တရုတ်တွင် ပြုလုပ်မည့် အစိုးရ ငြိမ်းကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားအဖွဲ့တို့ ဆွေးနွေးပွဲ ပျက်ပြယ်


တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတွင် ယနေ့ (ဒီဇင်ဘာ ၂) ကျင်းပရန် ရည်ရွယ်ထားသည့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် လက်ရှိ တိုက်ပွဲဖြစ်နေ သည့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ဆွေးနွေးပွဲမှာ ပျက်ပြယ်သွားခဲ့သည်ဟု သိရသည်။

လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ ကိုယ်စားလှယ်များသည် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ကူမင်းတွင် ဆွေးနွေးရန် သွားရောက် ခဲ့သော်လည်း ကေအိုင်အေမှအပ ကျန်အဖွဲ့ ၃ ဖွဲ့ကိုသာ ဆွေးနွေး မည်ဟု ဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကူမင်းသို့ သွားရောက်ခဲ့သူ တအာင်းပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA/PSLF မှ အထွေထွေ အတွင်းရေးမှူး တာ့ဖုန်းကျော်က “ဟုတ်ပါတယ်။ ဆွေးနွေးပွဲက မဆွေးနွေးဖြစ်ဘဲ ဒီအတိုင်း ပြန်လာခဲ့တယ်။ ကျွန်တော်တို့က ၄ ဖွဲ့ပေါင်း တွေ့ချင်တယ်။ ဒီနေ့တွေ့ဖို့ သွားတာပဲ။ ၃ ဖွဲ့ပဲ ဆွေးနွေးမယ်ဆိုတာနဲ့ ပြန်လာခဲ့တာ” ဟု The Ladies News သို့ ယနေ့ မွန်းလွဲပိုင်းက ပြောသည်။

ကူမင်းမြို့တွင် ကျင်းပရန် ရည်ရွယ်ခဲ့သည့် ဆွေးနွေးပွဲမှာ တရုတ်အစိုးရမှ ကြားဝင် စီစဉ်ပေးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးဘက် သတ်မှတ်ချက်ဆိုင်ရာ ယခင် မူဝါဒအရ ကေအိုင်အေ ကချင်လွတ်မြောက်ရေး အဖွဲ့မှာ အန်စီအေ နိုင်ငံ လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု စာချုပ်တွင် တိုက်ရိုက် ပါဝင်ခွင့် ပြုထားပြီး၊ ယခု မြောက်ပိုင်း တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည့် အဖွဲ့ ၃ ဖွဲ့  (တအာင်းပလောင် TNLA ၊ အေအေ ရခိုင် နှင့် ကိုးကန့် MNDAA ) တို့မှာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်ရန် ဆန္ဒရှိကြောင်း ကြေညာချက် ထုတ်ပြန်မှသာ ပါဝင်ခွင့်ရမည်ဟု ဆိုထားသဖြင့် ၂၁ ပင်လုံကို တက်ရောက်ခွင့် မရှိခဲ့ပေ။

မကြာခင် စတင်တော့မည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများနှင့် ၂၁ ပင်လုံ ဒုတိယ အကြိမ်တို့တွင် ပါဝင်ခွင့်ရရန် အန်စီအေ လက်မှတ်ထိုးရန် လိုအပ်သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

“KIA ကတော့ တစ်ဖွဲ့ချင်း ဆွေးနွေးဖို့ အစိုးရဆီလည်း တင်ထားတာ ကြာပြီပြောတယ်။ ကျန်တာကတော့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပဲ” ဟု တာဖုန်းကျော်က မှတ်ချက်ပြု ပြောကြားသည်။

The Ladies News
https://www.facebook.com/News.TheLadies/
တရုတ်တွင် ပြုလုပ်မည့် အစိုးရ ငြိမ်းကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားအဖွဲ့တို့ ဆွေးနွေးပွဲ ပျက်ပြယ်  တရုတ်တွင် ပြုလုပ်မည့် အစိုးရ ငြိမ်းကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားအဖွဲ့တို့ ဆွေးနွေးပွဲ ပျက်ပြယ် Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.