နေပြည်တော်၊ ဒီဇင်ဘာ ၈
ဗြိတိန်နိုင်ငံမှ Daily Mail သတင်းဌာနသည် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၃၂ မိနစ်(UK စံတော်ချိန်)တွင် Daily Mail သတင်း Online စာမျက်နှာ၌ ကလေးငယ် တစ်ဦးကို မြန်မာ့တပ်မတော်က ရက်စက်စွာ နှိပ်စက် ညှင်းပမ်းနေကြောင်း သတင်းမှား တစ်ပုဒ်ကို ဓါတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။
Dave Burke ရေးသားသော Heartbreaking images show 'Rohingya toddler tortured with a stun gun by laughing Burmese soldier' as Burma continues crackdown on the country's Muslim minority သတင်းခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် အဆိုပါ သတင်းတွင် ကြောက်လန့် ငိုယိုနေသည့် ကလေးငယ် တစ်ဦးအား ကျင်စက်ဖြင့်တို့၍ နှိပ်စက် ညှင်းပမ်းကာ ရယ်မောလျက်ရှိသည့်ဓာတ်ပုံများကို Daily Mail က ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါသတင်းကို အချိန်အတန်ကြာ အွန်လိုင်းစာမျက်နှာတွင် လွှင့်တင်ခဲ့ပြီးနောက် ယင်းသတင်းအောက်တွင် ဖတ်ရှုသူအချို့က ယင်းသတင်းမှာ ကမ္ဘောဒီးယားနိုင်ငံ၊ Mondulkiri ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ ထိုသို့ ကလေးငယ်အား ညှင်းပမ်းနှိပ်စက်သူများကို ဖမ်းဆီးထားပြီး ဖြစ်ပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်လျက် ရှိကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသူမှာ သတင်းဗီဒီယို ပြန့်နှံ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း မှတ်ချက်များ ဝင်ရောက်ရေးသားခဲ့ကြောင်း တွေ့ရှိရသည်။
သတင်းမှားဖြစ်ကြောင်း ဝေဖန်ချက် ရေးသားမှုများ တွေ့မြင်ရပြီးနောက် Daily Mail သတင်းစာမျက်နှာမှ အဆိုပါသတင်းကို ဖြုတ်ချသွားခဲ့သည်။ သို့သော် အခြားသော အွန်လိုင်းစာမျက်နှာအချို့တွင် Daily Mail မှ ရရှိသော သတင်း ဟူ၍ ဇစ်မြစ် ဖော်ပြလျက် ထပ်ဆင့် ဖော်ပြမှုများ ကျန်ရှိနေကြောင်း တွေ့ရှိရသည်။
၎င်းအပြင် လက်ရှိအချိန်တွင်လည်း Daily Mail ၏ မဟုတ်မမှန်သတင်းမှားကို အခြေခံ၍ စွပ်စွဲပြောကြားမှုများမှာ လူမှုကွန်ရက် မီဒီယာတစ်ခု ဖြစ်သည့် Twitter တွင် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့လျက် ရှိကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အခြားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် မှတ်တမ်းများကို လွဲမှားစွာ အသုံးပြု၍ သတင်းမှား ချဲ့ကား ဖော်ပြခြင်းသည် လက်ရှိအချိန် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများ ပိုမို မြင့်တက်လာစေခဲ့ကြောင်း တွေ့ရှိရသည်။
သို့သော်လည်း Daily Mail သည် သတင်းမှားဖော်ပြမိခြင်းအတွက် အမှားပြင်ဆင်ခြင်း၊ တာဝန်ယူခြင်းများ တစ်စုံတစ်ရာ မရှိဘဲ သတင်းမှားအား ပြန်လည် ဖြုတ်ချသွားခဲ့သည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင် အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွက် ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့် အညီ ဆောင်ရွက်လျက် ရှိရာ မောင်တောဒေသတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်သည့် အခြား နေရာဒေသများမှ ဓါတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ၊ လုပ်ကြံဖန်တီးထားသည့် သတင်းမှားများ အမြောက်အမြား ပြန့်နှံ့လျက် ရှိသည်။
မကြာသေးခင်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အခြေစိုက် UNHCR ဝန်ထမ်းတစ်ဦးဖြစ်သော John McKissick ၏ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်သိက္ခာနှင့်မညီဘဲ တာဝန်မဲ့ပြောကြားချက်များကို အခြေခံပြီး မမှန်သတင်းများကို BBC ၊CNN ၊ CNA နှင့် Al Jazeera စသော သတင်းဌာနများ က ဖော်ပြခဲ့ကြပြီးနောက်တွင် ယခုကဲ့သို့ Daily Mail သတင်းဌာနက သတင်းမှား ထပ်မံ ဖော်ပြလာခဲ့ခြင်းဖြစ်သည်။
Daily Mail သတင်းစာသည် UK အခြေစိုက် သတင်းစာ တစ်စောင်ဖြစ်ပြီး Daily Mail and General Trust က ပိုင်ဆိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရမှ တာဝန်ရှိသူများအနေဖြင့် Daily Mail က သတင်းမှား ဖော်ပြ ခဲ့ခြင်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရလည်းကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း လေ့လာလျက် ရှိပြီး ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
https://www.facebook.com/MyanmarSCOInfoCom
ကလေးငယ်တစ်ဦးအား မြန်မာ့တပ်မတော်က နှိပ်စက်နေကြောင်း Daily Mail သတင်းဌာနက သတင်းမှား ဖော်ပြခဲ့
Reviewed by THITHTOOLWIN
on
21:48
Rating:
