIA ရှေ့တန်းသတင်းတွေကတော့ နဂိုအတိုင်း မဆုတ်ဘဲ ပုံမှန် ခုံခံနေဆဲ ဖြစ်သည်ဟု ပြောပါသည်။
တိုက်ပွဲမှာ ယခုထိ ပြင်းထန်နေဆဲ ဖြစ်ပြီး နှစ်ဖက် ထိခိုက် ဒဏ်ရာ ရမှု သတင်းများကိုမူ မသိရသေးပါ။
ထို့အပြင် ယနေ့ မနက် ၁ နာရီမှ စပြီး အစိုးရတပ်မတော်က လိုင်ဇာ ဗဟိုဌာနချုပ်ဘက်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအချို့မှာ ကျရောက်ခဲ့သည်ဟု ဒေသခံများ ဆိုပါသည်။
မြန်မာစစ်တပ်၏ အဆိုပါ ကျေးရွာများဘက်ကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများအနေဖြင့် သွားလာရေး ပိုသတိထားဖို့ ၊ ရွာပြင်မထွက်ဖို့ နှင့် လူစုလူဝေး အစည်းအဝေးများမပြုလုပ်ရန် KIO သတင်းဌာနဖြစ်သည့် လိုင်ဇာ FM နှင့် လိုင်ဇာ TV တွင် သတိပေး ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
အလားတူ ယနေ့မှာဘဲ ကချင်ပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၁ အောက် တပ်ရင်း ၄ ဒေသ နှင့် တပ်မဟာ ၃ အောက် မံစီ မြို့နယ်တွေမှာ တပ်မတော်က လေကြောင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်ဟု KIO သတင်းတွေမှာ ဖော်ပြထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့ ရှမ်းမြောက်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော်KIA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်မိတ်အဖွဲ့က အစိုးရတပ်စခန်းများကို တိုက်ခိုက်ပြီးနောက် တပ်မတော်မှ ကချင်ပြည်နယ် KIA တပ်စခန်းများကို ပြန်လည် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
Kachin News Group
https://www.facebook.com/theKachinNews/
အစိုးရ တပ်မှ KIA ကို ထိုးစစ် ပြန်ဆင်
Reviewed by THITHTOOLWIN
on
22:19
Rating:
