မောင်တောတိုက်ခိုက်သူတွေ ဆော်ဒီနဲ့ ပါကစ္စတန်အဖွဲ့တွေနဲ့ အဆက်သွယ်ရှိဟု ICG ပြောကြား

(Photo-Video Screen Capture)
အောက်တိုဘာလဆန်းက မောင်တောဒေသ နယ်ခြားစောင့်ရဲ့စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာမူဆလင်အဖွဲ့ကို ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေနဲ့ ဆက်စပ်နေကြောင်း ဒီအဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာလို ယုံကြည်ချက်လှုပ်ရှားမှုလို့ အဓိပ္ပာယ်ရတဲ့ Harakah-al-Yakin လို့ အမည်ပေး ထားတဲ့ ဒီရိုဟင်ဂျာအဖွဲ့ဟာ မောင်တောဒေသတိုက်ခိုက်မှုတွေဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ဗီဒီယိုတွေမှာ ပြောဆိုဝန်ခံထားပြီး ICG အဖွဲ့အနေနဲ့ ဒီအဖွဲ့ထဲက ၄ ဦးကို ရခိုင်ပြည်နယ်မှာ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သလို ကျန်တဲ့ ၂ ဦးကို မြန်မာနိုင်ငံပြင်ပမှာ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ဝင်တွေနဲ့ အဆက်သွယ်ရှိသူတွေကိုလည်း အင်တာနက်မှာ စာနဲ့အပြန်အလှန် ပြောဆိုခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ဒီအဖွဲ့ကို ၂ဝ၁၂ ရခိုင်ပြည်နယ်ပဋိပက္ခတွေအပြီး ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ အာဖဂန်နဲ့ ပါကစ္စတန်မှာ ပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးသူ ရိုဟင်ဂျာမူဆလင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂ နှစ်ကြာ စစ်ဆင်ရေးသင်တန်းတွေ ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသင်တန်းတွေမှာ လက်နက်အသုံးချနည်း၊ ပျောက်ကျားစစ်ဆင်ရေးဗျူဟာ၊ ဖောက်ခွဲရေးပစ္စည်း သင်တန်းတွေပါဝင်ကြောင်း၊ ဒီအုပ်စုခေါင်းဆောင်ဟာ “Ata Ullah ဖြစ်ပြီး ဆော်ဒီအာရေဗီးယားကို သွားရောက်သင်တန်းတက်ခဲ့တဲ့ ရိုဟင်ဂျာ ၂ဝ ထဲက တဦးဖြစ်ကြောင်း၊ သူဟာ မောင်တောတိုက်ခိုက်မှုအပြီး အင်တာနက်မှာ ထွက်ပေါ်ခဲ့တဲ့ ဗီဒီယို ၉ ခုထဲမှာ ပါဝင်ခဲ့ပြီး အဖွဲ့ရဲ့ ရခိုင်ပြာ်နယ် လှုပ်ရှားမှုကို ဦးဆောင်နေကြောင်းလည်း ICG က ရေးပါတယ်။ ဒါ့အပြင် ဒီအုပ်စုကို ဆော်ဒီနိုင်ငံမက္ကာမြို့မှာ ရုံးချုပ် အခြေစိုက်တဲ့ ရိုဟင်ဂျာအကြီးအကဲ ၂ဝ ပါတဲ့ ကော်မတီက ကြီးကြပ်တယ်လို့လည်း ဆိုပါတယ်။

ဒီအဖွဲ့ဟာ ရခိုင်ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာမတွေ့ရကြောင်း၊ ဒါပေမယ့် သူတို့ရဲ့ရည်ရွယ်ချက် ဟာ ပြောင်းလဲလာနိုင်ကြောင်း၊ ဘာသာရေးတိုက်ပွဲပုံစံအနေနဲ့ ရပ်တည်လာနိုင်ပြီး နိုင်ငံတကာ ဘာသာရေးစစ်ဆင်နွဲနေတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်နေနိုင်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ စစ်ဆင်ရေးအရချည်းချဉ်းကပ်တာမျိုးမလုပ်ဘဲ သူတို့နောက်ကွယ်က ခံစားနေရတဲ့ ပြဿနာတွေကိုလည်း အလေးနက်ထားဖြေရှင်းဖို့လိုကြောင်း ICG က တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မောင်တောတိုက်ခိုက်သူတွေ ဆော်ဒီနဲ့ ပါကစ္စတန်အဖွဲ့တွေနဲ့ အဆက်သွယ်ရှိဟု ICG ပြောကြား မောင်တောတိုက်ခိုက်သူတွေ ဆော်ဒီနဲ့ ပါကစ္စတန်အဖွဲ့တွေနဲ့ အဆက်သွယ်ရှိဟု ICG ပြောကြား Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.