ရှမ်းပြည်နယ်လွှတ်တော်က KIA, TNLA, MNDAA အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ရန် အတည်ပြု


(တောင်ကြီး၊ ဒီဇင်ဘာ ၇)

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂၀၁၆) ဒုတိယနေ့၌ လားရှိုးမဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ တင်သွင်းခဲ့သည့် `` ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်၊ ကွတ်ခိုင်ဒေသများတွင် ဖြစ်ပွားနေသည့် KIA, TNLA, MNDAA လက်နက်ကိုင် သောင်းကျန်းသူများ၏ အပြစ်မဲ့ပြည်သူလူထုအပေါ် ဆောင်ရွက်ကြသည့် ဆောင်ရွက်ချက်များအပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြောင်း´´ အရေးကြီးအဆိုကို ယနေ့ ဒီဇင်ဘာလ ၇ ရက်က ပြုလုပ်သည့် အရေးပေါ်အစည်းအဝေး တတိယနေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါအရေးကြီးအဆိုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်နှင့် ဦးစိုင်းကျောက်(မိုင်းဖြတ် ၁)၊ ဦးဒါဝိဒ်(မိုင်းဆတ် ၂)၊ ဦးခွန်သူရအောင် (တောင်ကြီး ၂)၊ ဗိုလ်မှူး အောင်သူခိုင်၊ ဗိုလ်ကြီး ပေါ်လာ၊ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇုတ်ဒေါင်တို့က ထောက်ခံဆွေးနွေးခဲ့သည့်အပြင် ဦးခိုင်ညီညီကျော်(ရပ်စောက် ၂)မှ ကန့်ကွက်ဆွေးနွေးခဲ့သောကြောင့် ပြည်နယ်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၅ ဦးအနက် ထောက်ခံသူ ၆၃ ဦး၊ ကန့်ကွက်သူ ၄၅ ဦးနှင့် ကြားနေသူ ၇ ဦးရှိသဖြင့် `` ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်၊ ကွတ်ခိုင်ဒေသများတွင် ဖြစ်ပွားနေသည့် KIA, TNLA, MNDAA လက်နက်ကိုင် သောင်းကျန်းသူများ၏ အပြစ်မဲ့ပြည်သူလူထုအပေါ် ဆောင်ရွက်ကြသည့် ဆောင်ရွက်ချက်များအပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြောင်း´´ အဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ အရေးပေါ်အစည်းအဝေးကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၅ ရက်က စတင်ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေး တတိယနေ့သို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃၅ ဦးရှိသည့်အနက် ၁၁၆ တို့ဦးမှ တက်ရောက် ဆွေးနွေးနေခြင်းဖြစ်သည်။

ဓါတ်ပုံ - လူမှုကွန်ရက်
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
ရှမ်းပြည်နယ်လွှတ်တော်က KIA, TNLA, MNDAA အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ရန် အတည်ပြု  ရှမ်းပြည်နယ်လွှတ်တော်က KIA, TNLA, MNDAA အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ရန် အတည်ပြု Reviewed by THITHTOOLWIN on 15:32 Rating: 5
Powered by Blogger.