စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုတိယသမ္မတ တွေ့ဆုံ

ရန်ကုန်မြို့ UMFCCI ကုန်သည်များနဲ့ စက်မူလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်စဉ်။ Photo: Thiha Tun/RFA
ပြည်တွင်း ပြည်ပစီးပွားရေး လုပ်ငန်းတွေကို ဖိတ်ခေါ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို လာမယ့် ၂ဝ၁၇  ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ထုတ်ပြန်သွားမှာဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ရန်ကုန်မြို့ UMFCCI ကုန်သည်များနဲ့ စက်မူလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီနေ့ ပြုလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောခဲ့တာဖြစ်ပါတယ်။

"စီးပွားရေးမူဝါဒရဲ့ အဓိကကျတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမူကဏ္ဍမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမူတွေဖိတ်ခေါ်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံမူ မူဝါဒတွေကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်၊ မကြာခင်မှာလည်း နည်းဥပဒေတွေ အမိန့်ကြေငြာစာတွေ ထုတ်ပြန်သွားမှာဖြစ်ပါတယ်၊ ဒါကတော့ ဇန်န၀ါရီလ နောက်ဆုံးပတ်လောက်မှာ ဆက်လက်ပြီးထုတ်ပြန် ရမယ့်ဟာတွေ ပြီးစီးသွားမယ်လို့ သိရှိရပါတယ်"

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုသမ္မတ ခေါင်းဆောင်တဲ့အဖွဲ့တို့ လစဉ်တွေ့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တရားမ၀င် ကုန်သွယ်မူကဏ္ဍ၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စ၊ ပို့ကုန်မြှင့် တင်ရေး၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အခြေအနေတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေး ၀န်ကြီး ဦးကျော်ဝင်းက တရားမ၀င် နယ်စပ်ကုန်သွယ်ရေးတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်သလို အဂတိလိုက်စားမူပပျောက်ရေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံရဲ့ ရေခံမြေခံ အနေအထားကို အကျွမ်းမ၀င် တာကြောင့် စီးပွားရေးလုပ်ဖို့ မ၀ံ့မရဲတဲ့ အခြေအနေတွေရှိနေကြောင်း ဒါကြောင့် ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာက စီးပွားရေးသမားတွေ ပူးပေါင်းလုပ်ကိုင်တဲ့ Joint Venture လုပ်ငန်းတွေ အများအပြားလုပ်စေလိုတယ်လို့ ၀န်ကြီး ဦးကျော်ဝင်းက တိုက်တွန်းခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့မှာရှိတဲ့ တံတားကြီး ကိုးစင်းမှာ ဖြတ်သန်းသွား လာတဲ့ယာဉ်တွေကို လာမယ့် ၂၀၁၇ ဧပြီလကစပြီး တံတားကြေးကောက်ယူမှာ မဟုတ်တော့ကြောင်း ဒါပေမဲ့ ဖြတ်သန်းသွားလာတဲ ကားတွေဟာ သတ်မှတ်ထားတဲ့ တန်ပိုထက် ကုန်ပစ္စည်းတင်ရင် ကြီးလေးတဲ့ ဒဏ်ငွေရိုက်မှာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုတိယသမ္မတ တွေ့ဆုံ  စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုတိယသမ္မတ တွေ့ဆုံ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.